ရန်ကုန် ၂၀၁၉ မတ် ၃၁
ပါမောက္ခချုပ်များကော်မတီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး(၁/၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် အဆင့်မြင့်ပညာရေး ကဏ္ဍနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အတွေ့အကြုံနှင့် လုပ်ငန်းကိစ္စများကို ပြန်လည်စိစစ်သုံးသပ်ပြီး အားသာချက်များကို ပိုမိုအားကောင်းလာစေရန်နှင့် အခက်အခဲများ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ပိုမိုတိုးတက်ကောင်းမွန် လာစေရန်အတွက် ဆောင်ရွက်သည့်အစည်းအဝေးဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ပါမောက္ခချုပ်များ ကော်မတီအနေဖြင့် ဖွဲ့စည်းပြီးစီးသည့်အချိန်မှစ၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များကို ဇုန်(၇)ဇုန်ခွဲပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်း ထိရောက်ပွင့်လင်း မြင်သာစွာချပြပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် ပထမအကြိမ် ပါမောက္ခချုပ်များ နှစ်ပတ်လည်ညီလာခံကိုလည်း ကျင်းပခဲ့ပြီး အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲနှင့်အတူ ပါမောက္ခချုပ်များကော်မတီအနေဖြင့် လုပ်ငန်းကော်မတီ(၉)ခု ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ယင်းကော်မတီ(၉)ခု အနေဖြင့် တက္ကသိုလ်များ၏အရည်အသွေး ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် ပူးပေါင်းဆောင်ရွက်ရာတွင် ယခုအချိန်တွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်အားကောင်းစွာ ရှိလာပြီဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့်များ၊ ဘွဲ့သင်တန်းများနှင့်ပတ်သက်သည့် အစီအစဉ်များ၊ သင်ကြား သင်ယူမှုအရည်အသွေး ကောင်းမွန်လာစေရေးဆောင်ရွက်သည့် အစီအစဉ်များ၊ အိုင်စီတီလိုအပ်ချက်များ ဖြည့်ဆည်းရေး၊ အင်္ဂလိပ်စာအရည်အသွေး ကောင်းမွန် မြင့်မားလာစေရေး ဆောင်ရွက်ပေးရန်နှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ သုတေသန လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ကမ္ဘာ့နိုင်ငံများက အပြိုင်အဆိုင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များ၏ အသက်သွေးကြောသည် သုတေသနလုပ်ငန်းများပင် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာကြီး၏ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိထိရောက်မည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှုများကိုလည်း ဆောင်ရွက်ရန် တက္ကသိုလ်များသည် အရေးကြီးပါကြောင်း၊ ယခုကာလများကို ပြန်လည်ကြည့်ပါက သုတေသနစာတမ်းများ ပိုမိုရေးသားလာနိုင်သည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ သို့သော် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိမိတို့တက္ကသိုလ်များသည် မူဝါဒပိုင်းမှစ၍ ဘွဲ့ရလူငယ်မောင်မယ်များကို ပြုစုပြီး အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရန်နှင့် လုပ်ငန်းခွင်တွင် အထောက်အကူပြုသည့် သင်တန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တက္ကသိုလ်ဝင်ခွင့်မှ ဘွဲ့ရလူငယ်များပြုစုပျိုးထောင်ပေးရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန်အရေးကြီးပါကြောင်း၊ မိမိတို့၏ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများကို ညီညီညွတ်ညွတ် ပူးပေါင်းပြီး မလျော့သောဇွဲလုံ့လဖြင့် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌဌ ဒေါက်တာမျိုးကြွယ်က အမှာစကား ပြောကြားပြီး ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌဌ ဒေါက်တာဇော်ဝေစိုးက ပါမောက္ခချုပ်များ ကော်မတီ၏ဒုတိယအကြိမ် နှစ်ပတ်လည် ညီလာခံကျင်းပရန် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။ ထို့နောက် လုပ်ငန်းကော်မတီ(၉)ခုမှ ဥက္ကဋ္ဌဌများက လုပ်ငန်းကော်မတီအလိုက် ဒုတိယအကြိမ် နှစ်ပတ်လည်ညီလာခံအတွက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးသည်။ ဆက်လက်၍ အထူးပြုပညာရပ်အဖွဲ့(၈)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက ဒုတိယအကြိမ် နှစ်ပတ်လည်ညီလာခံအတွက် ဆွေးနွေးဆောင်ရွက်မည့် ကြိုတင်ပြင်ဆင်မှုများအား ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌဌ ဒေါက်တာဇော်ဝေစိုးက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment