Thursday, July 11, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၂၀၁၀ ဇူလိုင် ၁၀
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၉) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ နိုင်သက်လွင်နှင့် ဦးကျော်တင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကြည်မင်း၊ ဒေါက်တာရဲမြင့်ဆွေနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလမှ စပြီး တရားဝင် တက္ကသိုလ် တစ်ခုဖြစ်ခဲ့တာကြောင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်မှာတော့ နှစ် (၁၀၀) တင်းတင်း ပြည့်ပါလိမ့်မယ်။ ကျွန်မက တကယ်တော့ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသူတစ်ယောက် မဖြစ်ဖူးဘဲနဲ့ ဒီကော်မတီကို ဦးစီးနေတာ မှန်ရဲ့လားလို့ ကျွန်မကိုယ်ကျွန်မ သုံးသပ်မိပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ရန်ကုန်တက္ကသိုလ် ပြန်လည်ပြုပြင် မွမ်းမံဖို့အတွက် ကြိုးစားနေတာကြောင့် ဒီနှစ်ခုဟာ ဆက်စပ်နေတယ်ဆိုပြီးတော့ ဒီတာဝန်ကို ပေးတဲ့အခါကျတော့ ကျွန်မ လက်ခံလိုက်တာ ဖြစ်ပါတယ်။
“ကျွန်မတို့ ငယ်စဉ်တုန်းကဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ တကယ့်ကို ဂုဏ်သရေ ထွန်းလင်းတောက်ပနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးဘဝ ကျောင်းနေတဲ့ အချိန်ကစပြီးတော့ တက္ကသိုလ်ရောက်ချိန်လောက်အထိ၊ ရန်ကုန် တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တက္ကသိုလ်တစ်ခုလို့ အားလုံးက ယုံကြည်ခဲ့ပါတယ်။ အင်မတန်မှလည်း ဂုဏ်ယူ ခဲ့ကြပါတယ်။ ဒီလိုပဲ ရန်ကုန်တက္ကသိုလ်ဟာ ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်ဖို့ကို ကျွန်မတို့အနေနဲ့ မျှော်မှန်းပါတယ်။ အခု ဒီမှာတက်ရောက်လာကြသူတွေထဲမှာဆိုရင် ရန်ကုန်တက္ကသိုလ်မှာ နေဖူးတဲ့သူတွေပါပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း၊ ကျောင်းသူဟောင်းတွေ ပါတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒီကျောင်းသား ကျောင်းသူဟောင်းတွေက ခေတ်ချင်းမတူပါဘူး။ ခေတ်တစ်ခေတ်နဲ့ တစ်ခေတ် မတူဘူး ဆိုတာလည်းသိကြမှာပါ။ ကိုယ့်ခေတ်တုန်းက ဘယ်လိုဖြစ်ခဲ့တယ်။ နောင်ခေတ်တွေမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို သိမှာဖြစ် ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အကောင်းဆုံးခေတ်၊ ဂုဏ်သတင်းအတောက်ပဆုံး ခေတ်မှာနေခဲ့တဲ့ လူကြီးတွေဟာ ဒီတိုင်းပြန်ဖြစ်သွားဖို့အတွက် စိတ်အားထက်သန်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အခြေအနေဟာ အရင်နဲ့စာရင် မကောင်းတဲ့ အချိန်မှာနေခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာဆိုရင်လည်း ဒီလိုပဲ စိတ်ထားရှိမယ်လို့ ယုံကြည်ပါတယ်။
“ကျွန်မတို့ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်လို့ ပြန်လည်မွမ်းမံရေး၊ အဆင့်မြှင့်တင်ရေး မဟာစီမံကိန်းမှာဆိုရင် ဦးစီးကော်မတီ၊ ဦးစီးကော်မတီအောက်မှာဆိုရင် လုပ်ငန်းကော်မတီတွေလည်း ဖွဲ့ထားပါတယ်။ ပညာအရည်အသွေး မြှင့်တင်ရေးကော်မတီ၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေး ကော်မတီ၊ ရန်ကုန်တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရေးကော်မတီ၊ ဒါတွေနဲ့ပတ်သက်လို့ အသေးစိတ်ကို ဒေါက်တာမျိုးသိမ်းကြီး ပြောပါလိမ့်မယ်။
“အဓိကကတော့ ကျွန်မတို့က ပညာအရည်အချင်းကို မြှင့်တင်ရေးပါ။ တက္ကသိုလ်တစ်ခုဆိုတာ ပညာပေးတဲ့အဆင့်မြင့် ဌာနတစ်ခုလို့ ဒီလိုပဲမြင်ပါတယ်။ ဒါပေမယ့် ပညာပေးရုံတင်မက လူငယ်တွေကနေ လူကြီးဖြစ်လာတဲ့အခါမှာ ပိုပြီးပြီးပြည့်စုံတဲ့ လူသားတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ နေရာဌာနတစ်ခုဖြစ်အောင် ပြုစုပေးနိုင်အောင် လုပ်ပေးချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပညာဆိုတာဘာလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်ချင်းက မတူပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာ ပြီးပြည့်စုံတဲ့ လူသားတွေဖြစ်လာခြင်းဟာ ပညာနဲ့ပြည့်စုံခြင်းပဲလို့ သတ်မှတ်မယ်ဆိုရင် လွဲချော်မှုရှိနိုင်မယ် မဟုတ်ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ရန်ကုန်တက္ကသိုလ်ဟာ ပိုပြီးတော့ ပြီးပြည့်စုံမယ့် လူသားတွေကို မွေးထုတ်ပေးနိုင်မယ့် ပညာရေးဌာနကြီး၊ အဆင့်မြင့် ပညာရေးဌာနကြီးဖြစ်ဖို့ ကျွန်မတို့ ဦးတည်ပါတယ်။ ပညာအရည်အသွေးမြှင့်တင်ရေး ကော်မတီဟာ ပညာအရည်အသွေးဆိုတာ ဘာလဲဆိုတာကို စဉ်းစားပြီးတော့ ပိုပြီးလေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လုပ်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။
“ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေးဆိုတာကတော့ ထူးထူးထွေထွေ ရှင်းပြဖို့မလိုပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရဆိုရင် လိုအပ်တဲ့ အဆောက်အဦတွေကအစ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ လိုအပ်တဲ့ ပတ်ဝန်းကျင်၊ ပညာရှာချင်အောင် အားပေးမယ့် ပတ်ဝန်းကျင်မျိုးကို ဖြစ်စေချင်ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ပညာရှာချင်အောင် အားပေးရုံတင်မကဘဲ ကိုယ်နေသွားတဲ့ တက္ကသိုလ်အပေါ်မှာ သံယောဇဉ်ရှိအောင် လုပ်ပေးနိုင်မယ့်၊ ဖြည့်ဆည်းပေးနိုင်မယ့် ပတ်ဝန်းကျင်မျိုးဖြစ်စေ ချင်ပါတယ်။ ဒီတက္ကသိုလ်ကနေ ပညာသင်ပြီးသွားတဲ့အခါ ဒါငါတို့ကို မွေးထုတ်လိုက်တဲ့ အမိပညာရေးဌာနကြီးပဲ ဆိုပြီးတော့ သံယောဇဉ်နဲ့မေတ္တာနဲ့ ပြန်လည်ပြီး ထောက်ပံ့ချင်တဲ့စိတ်တွေ၊ ပြန်လည်ပြီးတော့ ပိုပြီးကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်ပေးချင်တဲ့ စိတ်တွေ၊ ကူညီချင်တဲ့စိတ်တွေ ဖြစ်အောင်လို့လည်း ဒီပတ်ဝန်းကျင်က ထိန်သိမ်းပေး ဖို့လိုပါတယ်။
“နောက်တစ်ခုကတော့ ရန်ကုန်တက္ကသိုလ် ပဋိညာဉ်ရေးဆွဲရေးကော်မတီ ဖြစ်ပါတယ်။ ဒါက ကျွန်မတို့နိုင်ငံရဲ့ ပညာရေး စနစ်ပိုပြီးတော့ တိုးတက်အောင်၊ အထူးသဖြင့် အဆင့်မြင့်ပညာရေးစနစ် ပိုပြီးတော့ တိုးတက်အောင်ဆိုရင် တက္ကသိုလ်တွေဟာ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိရမယ်။ တက္ကသိုလ်တစ်ခုနဲ့တစ်ခု မိတ္တူလုပ်ထားသလို တူညီတာမျိုးမဟုတ်ဘဲ တက္ကသိုလ်တိုင်း တက္ကသိုလ်တိုင်းက သူ့ရဲ့ကြန်အင် လက္ခဏာတွေနဲ့သူ၊ သူ့ပုံစံနဲ့သူ၊ သူ့ရဲ့အားသန်ချက်နဲ့သူ ဖြစ်စေချင် ပါတယ်။ ဒါမှ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်က ပြီးပြည့်စုံမှာပါ။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ကနေစပြီး သူ့ပဋိညာဉ်နဲ့သူ တက္ကသိုလ်တစ်ခုဟာ ရပ်တည်နိုင်ဖို့ ဘယ်လိုဖြစ်နိုင်မလဲဆိုတာကို ကျွန်မတို့က လုပ်ဆောင်ဖို့ တက္ကသိုလ်မွမ်းမံရေးကော်မတီက ၂၀၁၂-၂၀၁၃ လောက်ကတည်းက စပြီးတော့လုပ်ခဲ့တာပါ။ ဒီဟာတွေနဲ့ ဆက်နွယ်ပြီး နှစ်(၁၀၀)ပြည့် အခမ်းအနားတွေကို ကျင်းပစေချင်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ နှစ်(၁၀၀)ပြည့်မယ်ဆိုရင် အခုနှစ်ဒီဇင်ဘာ ၁ ရက် ကတည်းက စပြီးတော့ ရာပြည့်အခမ်းအနားတွေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားဖို့ဆိုပြီး ရည်ရွယ်ချက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ လုပ်တဲ့ ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ရန်ကုန်တက္ကသိုလ်ကို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အံဝင်ခွင်ကျဖြစ်သွားအောင်လို့ ကြိုးစားစေချင်ပါတယ်။
“ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ဦးစားပေးအစီအစဉ်ဆိုပြီး သတ်မှတ်ထားတာကတော့ သင်ကြားသင်ယူမှုနဲ့ သုတေသန ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပါတယ်။ သင်ကြားသင်ယူမှုဆိုတာကတော့ အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့နိုင်ငံမှာ ပညာရေးစနစ် ပိုပြီးတော့ ကောင်းမွန်အောင် သင်ကြားတဲ့နည်းကို ပြန်စပြီးပြုပြင်ရပါမယ်။ ပြောရမယ်ဆိုရင် ပို့ချတဲ့ ဆရာ ဆရာမတွေရဲ့ အရည်အချင်းမြင့်မှ အရည်အချင်းမြင့် တဲ့ပို့ချမှုတွေကို ကျောင်းသူ ကျောင်းသားတွေ ရရှိမှာဖြစ်ပါတယ်။
