Wednesday, July 31, 2019

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး၏ Head of Cooperation Dr. Katharina Spiess နှင့်တွေ့ဆုံ

နေပြည်တော် ၂၀၁၉ ဇူလိုင် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် ၂-၇-၂၀၁၉ နံနက် ၁၁:၃၀ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး၏ Head of Cooperation Dr. Katharina
Spiess နှင့်တွေ့ဆုံခဲ့သည်။






Monday, July 29, 2019

ပြည်ထောင်စုဝန်ကြီး University Management System ပေးအပ်လှူဒါန်းခြင်း အခမ်းအနားနှင့် Sakura – Insein Technical Course, Batch(7) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ရန်ကုန် ၂၀၁၉ ဇူလိုင် ၂၇
တက္ကသိုလ်များအတွက် လိုအပ်သော ကျောင်းသားရေးရာစီမံခန့်ခွဲမှုများ လျင်မြန်လွယ်ကူသက်သာစေရန်အတွက် အိုင်တီနည်းပညာဖြင့် မြန်မာနိုင်ငံ၏ပညာရေးအဆင့်အတန်း မြင့်မားစေရန်ရည်ရွယ်၍ Blue Ocean Investment Limited မှ ရန်ကုန်ပညာရေးတက္ကသိုလ်သို့ပေးအပ်လှူဒါန်းသည့် University Management System ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ ကိုပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ကျောင်းသားရေး ရာနှင့် သင်တန်းရေးရာလုပ်ငန်းများဖြစ်သည့် ကျောင်းအပ်နှံခြင်း၊ ကျောင်းဝင်ခွင့်လျှောက်ထားခြင်း၊ ကျောင်း လခပေးသွင်းခြင်း၊ အတန်းတက်ရောက်မှုအခြေအနေ၊ လှုပ်ရှားဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များ နှင့် စီမံခန့်ခွဲမှုများကို လွယ်ကူလျင်မြန်စွာ သိရှိဆောင်ရွက်နိုင်စေရန်လည်းကောင်း၊ ကျောင်းသား ကျောင်းသူ များအချင်းချင်းပူးပေါင်းဆက်သွယ်ရန်နှင့် သင်ကြားသင်ယူရာတွင် နည်းပညာကိုအကျိုးရှိထိရောက်စွာ အသုံးချ နိုင်ရန်လည်းကောင်း ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုအခါ တက္ကသိုလ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စီမံခန့်ခွဲရာတွင် ပိုမိုအဆင် ပြေစေရန် Blue Ocean Investment Limited ၏နည်းပညာလှူဒါန်းမှုဖြင့် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်များတွင် University Management System ကို စတင်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းသားရေးရာနှင့် သင်တန်းရေးရာလုပ်ငန်းများကို ပိုမိုလွယ်ကူစွာ အချိန်ကုန်သက်သာစွာဖြင့် စနစ်တကျဆောင်ရွက်နိုင်ကြမည်ဖြစ် ပါကြောင်း၊ လိုအပ်ချက် များကို ဆရာ ဆရာမများနှင့်ပူးပေါင်းဖြေရှင်းပြီး သင်ကြားသင်ယူရာတွင် အိုင်တီနည်းပညာကို ပိုမိုကောင်းမွန် စွာ အသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ နည်းပညာကိုအသုံးပြုရာတွင် ကျောင်းသား ကျောင်းသူများ၏အချက် အလက်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များ လုံခြုံမှုရှိရန် အရေးကြီးပါကြောင်း၊ နည်းပညာကိုအကျိုးရှိစွာ အသုံးပြု၍ တက္ကသိုလ်၏ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူ ဖြစ်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လှူဒါန်းကြသည့် အလှူရှင်များကိုလည်း ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အမှာစကားပြောကြား ပြီး Blue Ocean Investment Limited မှ Chairman ဖြစ်သူ ဦးထွန်းထွန်းနိုင်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာပြုံးပြုံးအောင်က ကျေးဇူး တင်စကားပြောကြားပြီး Ed Tech Myanmar မှ CEO ဦးဘုန်းပြည့်ဦးက University Management System မှ ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အင်းစိန်မြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)၌ ကျင်းပသည့် “ပညာရေးဝန်ကြီးဌာနနှင့် ဂျီတီအိုင် ကျောင်းသား ဟောင်းများ အသင်းတို့ ပူးပေါင်းဖွင့်လှစ်သော Sakura – Insein Technical Course လျှပ်စစ်နည်းပညာသင်တန်း အမှတ်(၇) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနသည် အသက်မွေးဝမ်းကျောင်းပညာရပ် များသင်ကြားရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ နည်းပညာ တက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများသာမက မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သက်မွေးပညာ သင်တန်းများဖွင့်လှစ်နိုင်ရန် အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက် တန်းကျောင်းများ၏ နည်းပညာကျွမ်းကျင်မှုပြိုင်ပွဲများကို အင်းစိန်ဂျီတီအိုင်တွင် နှစ်ကြိမ်တိုင်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိရေးသည် အရေးကြီးသကဲ့သို့ လျှပ်စစ်ဓာတ်အားလိုင်းများကို စနစ်တကျအန္တရာယ်ကင်းစွာ ဆက်သွယ်ရေးလုပ်ငန်းသည်လည်း အရေးကြီးပါကြောင်း၊ ယခု ဖွင့်လှစ်သော သင်တန်းများသည် နိုင်ငံတကာအဆင့်မီ နည်းစနစ်နှင့်ကျွမ်းကျင်မှု ရရှိစေသည့် လျှပ်စစ်ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများဖြစ်သည့်အတွက် နိုင်ငံတော်အတွက်များစွာ အထောက်အပံ့ဖြစ်စေပါကြောင်း၊ ဂျီတီအိုင် ကျောင်းသားဟောင်းများအသင်းအနေဖြင့်လည်း ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ သက်မွေးနည်းပညာသင်တန်းများ ဆက်လက်ဖွင့်လှစ်စေလိုပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် AGTI Society ဥက္ကဋ္ဌ ဦးငြိမ်းအောင် တို့က မှာစကားပြောကြားပြီး သင်တန်းသားများက သင်တန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြသည်။
ယင်းနောက် AGTI Society ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းအောင် လက်မှတ်များပေးအပ်ခြင်း၊ ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းနှင့် Full Attendance လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းအတွက် ပံ့ပိုးကူညီခဲ့ကြသူများအား ဂုဏ်ပြု မှတ်တမ်းများပြန်လည်ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။








ကျောင်း(၁၆)ကျောင်း၏ စာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ၂၀၁၉ ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ဖွင့်လှစ်သော ကျောင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ ကျောင်း(၁၆)ကျောင်း၏ စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေနှင့် မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ရှိပြီးသော ကျောင်းစာကြည့်တိုက်များ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရန်၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအပါအဝင် ကျောင်းစာကြည့်တိုက်များကို အသုံးချလျက် ကိုယ့်အားကိုယ်ကိုးပြီး အသိပညာ၊ တွေးခေါ်မှုကောင်းလာစေမှုအတွက် ပညာရှာတတ်စေရန်၊ ကျောင်းသားလူငယ်များ အားလပ်ချိန်ကို တန်ဖိုးရှိစွာ အကောင်းဆုံးအသုံးချတတ်စေရန်၊ ကျောင်းစာကြည့်တိုက် အသုံးချခြင်းမှ တတ်သိပညာဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပါဝင်မည့် ပညာတတ်များပေါ်ပေါက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာကြည့် တိုက်အသင်းတို့ပူးပေါင်း၍ “စာဖတ်ကြစို့” အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအခြေစိုက် Room to Read အဖွဲ့၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ Max Power Co.Ltd.; တို့မှ MBAPE အဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၉ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းစုစုပေါင်း(၃၃)ကျောင်းတွင် စာကြည့်တိုက်များ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MBAPF အဖွဲ့တို့ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျောင်း(၁၆)ကျောင်းဖြစ်သည့် အထက(ခွဲ) မင်္ဂလာဒုံ၊ အထက (ကျူတော)ထန်းတပင်၊ မူလွန်(၂၄)ဒဂုံ (မြောက်)၊ အထက(၃) မင်္ဂလာတောင်ညွန့်၊ အထက(စိုက်မွေး) ဒဂုံ(တောင်ပိုင်း)၊ အထက(၂)သန်လျင်၊ အထက(ကော့မှူး)၊ အထက(၁)ခရမ်း၊ အထက(၁)သုံးခွ၊ အထက (၆)ဗိုလ်တစ်ထောင်၊ အထက (ထန်းမနိုင်)ကော့မှူး၊ အလက(၁)ဒဂုံ၊ အထက(၁)လသာ၊ အထက(၁) မရမ်းကုန်း၊ အထက(၁)ရန်ကင်း၊ အလကခွဲ(၁၈)သာကေတ တို့တွင် စာကြည့်တိုက်အခန်း (သို့မဟုတ်) အဆောင်အား ဥပဓိရုပ်ကောင်းမွန်စေရန် ပြင်ဆင်ပြီး စာကြည့်များဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ စာအုပ်အမျိုးအစားမျိုးစုံ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ စားပွဲဝိုင်းများ၊ စာအုပ်စင်များ စသည့် ပရိဘောဂများ ဖြည့်ဆည်းပေးခြင်းနှင့် ကျောင်းများရှိ ဆရာ ဆရာမများအား စာကြည့်တိုက်ပညာ သင်တန်းများ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် အလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စာကြည့်တိုက်များ အားပံ့ပိုးကူညီပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းက စာကြည့်တိုက်များ ပြင်ဆင်ဆောင်ရွက်ပေးခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တတိယတန်း ကျောင်းသား ကျောင်းသူများက “ပညာဝတ်ရည်စုကြဖို့ စာကြည့်တိုက်ကို သွားကြစို့” ပြဇာတ်ဖြင့် လည်းကောင်း၊ ဆဋ္ဌမတန်းကျောင်းသား ကျောင်းသူများက “လ(၁)ဒဂုံ မောင်မယ် သံချပ်”ဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေတို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည့် အခြေခံပညာကျောင်း(၁၆)ကျောင်း၏ စာကြည့်တိုက်များအတွက် စာကြည့်တိုက်သုံး စာအုပ်စာပေများအား လက်ခံခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ကြီးများကိုယ်စား ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းဆက်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။










ကျောင်းပြင်ပ ပညာရေး အရောက်သင် အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေး မိတ်ဆက်အစီအစဉ် အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၉ ဇူလိုင် ၂၈
ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်တို့ပူးပေါင်းဆောင်ရွက်သည့် ကျောင်းပြင်ပ ပညာရေး အရောက်သင် အသက်မွေးဝမ်းကျောင်းပညာသင်ကြားရေး မိတ်ဆက်အစီ အစဉ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ သိမ်ကျောင်း ဝန်ထမ်းအိမ်ယာ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းတက်ပညာသင်ယူခြင်းကိုသာ အားပေးလိုပါကြောင်း နှင့် ကျောင်းမထွက်ကြစေလိုကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များကို စနစ်တကျအသုံးပြုကြ၍ Grade-3 တက်ရောက်ပြီးပါက စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ရန် အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူ ကလေးငယ် များအနေဖြင့် အိမ်စာမှန်မှန်လုပ်ရန်လိုအပ်ပြီး လိမ်လိမ်မာမာနှင့် မိဘကိုကူညီကြရမည်ဖြစ်ပါ ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီရိုင်းပင်းကြရမည်ဖြစ်ပြီး မိမိတို့၏အလုပ်ကို အကောင်းဆုံးကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူလတန်းပညာသင်ယူပြီးမြောက်ပါက အလယ်တန်းပညာဆက်လက်သင်ယူ ရမည်ဖြစ်ပြီး အလယ်တန်းပညာသင်ယူပြီးမြောက်ပါက အထက်တန်းပညာ ဆက်လက်သင်ယူရမည်ဖြစ်ပါ ကြောင်း၊ အထက်တန်းပညာ သင်ယူပြီးမြောက်ပါက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို ဆက်လက်လေ့ကျင့်၍ တစ်သက်တာသင်ယူမှုအခွင့်အလမ်း များကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အလှူရှင်များကပံ့ပိုးပေးသည့် ကျောပိုး လွယ်အိတ်များ၊ ဗလာစာအုပ်များနှင့် ခဲတံများကို ကျောင်းသား ကျောင်းသူများ အားပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ သိမ်ကျောင်း ဝန်ထမ်းအိမ်ယာ၌ အိမ်ထောင်စု(၉၀)ခန့် နေထိုင်ကြပြီး KG တန်းမှ တက္ကသိုလ် ဝင်တန်းအထိ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ စုစုပေါင်း(၉၅)ဦး ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)၌ ဆောက်လုပ်လျက်ရှိသည့် စက်မှုလက်မှုသိပ္ပံကျောင်းများ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းခွင်လုံခြုံမှုရှိရေးနှင့် အရည်အသွေး ကောင်းမွန် ရေး၊ အချိန်မီတည်ဆောက်ပြီးစီးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုမည့် သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး စသည်တို့အားမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။









ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

ရန်ကုန် ၂၀၁၉ ဇူလိုင် ၂၆
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရန်ကုန် ၂၀၁၉ ဇူလိုင် ၂၆
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားပညာရေး ဥပဒေ ပုဒ်မ ၂၆ အရ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့်သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးရမည်ဟု ဖော်ပြထားပါသဖြင့် ထိုသို့ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေးကို ဦးတည်ရန်အတွက် တက္ကသိုလ် စီမံအုပ်ချုပ်မှု၊ ဖွဲ့စည်းပုံ (Governance, organization of universities)၊ သင်ရိုးညွှန်းတမ်း၊ သင်တန်းနှင့် သင်ကြားသင်ယူမှု နည်းလမ်း(Curriculum, program design and teaching methods)၊ သုတေသနနှင့် သုတေသနဂျာနယ်ထုတ်ဝေခြင်း(Research and publications)၊ တက္ကသိုလ်တွင်း အရည် အသွေးအာမခံမှုနှင့် ပညာရပ်ဆိုင်ရာ စံသတ်မှတ်ချက်(Quality assurance and academic standards)၊ ကျောင်းသားနှင့် သက်ဆိုင်သော ကိစ္စရပ်များ (Student-related issues)၊ ဆရာ၊ ဝန်ထမ်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များ(Staff-related issues)၊ ဘဏ္ဍာရေးနှင့်စီမံခန့်ခွဲမှု(Finance and administer ation)၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု(Issues related to internationalization)များကို ဦးတည်၍ တက္ကသိုလ်စံ သတ်မှတ်ချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ညီညီညွတ်ညွတ်ဖြင့် နိုင်ငံ၏ဂုဏ်ဆောင် တက္ကသိုလ်တစ်ခုအဖြစ် သတ်မှတ်ခံနိုင်ရန် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရည်ရှိသော ဘွဲ့ရလူငယ် မောင်မယ်များ၊ တစ်သက်တာ သင်ယူသူများ ပြုစုပျိုးထောင်ရေးကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့်နည်းပညာ တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်များနှင့် မန္တလေးတက္ကသိုလ် အစုအဖွဲ့တက္ကသိုလ်များကို အမျိုးသားပညာရေးဥပဒေအရ လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးနိုင်ရေး ဦးတည်အကောင်အထည်ဖော်မှုကို အားပေးမြှင့်တင်ရန် လိုအပ်သော ဖြည့်ဆည်းပံ့ပိုးမှုများ၊ အခက်အခဲများကို အတူပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးလိုကြောင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးတွင်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြု ရငွေသုံးငွေအတွက်လည်း တက္ကသိုလ်များက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် သွားရောက်ပြီး လိုအပ်ချက်များ တင်ပြဆောင်ရွက်ခြင်းကို အားပေးဆောင်ရွက်လျက်ရှိသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်လည်း ယခုမှစ၍ တက္ကသိုလ်ပဋိညာဉ် စာတမ်းနှင့်အညီ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ် မောင်မယ်များ၊ တစ်သက်တာသင်ယူသူများ ပြုစုပျိုးထောင်ပြီး နိုင်ငံ၏ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန်အတွက် လိုအပ်ချက်များ၊ အခက်အခဲများကို ဖြေရှင်းဖြည့်ဆည်းနိုင်ရေး စီမံကိန်းများပြုစုရန်နှင့် ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ အကျိုးရှိထိရောက်စွာ စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး စီစဉ်ရန် လိုအပ်ပါကြောင်း၊ စီမံခန့်ခွဲရေးအတွက်လည်း မွမ်းမံသင်တန်းများပေးပြီး ဆောင်ရွက်ရန် အရေးကြီး ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း မူဝါဒချမှတ်ဆောင်ရွက်၍ ကျောင်းသား ဖလှယ်ခြင်း၊ ဆရာဖလှယ်ခြင်း၊ သုတေသနပူးပေါင်းဆောင်ရွက်ခြင်း၊ သုတေသန စာတမ်းဖတ်ကြားခြင်း၊ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်း ရေးသားခြင်းများအတွက် အားပေးဆောင်ရွက်လျက်ရှိပါ ကြောင်းပြောကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က အမှာစကားပြောကြားရာတွင် ကော်မရှင်သည် ပညာရေးဝန်ကြီးဌာန၊ ပါမောက္ခချုပ်များကော်မတီတို့နှင့် ပူးပေါင်း၍ ပညာရေးမူအားလုံးကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း တက္ကသိုလ်များ၏အဆင့်အတန်းကို မြှင့်တင်နိုင်ရန်မှာ တက္ကသိုလ်၏ Brand ကို ထိန်းရန်လိုကြောင်း၊ မိမိတက္ကသိုလ်၏လိုအပ်သော Structure ကို မိမိကိုယ်တိုင် ဖန်တီးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရနိုင်သော နိုင်ငံအကျိုးပြုဘာသာရပ်များကို ဖန်တီးရန်လိုကြောင်း (ဥပမာ- ခရီးသွားလုပ်ငန်းဘာသာရပ်) သုတေသနလုပ်ရန်လည်း အရေးကြီးကြောင်း ပြောကြားသည်။ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ယနေ့အတွေ့အကြုံရှင်းလင်းပွဲတွင် တက္ကသိုလ်အလိုက် ဖွဲ့စည်းပုံများ၊ ဘတ်ဂျက်များကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ခွင့်ပြုရရှိသည်အထိ စောင့်ဆိုင်းနေရန်မဟုတ်ဘဲ လုပ်ငန်းစီမံချက်များကို ချက်ခြင်းရေးဆွဲရန်လိုအပ်ပြီး ရှေ့သို့သွားနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ခွင့်ပြုချက်ရရှိသည်နှင့်တစ်ပြိုင်တည်း ချက်ချင်းအကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် အခက်အခဲများရှိသော်လည်း တတ်နိုင်သမျှ အနစ်နာခံပြီးလုပ်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ရန်ကုန်တက္ကသိုလ်များအစုအဖွဲ့အနေဖြင့် ပူးပေါင်းလုပ်ဆောင်ပါက တက္ကသိုလ်၏ Ranking သည် အလိုလိုတက် လာမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက “Teaching for Tomorrow”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာကျော်စွာစိုးက “Effect of Digitalization on Higher Education”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)မှ ပါမောက္ခချုပ် ဒေါက်တာထင်ဇော်စိုးက “Internationalization”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက “University link for Industry Engagement” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက “Comprehensive University”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က “Internal Quality Assurance” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “Research Capacity Building in Universities”ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရရှိချက်အား ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က “Industrial Revolution(IR 4.0)” နှင့် “School Industry Partnership” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။ ယင်းနောက် အတွေ့အကြုံရှင်းလင်းပွဲတက်ရောက်လာကြသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ဇူလိုင်လ (၂၆)ရက်နှင့် (၂၇)ရက် နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။






Friday, July 26, 2019

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၁၉ ဇူလိုင် ၂၅

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၅၊၇၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးရုံးများမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ)၊ ဒုတိယညွှန်ကြားရေးမှူး (စီမံကိန်းများကြီးကြပ် အကဲဖြတ်)များ၊ ခရိုင်ပညာရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ သူငယ်တန်း (KG) သင်ရိုးသစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် (Grade-1) ပထမတန်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် (Grade-2) ဒုတိယတန်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် (Grade-3) တတိယတန်းနှင့် (Grade-6) ဆဋ္ဌမတန်း သင်ရိုးသစ်အတန်းများကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင်လည်း (Grade-4) စတုတ္ထတန်း၊ (Grade-7) သတ္တမတန်းနှင့် (Grade-10)ဒဿမတန်း သင်ရိုးသစ်အတန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများ၊ ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူများ သာမက ပြည်သူလူထုအားလုံးကို အဆင့်ဆင့်ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်မည့် သင်ရိုးသစ်၊ စစ်ဆေးအကဲဖြတ်ခြင်း၊ Completion Certificate များနှင့်ပတ်သက်၍ နားလည်သဘောပေါက်စေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆွေးနွေးပြောကြားပေးဖို့ လိုအပ်ပါကြောင်း၊ သင်ရိုးသစ်များတွင် ၂၁ ရာစု ပညာရေးအရည်အသွေးရရှိအောင် ကျောင်းသားဗဟိုပြုချဉ်းကပ်နည်းများကို အသုံးပြုနိုင်ရန် စီစဉ်ထားသဖြင့် ကျောင်းသား ကျောင်းသူအားလုံး ကိုယ်တိုင်ပါဝင်ခွင့်ရခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ တီထွင်ဖန်တီးတတ်လာခြင်း၊ တစ်ဦးချင်းစီ၏ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားလာခြင်း အကျိုးကျေးဇူးများရရှိ မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအတွက်လည်း ဘာသာရပ်အလိုက် ဆရာလမ်းညွှန်များကို ပြည့်စုံစွာပြုစု ရိုက်နှိပ်ဖြန့်ဝေထားသည့်အတွက် ဆရာလမ်းညွှန်ပါ နည်းလမ်းများ၊ သင်ကြားသင်ယူနည်းလမ်းသစ်များ၊ သင်ခန်းစာပြင်ဆင်ပုံများအတိုင်း လေ့လာသင်ကြားပေးရန် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူမှု ထိရောက်အောင်မြင်ရေးအတွက် သင်ထောက်ကူပစ္စည်းများကို (KG)သူငယ်တန်းမှစ၍ သင်ရိုးသစ်အတန်းများအလိုက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သင်ရိုးသစ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များကို ပြန်လည်သုံးသပ်စိစစ်ရန်၊ အားသာချက်များကိုအခြေခံ၍ ပိုမိုအောင်မြင်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ JICA(CREATE) အဖွဲ့က ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (Grade-2 ) ဒုတိယတန်း ကျောင်းသုံးဖတ် စာအုပ်(သင်္ချာ)အသစ်နှင့် ယခင်ကျောင်းသုံးဖတ်စာအုပ်(သင်္ချာ)အဟောင်းတို့ကို လေ့လာဆန်းစစ်ကြည့်ရာတွင် ကျောင်းသား ကျောင်းသူများသည် ကျောင်းသုံးဖတ်စာအုပ်(သင်္ချာ)အသစ်ကို ပိုမိုကြိုက်နှစ်သက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး မေးခွန်းစစ်မေးရာတွင် ရမှတ်ပိုမိုကောင်းမွန်ပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် မေးခွန်းများ ကိုပိုမိုဖြေဆိုနိုင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဖတ်စာအုပ်အသစ်ကို စိတ်ဝင်စားမှုမြင့်မားလာပြီး ပိုမိုအသုံးပြုလာကြသည်ကို တွေ့ရှိရပါကြောင်း၊ ကျောင်းသား ကျောင်းသူများအကြိုက် နှစ်သက်ဆုံး ကျောင်းသုံးဖတ်စာအုပ်အသစ်များမှာ မြန်မာစာ (၂၅.၉ ရာခိုင်နှုန်း)၊ ပန်းချီ(၂၅.၈ ရာခိုင်နှုန်း)၊ အင်္ဂလိပ်စာ(၁၆.၉ ရာခိုင်နှုန်း)၊ ကာယပညာ(၈.၁ ရာခိုင်နှုန်း)၊ သင်္ချာ(၈.၀ ရာခိုင်နှုန်း) ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြု သင်ကြားသင်ယူလေ့ကျင့်ခြင်းများဖြင့် ကျောင်းသုံးဖတ်စာအုပ် အသစ်များအပေါ် ကျောင်းသား ကျောင်းသူများ၏ စိတ်ဝင်စားမှုနှင့် အကောင်းမြင်သဘောထားများ ပိုမိုမြင့်မားလာပါကြောင်း၊ စာသင်ခန်းတွင်လည်း ပိုမိုအသုံးပြုကြသည်ကို တွေ့ရှိရပါကြောင်း၊ ဆရာ ဆရာမများ၏ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုစွမ်းရည်များ ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရသဖြင့် JICA(CREATE) အဖွဲ့နှင့် ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့် မိဘအုပ်ထိန်းသူပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများရှိ ဆရာ ဆရာမများ၏ အရည်အသွေးသည်လည်း အထူးအရေးပါသည်ဖြစ်၍ လက်ရှိကိုယ်ပိုင်ကျောင်းဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားကြရမည် ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲနေသော ပညာရေးမူဝါဒများကိုသိရှိပြီး လိုက်နာကျင့်သုံးရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများကလည်း စနစ်တကျကြပ်မတ်ကွပ်ကဲ ဆောင်ရွက်သွားရမည်ဖြစ်ပြီး တွေ့ရှိရသည့် အခက်အခဲများကို အကျေအလည်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ လူရည်ချွန်ကျောင်းသားများ ရွှေးချယ်ခြင်းဖြင့် နိုင်ငံ၏ထူးချွန်သော ကျောင်းသား ကျောင်းသူများ ထွက်ပေါ်လာအောင် ဆောင်ရွက်လျက်ရှိရာ လူရည်ချွန်ကျောင်းသားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုထူးချွန်လာအောင် စနစ်တကျလေ့ကျင့် သင်ကြားပေးရန်လိုပါကြောင်း၊ ရွေချယ်ရာတွင်လည်း ပွင့်လင်းမြင်သာစွာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျရွေးချယ်ကြရန် လိုအပ်ပါကြောင်း၊ ယနေ့လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် လက်ရှိမြေပြင်တွင် ကြုံတွေ့နေရသည့်အခက်အခဲများကိုတင်ပြပြီး အကျေအလည်ညှိနှိုင်း ဆွေးနွေးစေလိုပါကြောင်း၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေးနှင့်ပတ်သက်သော လုပ်ငန်းများကို ဆရာ ဆရာမများကိုယ်တိုင် ပျော်ရွင်ချမ်းမြေ့စွာဖြင့် အစဉ်တစိုက်လေ့လာသင်ယူ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းတို့က ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် သိရှိရမည့်မူဝါဒများနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကိုဆွေးနွေး ပြောကြားသည်။ ယင်းနောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြပြီး ၂၅-၇-၂၀၁၉ ရက်နေ့မှ ၂၆-၇-၂၀၁၉ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။