ပူတာအို ၂၀၁၉ မတ် ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းခန်းမ၌ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံသည်။ ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက် တန်းကျောင်း(ပူတာအို)မှ ကျောင်းအုပ်ကြီး ဦးမောင်မောင်သန်းက ကျောင်းများ၏ ဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား၊ သင်ကြားသင်ယူမှု အခြေအနေများနှင့် ကာလတို သင်တန်းများ လေ့ကျင့် သင်ကြား ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် အမျိုးသားပညာရေး မဟာဗျူ ဟာစီမံကိန်း ၂၀၁၆-၂၀၂၁ အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ နည်းပညာနှင့် အသက်မွေးပညာကဏ္ဍတွင် မဟာဗျူဟာ (၃)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရပ်များကို သင်ယူလိုသူတိုင်း သင်ယူနိုင်သည့် အခွင့်အလမ်းများ တိုးချဲ့ဆောင်ရွက်လျက် ရှိပါကြောင်း။ ယင်းကဲ့သို့ တိုးချဲ့ဆောင်ရွက်ရာတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ပုံမှန်သင်တန်းများနှင့် ကာလတိုသင်တန်းများကိုပါ တိုးချဲ့ဖွင့်လှစ်ရမည် ဖြစ်ပါကြောင်း၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးသင်တန်းများအဖြင့် Auto Mobile ကားပြင် သင်တန်းများ၊ လယ်ယာသုံး စက်ကိရိယာပြုပြင် ထိန်းသိမ်းရေး သင်တန်းများ၊ ပန်းရံ၊ လက်သမားကဲ့သို့သော အဆောက်အဦနှင့် ပတ်သက်သည့် သက်မွေးပညာ သင်တန်းများ၊ ဂဟေဆက်သင် တန်းများ၊ ချောင်းမြောင်း ပေါများသည့် ဒေသဖြစ်သည့် အတွက် ရေအား လျှပ်စစ်ထုတ်လုပ်ရာတွင် အသုံးပြုသော တာဘိုင် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ သင်တန်း များ၊ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှု သင်တန်းများ အပြင် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည် အရည်အသွေးမြင့်မားလာစေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ ဆရာ၊ ဆရာမများ အနေဖြင့် သင်ကြားမှု၊ သင်ယူမှု နည်းလမ်းများအပြင် လက်တွေ့ လေ့ကျင့်သင်ကြား ပေးရာတွင်လည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ ဆရာဆရာများ၏ အရည်အသွေး မြင့်မားမှသာလျှင် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေး တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ အင်္ဂလိပ်စာ အရည်အသွေးနှင့် ICT အသုံးပြုမှု အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် မွမ်းမံသင်တန်းများ စဉ်ဆက်မပြတ် တက်ရောက်သင်ကြားရမည် ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှု အခန်းကဏ္ဍတွင် တာဝန်ယူ ဆောင်ရွက်နေသော ဝန်ထမ်းများ၏ အရည်အသွေးသည်လည်း အရေးကြီး ပါကြောင်း၊ ၎င်းတို့၏ အရည်အသွေးများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း မှာကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် ဌာနမှူးနှင့် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေမျိုးထွန်းက တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်း ပညာ အထက်တန်းကျောင်းများ၏ အလုပ်ရုံနှင့် စာသင်ခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
No comments:
Post a Comment