“သုတေသန ဆိုတာကတော့ ဆန်းသစ်တီထွင်ချင်တဲ့စိတ်တွေကို ကျွန်မတို့က အားပေးချင်တာပါ။ တစ်ဖက်ကလည်း ကျွန်မတို့နိုင်ငံရဲ့ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု အတွက်လည်း အထောက်အကူဖြစ်နိုင်ပါတယ်။ သုတေသနတွေဟာ ကျွန်မတို့ နိုင်ငံရဲ့ လိုအပ်ချက်တွေ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပံ့ပိုးနိုင်မယ့် သုတေသနမျိုး လုပ်နိုင်မယ်ဆိုရင် နိုင်ငံကိုလည်း အကျိုးဖြစ်ပါတယ်။ သုတေသနဆိုတာ ကျယ်ကျယ်ပြန့်ပြန့်။ ရုပ်ပိုင်းဆိုင်ရာတွေသာမကဘဲနဲ့ တစ်ခြားစိတ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အပိုင်းတွေမှာပါ သုတေသနလုပ်ပြီး ကျွန်မတို့နိုင်ငံကို တိုးတက်အောင် ပံ့ပိုးနိုင်မယ်ဆိုရင် ဒါဟာ ကျွန်မတို့ ပညာရေးစနစ်ကိုသာမက လူမှုရေးစနစ် တစ်ခုလုံးကို ထွန်းတောက်အောင် လုပ်ပေးရာရောက်မှာပါ။
“အင်္ဂလိပ်စာ စွမ်းရည်မြှင့်တင်ရေး ဆိုပြီးတော့လည်း ပါပါတယ်။ အင်္ဂလိပ်စာ စွမ်းရည်မြှင့်တင်ရေးကတော့ လက်တွေ့ကျတဲ့ ကိစ္စပါ။ ဒီခေတ်ဒီအခါမှာ ဘယ်လိုပဲ ပြောပြော ကျွန်မတို့ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်မှ ကမ္ဘာ့စင်မြင့်ပေါ်မှာ ကျွန်မတို့ ကျောင်းသူ ကျောင်းသားများက တိုးနိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် အင်္ဂလိပ် ဘာသာစကားက တစ်ကမ္ဘာလုံးသုံးနေတဲ့ ဘာသာစကားဖြစ်သွားပါပြီ။ တစ်ကမ္ဘာလုံးက သုံးနေတဲ့ ဘာသာစကား၊ နောက်ပြီးတော့ အထူးသဖြင့် ကျွန်မတို့ရဲ့ IT Revolution ပါ။ ဆက်သွယ်ရေးတော်လှန်ရေးနဲ့ ပတ်သက်နေတဲ့နေရာမှာဆိုလည်း ဒီဘာသာစကားကို မတတ်လို့၊ မကျွမ်းကျင်လို့ မဖြစ်ဘူးဆိုတော့ ဒါကိုအဆင့်မြှင့်ဖို့ လုပ်တယ်ဆိုတာ လက်တွေ့ကျကျလုပ်တာပါ။ ဘာသာစကားအများကြီးကို ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို တတ်စေချင်ပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျကတော့ တစ်ကမ္ဘာလုံး ကသုံးနေတဲ့ ဘာသာစကားကို ကျွမ်းကျင်ရမယ်။ ဒီလိုပြောတဲ့အချိန်မှာ တစ်ခါတည်း ကျွန်မထည့်ပြီးပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ ဘာသာစကားကိုလည်း မမေ့ဖို့ လိုပါတယ်။ အဲဒါကိုလည်း ဂုဏ်ယူတတ်ဖို့လိုပါတယ်။ တစ်ချို့ အသိုင်းအဝိုင်းတွေမှာဆိုရင် အင်္ဂလိပ် ဘာသာစကား သင်ပေးရုံတင်မကဘဲ မြန်မာဘာသာစကား ကောင်းကောင်းမတတ်တာ ကိုတောင်မှ ဂုဏ်ယူရမလို မြင်နေတာတွေရှိပါတယ်။ ဒါဂုဏ်ယူစရာအကြောင်း ဘာမှမရှိပါဘူး။ ဘယ်လောက်ပဲ နိုင်ငံခြား ဘာသာစကားတွေ၊ ဘယ်နှစ်ခုပဲ ဘယ်လောက် ကျွမ်းကျင်ကျွမ်းကျင် ကိုယ့်မိခင်ဘာသာစကားကိုမှ မတတ်ဘူးဆိုတာ ဘာမှဂုဏ်ယူစရာ အကြောင်းမရှိဘူး ဆိုတာလည်း ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်။
