ရန်ကုန် ၂၀၁၉ မတ် ၁၁
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများလိုက်ပါလျက် မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ရောက်ရှိကြသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိသူများသည် လေးကေ့ကော်ငြိမ်းချမ်းရေးကျေးရွာရှိ “ဒူပလာ”ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၄၆)ဦး တည်းခိုနေသည့် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “SAW” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၁၉)ဦး တည်းခိုနေသည့် မြ၀တီမြို့ အမှတ်(၅)ရပ်ကွက် မြ၀တီ မူလတန်း လွန်ကျောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “ဆာသူးလေ” ပညာသင်ကျောင်း မှ ကျောင်းသား ကျောင်းသူ(၆၄)ဦး တည်းခိုနေသည့် မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် မဟာစည် ဘုန်းတော်ကြီးကျောင်းနှင့် ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ကြားသော “သွေးသစ်” ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၅၄)ဦး တည်းခိုနေသည့် မြ၀တီမြို့ မိကျောင်းကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအား အားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသား ကျောင်းသူများအတွက် ခေါက်ဆွဲခြောက်ထုပ် (၅၁၀)ထုပ်ပေးအပ်ခဲ့သည်။ ယမန်နှစ် တက္ကသိုလ်၀င်စာမေးပွဲသို့ “ဆာသူးလေ”ပညာသင်ကျောင်းမှ(၄၈)ဦး၊ “SAW” ပညာသင် ကျောင်းမှ(၁၉)ဦး၊ “သွေးသစ်” ပညာသင်ကျောင်းမှ (၅၄)ဦး စုစုပေါင်း (၁၂၁) ဦး ၀င်ရောက်ဖြေဆိုခဲ့ကြပြီး (၂၅) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာ၀န်ရှိသူများသည် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဘားအံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကော့ကျိုက်) စာစစ်ဌာနများသို့လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းနှင့် ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မုတ္တမ) စာစစ်ဌာနများသို့လည်းကောင်း သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုနေမှုများနှင့် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ၏ စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။ ကရင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်၀င်တန်း စာမေးပွဲ၀င်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၀၇၃၀) ဦးရှိပြီး မွန်ပြည်နယ်တွင် တက္ကသိုလ်၀င်တန်း စာမေးပွဲ၀င်ရောက်ဖြေဆိုသူ စုစုပေါင်း(၃၀၅၇၉) ဦးရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment