နေပြည်တော် ၂၀၁၉ ဧပြီ ၁၁
နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍတွင် သက်ဆိုင်ရာဌာန အသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို TV Program ရိုက်ကူးနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာအသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များမှ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အထွေထွေ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံပုဂ္ဂလိက နည်းပညာနှင့်သက်မွေးပညာသင်ကျောင်းလုပ်ငန်းရှင် များအသင်း (MPTA)တို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။ ရှေးဦးစွာ ပညာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကား ပြောကြားရာတွင် နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာဌာနအသီးသီးနှင့် ပုဂ္ဂလိကတို့မှ အကောင်အထည်ဖော်ဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် စကားဝိုင်း ဆွေးနွေးပွဲပုံသဏ္ဌာန်ပြုလုပ်၍ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်သွားရန်၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍအား တာဝန်ယူလျက်ရှိသည့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများရှိ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးအစီအစဉ် များဆောင်ရွက်လျက်ရှိသော ဦးစီးဌာနများနှင့်ညှိနှိုင်းပြီး TV Program ရိုက်ကူးရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲစကားဝိုင်းများ၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး ဆောင်ရွက်လျက်ရှိသော သိပ္ပံ၊ ကျောင်း၊ သင်တန်းကျောင်းများ၏ ဆောင်ရွက်နေမှု မှတ်တမ်းများ၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးသင်တန်းအသီးသီးမှ ပြီးဆုံး၍ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်နေမှုများအား အလုပ်ရှင်၊ သင်တန်းသားများနှင့် အင်တာဗျူပုံစံများကို သက်ဆိုင်ရာဝန်ကြီးဌာနများရှိ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိသော ဦးစီးဌာနများနှင့် TV Program များရိုက်ကူးသွားရန်လျာထားကြောင်း၊ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသော နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးသင်တန်းဆိုင်ရာ အချက်အလက်များ ကောက်ယူမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပေးစေလိုကြောင်း၊ ထပ်မံဖြည့်စွက်သင့်သည့် အသေးစိတ်အချက်အလက်များကိုလည်း ဆွေးနွေးပေးစေလိုကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်း စသည် ဖြင့် ပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍတွင် သက်ဆိုင်ရာဌာနအသီးသီးမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ TV Program ရိုက်ကူးဆောင်ရွက်မည့်အစီအစဉ်များ၊ လက်ရှိဆောင်ရွက်နေသော နည်းပညာနှင့်သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးသင်တန်းဆိုင်ရာ အချက်အလက်များ ကောက်ယူမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment