Friday, July 26, 2019

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၁၉ ဇူလိုင် ၂၅

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၅၊၇၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးရုံးများမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ)၊ ဒုတိယညွှန်ကြားရေးမှူး (စီမံကိန်းများကြီးကြပ် အကဲဖြတ်)များ၊ ခရိုင်ပညာရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ သူငယ်တန်း (KG) သင်ရိုးသစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် (Grade-1) ပထမတန်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် (Grade-2) ဒုတိယတန်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် (Grade-3) တတိယတန်းနှင့် (Grade-6) ဆဋ္ဌမတန်း သင်ရိုးသစ်အတန်းများကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင်လည်း (Grade-4) စတုတ္ထတန်း၊ (Grade-7) သတ္တမတန်းနှင့် (Grade-10)ဒဿမတန်း သင်ရိုးသစ်အတန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများ၊ ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူများ သာမက ပြည်သူလူထုအားလုံးကို အဆင့်ဆင့်ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်မည့် သင်ရိုးသစ်၊ စစ်ဆေးအကဲဖြတ်ခြင်း၊ Completion Certificate များနှင့်ပတ်သက်၍ နားလည်သဘောပေါက်စေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆွေးနွေးပြောကြားပေးဖို့ လိုအပ်ပါကြောင်း၊ သင်ရိုးသစ်များတွင် ၂၁ ရာစု ပညာရေးအရည်အသွေးရရှိအောင် ကျောင်းသားဗဟိုပြုချဉ်းကပ်နည်းများကို အသုံးပြုနိုင်ရန် စီစဉ်ထားသဖြင့် ကျောင်းသား ကျောင်းသူအားလုံး ကိုယ်တိုင်ပါဝင်ခွင့်ရခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ တီထွင်ဖန်တီးတတ်လာခြင်း၊ တစ်ဦးချင်းစီ၏ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားလာခြင်း အကျိုးကျေးဇူးများရရှိ မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအတွက်လည်း ဘာသာရပ်အလိုက် ဆရာလမ်းညွှန်များကို ပြည့်စုံစွာပြုစု ရိုက်နှိပ်ဖြန့်ဝေထားသည့်အတွက် ဆရာလမ်းညွှန်ပါ နည်းလမ်းများ၊ သင်ကြားသင်ယူနည်းလမ်းသစ်များ၊ သင်ခန်းစာပြင်ဆင်ပုံများအတိုင်း လေ့လာသင်ကြားပေးရန် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူမှု ထိရောက်အောင်မြင်ရေးအတွက် သင်ထောက်ကူပစ္စည်းများကို (KG)သူငယ်တန်းမှစ၍ သင်ရိုးသစ်အတန်းများအလိုက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သင်ရိုးသစ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားနည်းချက်များကို ပြန်လည်သုံးသပ်စိစစ်ရန်၊ အားသာချက်များကိုအခြေခံ၍ ပိုမိုအောင်မြင်အောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ JICA(CREATE) အဖွဲ့က ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (Grade-2 ) ဒုတိယတန်း ကျောင်းသုံးဖတ် စာအုပ်(သင်္ချာ)အသစ်နှင့် ယခင်ကျောင်းသုံးဖတ်စာအုပ်(သင်္ချာ)အဟောင်းတို့ကို လေ့လာဆန်းစစ်ကြည့်ရာတွင် ကျောင်းသား ကျောင်းသူများသည် ကျောင်းသုံးဖတ်စာအုပ်(သင်္ချာ)အသစ်ကို ပိုမိုကြိုက်နှစ်သက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး မေးခွန်းစစ်မေးရာတွင် ရမှတ်ပိုမိုကောင်းမွန်ပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် မေးခွန်းများ ကိုပိုမိုဖြေဆိုနိုင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဖတ်စာအုပ်အသစ်ကို စိတ်ဝင်စားမှုမြင့်မားလာပြီး ပိုမိုအသုံးပြုလာကြသည်ကို တွေ့ရှိရပါကြောင်း၊ ကျောင်းသား ကျောင်းသူများအကြိုက် နှစ်သက်ဆုံး ကျောင်းသုံးဖတ်စာအုပ်အသစ်များမှာ မြန်မာစာ (၂၅.၉ ရာခိုင်နှုန်း)၊ ပန်းချီ(၂၅.၈ ရာခိုင်နှုန်း)၊ အင်္ဂလိပ်စာ(၁၆.၉ ရာခိုင်နှုန်း)၊ ကာယပညာ(၈.၁ ရာခိုင်နှုန်း)၊ သင်္ချာ(၈.၀ ရာခိုင်နှုန်း) ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြု သင်ကြားသင်ယူလေ့ကျင့်ခြင်းများဖြင့် ကျောင်းသုံးဖတ်စာအုပ် အသစ်များအပေါ် ကျောင်းသား ကျောင်းသူများ၏ စိတ်ဝင်စားမှုနှင့် အကောင်းမြင်သဘောထားများ ပိုမိုမြင့်မားလာပါကြောင်း၊ စာသင်ခန်းတွင်လည်း ပိုမိုအသုံးပြုကြသည်ကို တွေ့ရှိရပါကြောင်း၊ ဆရာ ဆရာမများ၏ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုစွမ်းရည်များ ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရသဖြင့် JICA(CREATE) အဖွဲ့နှင့် ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့် မိဘအုပ်ထိန်းသူပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများရှိ ဆရာ ဆရာမများ၏ အရည်အသွေးသည်လည်း အထူးအရေးပါသည်ဖြစ်၍ လက်ရှိကိုယ်ပိုင်ကျောင်းဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားကြရမည် ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲနေသော ပညာရေးမူဝါဒများကိုသိရှိပြီး လိုက်နာကျင့်သုံးရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများကလည်း စနစ်တကျကြပ်မတ်ကွပ်ကဲ ဆောင်ရွက်သွားရမည်ဖြစ်ပြီး တွေ့ရှိရသည့် အခက်အခဲများကို အကျေအလည်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ လူရည်ချွန်ကျောင်းသားများ ရွှေးချယ်ခြင်းဖြင့် နိုင်ငံ၏ထူးချွန်သော ကျောင်းသား ကျောင်းသူများ ထွက်ပေါ်လာအောင် ဆောင်ရွက်လျက်ရှိရာ လူရည်ချွန်ကျောင်းသားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုထူးချွန်လာအောင် စနစ်တကျလေ့ကျင့် သင်ကြားပေးရန်လိုပါကြောင်း၊ ရွေချယ်ရာတွင်လည်း ပွင့်လင်းမြင်သာစွာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျရွေးချယ်ကြရန် လိုအပ်ပါကြောင်း၊ ယနေ့လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် လက်ရှိမြေပြင်တွင် ကြုံတွေ့နေရသည့်အခက်အခဲများကိုတင်ပြပြီး အကျေအလည်ညှိနှိုင်း ဆွေးနွေးစေလိုပါကြောင်း၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပညာရေးနှင့်ပတ်သက်သော လုပ်ငန်းများကို ဆရာ ဆရာမများကိုယ်တိုင် ပျော်ရွင်ချမ်းမြေ့စွာဖြင့် အစဉ်တစိုက်လေ့လာသင်ယူ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းတို့က ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် သိရှိရမည့်မူဝါဒများနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကိုဆွေးနွေး ပြောကြားသည်။ ယင်းနောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြပြီး ၂၅-၇-၂၀၁၉ ရက်နေ့မှ ၂၆-၇-၂၀၁၉ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။









































No comments:

Post a Comment