Tuesday, April 9, 2019

ပဲခူး၊ မွန်နှင့် မကွေးတို့တွင်(၂)နှစ်တာ၀န်ထမ်းဆောင်မည့် အမေရိကန် စေတနာ့၀န်ထမ်းများ (Peace Corps Volunteers) ကျမ်းသစ္စာကျိန်ဆိုခြင်း ကတိသစ္စာပြု အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၂)နှစ် တာ၀န်ထမ်းဆောင်မည့် အမေရိကန်စေတနာ့၀န်ထမ်းများ (Peace Corps Volunteers) ကျမ်းသစ္စာ ကျိန်ဆိုခြင်း ကတိသစ္စာပြုအခမ်းအနားကို ၅၊ ၄၊ ၂၀၁၉ ရက်နေ့ နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့ (Summit Parkview Hotel) ဆန်းမစ်ပါခ့်ဗျူးဟိုတယ်ရှိ ခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ အမေရိကန်သံရုံး၊ သံအမတ်ကြီး စကော့မာစီရယ်လ်နှင့် တာ၀န်ရှိသူများ၊ ပညာရေး၀န်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးချုပ်များ၊ အမေရိကန်စေတနာ့၀န်ထမ်း(Peace Corps Volunteers) များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အမေရိကန်စေတနာ့၀န်ထမ်း (Peace Corps Volunteers)များက အမေရိကန်နှင့် မြန်မာနိုင်ငံတော် သီချင်းများကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် စီမံကိန်းနှင့်လေ့ကျင့်သင်ကြားရေးဒါရိုက်တာ အက်ဂနက်စ်လမ်(Agnes Lam)၊ လေ့ကျင့်သင်ကြားရေးမန်နေဂျာ ဦးစိုးစံ တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြော၍ ပိစ်ကော မြန်မာနိုင်ငံတာ၀န်ခံ ပမ်မလာမာတင်(Pamela Martin,Country Director,Peace Corps) က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အမေရိကန်သံရုံး၊ သံအမတ်ကြီး စကော့မာစီရယ်လ် (Scot Marciel, U.S. Ambassador, U.S. Embassy)က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများတွင် လူထုနှင့်အနီးကပ်ထိတွေ့၍ အင်္ဂလိပ်ကျွမ်းကျင်မှုအတွက် (၂)နှစ်ကြာလေ့ကျင့်သင်ကြားပေးမည့် အမေရိကန်ပြည်ထောင်စုမှ စေတနာ့၀န်ထမ်း (Peace Corps Volunteers)များအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများတွင် Peace Corps အဖွဲ့ကြီး၏ ပူးပေါင်းပါ၀င်မှုကို ကျေးဇူးတင်ဂုဏ်ယူ၀မ်းမြောက်ပါကြောင်း၊ ပညာရေး၀န်ကြီးဌာအနေဖြင့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား တစ်သက်တာသင်ယူလေ့လာပြီး အနာဂတ်ကမ္ဘာအတွက် ကောင်းကျိုးများ ဆောင်ကြဉ်းပေးနိုင်မည့်သူများဖြစ်စေရန် ဆောင်ရွက်လျက်ရှိရာ Peace Corps ၏ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးဟူသော မျှော်မှန်းချက်နှင့် ကိုက်ညီသောကြောင့် အတူပူးပေါင်းလက်တွဲဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ ယင်းနောက် ပိစ်ကောစေတနာ့၀န်ထမ်းများက “ကျွန်ုပ်သည်မြန်မာနိုင်ငံသားများနှင့် အတူယှဉ်တွဲပြီးတာ၀န်ထမ်းဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့မှ ပြည်သူလူထုနှစ်ရပ်အကြား ငြိမ်းချမ်းရေးနှင့် ရင်းနှီးချစ်ကြည်မှုပေါင်းကူး တည်ဆောက်ရာတွင် ပါ၀င်ကူညီရန် ကတိပြုပါသည်။ ကျွန်ုပ်သည် နှစ်နိုင်ငံယဉ်ကျေးမှုအကြား နားလည်မှုကို ပြုစုပျိုးထောင်ရာတွင် လေးစားမှု၊ သတိရှိမှုတို့ဖြင့် လုပ်ဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ်သည် ဆောင်ရွက်ရမည့်တာ၀န်များကို သည်းခံခြင်း၊ နှိမ့်ချရိုကျိုးခြင်းနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ထမ်းဆောင်သွားရန်ကတိပြုပါသည်။ ကျွန်ုပ်သည် Peace Corps စေတနာ့၀န်ထမ်းတစ်ဦးအနေဖြင့် Peace Corps ၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာသမိုင်းကြောင်းကို ဦးထိပ်ထားပြီး ဂုဏ်သိက္ခာရှိမှု၊ တာ၀န်သိမှုအစရှိသော အမြင့်မားဆုံးစံနှုန်းများဖြင့် ထမ်းဆောင်သွားရန် ကတိပြုပါသည်။’’ဟု စေတနာ့ ၀န်ထမ်းကတိသစ္စာပြုကြသည်။ ပိစ်ကော စေတနာ့၀န်ထမ်းများကိုယ်စား တိုင်လာရှူးစတားရှချ့်(စ်) (Tyler Shustarich), အန်နာဖစ်ရှာ(Anna Fisher)တို့က စေတနာ့၀န်ထမ်းသုံးသပ်ချက်(Volunteer Reflections) များပြောကြားသည်။ ယင်းနောက် ပိစ်ကော စေတနာ့၀န်ထမ်းများက သင်္ကြန်အကဖြင့် ကပြဖျော်ဖြေကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလိပ်ဘာသာစကား သင်ကြားပေးရန်အတွက် အမေရိကန် Peace Corps အဖွဲ့မှ ပထမအကြိမ်အနေဖြင့် စေတနာ့၀န်ထမ်း(၆)ဦး လာရောက်ခဲ့ ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် ဒုတိယအကြိမ်အဖြစ် (၁၆)ဦး လာရောက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်းတိုင်းဒေသကြီးတို့တွင် အမေရိကန်စေတနာ့၀န်ထမ်း ဆရာ ဆရာမများ လာရောက်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် အင်္ဂလိပ်စာ သင်ကြားပေးရန်အတွက် အမေရိကန် စေတနာ့၀န်ထမ်း ဆရာ ဆရာမ (၃၂)ဦးအား တာ၀န်မထမ်းဆောင်မီ မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများကို လုပ်ငန်းခွင်ကြို လေးလတာ သင်တန်းပို့ချပေးခဲ့သည်။ ပညာရေး၀န်ကြီးဌာနနှင့် အမေရိကန်စေတနာ့၀န်ထမ်း Peace Corps အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများကို အရည်အသွေးမီ အင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချရေး၊ ပညာရေးအဆင့်အတန်းမြှင့်တင်ရေး၊ ဆရာဆရာမများ၏ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်ထောင်စု၀န်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၏ တတိယတန်းသင်ရိုးသစ် တိုင်းဒေသကြီးအဆင့် သင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက် ၈:၃၀ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်း၌ ကျင်းပသည့် ပါမောက္ခချုပ်များကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည်ညီလာခံ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝါ ဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြားပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စု၀န်ကြီးသည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်သော အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေးသင်တန်းသို့ ရောက်ရှိပြီး သင်တန်းသား သင်တန်းသူများအား “Survey of Improvements and Challenges in Basic Education” ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချသည်။ ယင်းနောက် သင်တန်းသား သင်တန်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်းတို့က ပြန်လည်ဆွေးနွေးဖြေကြားကြကြောင်း သတင်းရရှိသည်။



No comments:

Post a Comment