“နောက်တစ်ခုကတော့ သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မထူးထူးထွေထွေ ရှင်းပြနေစရာ မလိုပါဘူး။ ဒါလည်း ပညာသင်ယူမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ကျောင်းပရိဝုဏ်နဲ့ လိုအပ်တဲ့ သင်ထောက် ကူပစ္စည်းများ မြှင့်တင်ရေးကတော့ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေးနဲ့ စပ်ဆိုင်နေပါတယ်။ ကျောင်းပရိဝုဏ်ကလည်း ကျောင်းသား ကျောင်းသူများအနေနဲ့ ဒီတက္ကသိုလ်ကြီးဟာ သူတို့ုကို ပညာပေးလိုက်တဲ့ အမိဌာနကြီး တစ်ခုတင်မဟုတ်ဘူး သူတို့ စိတ်ချမ်းသာခဲ့ရာ၊ သူတို့ငယ်စဉ်အခါတုန်းက ပညာရှာတဲ့နေရာမှာ တက်တက်ကြွကြွနဲ့၊ စိတ်ချမ်းချမ်းသာသာနဲ့ ပညာရှာခဲ့တဲ့ နေရာဆိုပြီးတော့ သံယောဇဉ်တွေလည်း ဖြစ်စေမယ့် ပရိဝုဏ်၊ အေးအေးဆေးဆေးနဲ့ ပညာရှာနိုင်မယ့် ပရိဝုဏ်မျိုးဖြစ်ဖို့ လိုပါတယ်။ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းဆိုတာကတော့ ရှင်းပြစရာမလိုပါဘူး။ ဒါကတော့ ပညာသင်ရေးအတွက် အခုခေတ်နဲ့ ကိုက်ညီစွာလိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကို ဖြည့်ဆည်းပေးဖို့က အင်မတန်အရေးကြီးပါတယ်။
“ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းတွေထဲမှာ ထည့်ထားတာက ကျန်းမာရေးနဲ့ ပြည့်စုံပြီး သန့်ရှင်းသာယာ လုံခြုံနွေးထွေးတဲ့ တက္ကသိုလ်ရုပ်ဝန်းကျင်ကောင်း ဖန်တီးရေးကလည်း ခုနကအရာနဲ့ ဆက်စပ်နေတာပါ။ ကျန်းမာရေးနဲ့လည်း ကိုက်ညီရမယ်။ စိတ်ချမ်းသာရေးနဲ့လည်း ကိုက်ညီရမယ်။ ကိုယ်ကျန်းမာရေးနဲ့ စိတ်ချမ်းသာရေးဆိုတာကလည်း တကယ်တော့ ဒွန်တွဲ နေပါတယ်။ လုံးဝခွဲထားလို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ တက္ကသိုလ်ဝန်းကျင်မှာ လမ်းပန်းဆက်သွယ်မှု ကောင်းစေရေးကတော့ ကျောင်းလာတဲ့ကလေးတွေ၊ ကျောင်းလာတဲ့ ဆရာ ဆရာမတွေအတွက် ပိုပြီးတော့ တတ်နိုင်သမျှ အဆင်ပြေအောင် ကျွန်မတို့ စဉ်းစားပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့မှာဆိုရင် လမ်းတွေမှာ ယာဉ်တွေကြပ်တာကတော့ အားလုံးသိတဲ့အတိုင်းဖြစ်ပါတယ်။ တစ်ချို့ဆိုရင် နာရီနဲ့ချီပြီးတော့ စောင့်နေရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီတော့ ကျောင်းလာတဲ့ အခါမှာ ကျောင်းဆိုတာ ရိုးရိုး ကျောင်းပဲဖြစ်ဖြစ်၊ တက္ကသိုလ်ပဲဖြစ်ဖြစ် သူ့အချိန်နဲ့သူ စရပါတယ်။ အတန်းတွေက သူ့အချိန်နဲ့သူ စရတယ်ဆိုတော့ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ လာရေးသွားရေးအတွက် အဆင်ပြေအောင်လို့လည်း ကျွန်မတို့က ကျယ်ကျယ်ပြန့်ပြန့် အခုကတည်းက စဉ်းစားထားရမှာပါ။ လာရေးသွားရေးအတွက် အဆင်မပြေတဲ့ တက္ကသိုလ်ဆိုရင် ကျွန်မတို့ စည်းကမ်းတကျ၊ စနစ်တကျ အတန်းတွေကို စီစဉ်ဖို့က ခက်လာပါလိမ့်မယ်။
“အဓိပတိလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနဲ့ စိမ်းလန်းစိုပြေရေး အပိုင်းမှာ ကျွန်မတို့တက္ကသိုလ်ရဲ့ ပရိဝုဏ်နားကို ရောက်လာပြီ၊ တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်ကို ရောက်လာပြီဆိုကတည်းက ငါတို့ဟာ ရန်ကုန်တက္ကသိုလ်နား ရောက်လာပြီ ဆိုတဲ့ အမြင်လည်းရှိအောင်၊ အားလုံးအတွက်လည်း ဂုဏ်ယူစရာဖြစ်အောင်လို့ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာဆိုရင် နာမည်ကြီးတဲ့ တက္ကသိုလ်တွေဟာ ကမ္ဘာလှည့် ခရီးသည်တွေတောင် သွားပြီးကြည့်ရတဲ့ တက္ကသိုလ်တွေဖြစ်ပါတယ်။ တက္ကသိုလ်မှာသွားပြီး ပညာသင်ဖို့ပဲမဟုတ်ဘူး။ တက္ကသိုလ်ရဲ့ပရိဝုဏ်လှလို့၊ တက္ကသိုလ်ရဲ့ သမိုင်းဝင် အဆောက်အဦတွေကို လေးစားလို့၊ ဒါမှမဟုတ် ဒီလိုခင်းကျင်းထားတာတွေက အင်မတန်မှ ထူးခြားလို့ဆိုပြီး ကမ္ဘာ့လှည့်ခရီးသည်တွေတောင်မှ တစ်ချို့တက္ကသိုလ်တွေကို သွားပြီးတော့ကြည့်တယ်။ တော်တော်စိတ်ဓာတ် တက်ကြွကြွနဲ့ ကြည့်ကြတာ၊ သွားပြီးတော့ လေ့လာတာကို ကျွန်မတို့ တွေ့ရပါတယ်။
“ကျွန်မတို့ ရန်ကုန်တက္ကသိုလ်ဟာ တကယ်တော့ သဘာဝအားဖြင့် ကမ္ဘာပေါ်မှာ အလှပဆုံးတက္ကသိုလ် ပရိဝုဏ်တစ်ခု ဖြစ်နိုင်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်းလျားကန်နဲ့လည်းနီးတယ်။ ဒီလိုရေပြင်ကြီးနဲ့ နီးနီးနားနားရှိတဲ့ တက္ကသိုလ်ဆိုတာက ကမ္ဘာပေါ်မှာ အင်မတန်မှရှားပါတယ်။ အဲဒီတော့ ကျွန်မတို့က ကျွန်မတို့တက္ကသိုလ်ရဲ့ ထူးထူးခြားခြား လှပတဲ့ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီးတော့ စီစဉ်စေချင်ပါတယ်။ လက်တွေ့ကျကျကတော့ တက္ကသိုလ်တစ်ခုလုံး သန့်ရှင်းတဲ့ရေပေးဝေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေဆိုးနဲ့မိလ္လာစွန့်ပစ်စနစ် ကောင်းမွန်ရေး၊ သန့်စင်ခန်းများ သန့်ရှင်းကောင်းမွန်ရေး၊ လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်တကျ ဘေးကင်းလုံခြုံမှုရှိရေးတွေကတော့ လက်တွေ့ကျကျ အဆင့်မြင့်တဲ့ အဆောက်အဦတစ်ခုဖြစ်အောင်၊ အဆင့်မြင့်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဦးတည်တဲ့ ဦးတည်ချက် တွေပဲဖြစ်ပါတယ်။
“တက္ကသိုလ်ထဲမှာ ပညာသင်တယ်ဆိုတာဟာ အတန်းထဲက ပညာတင်မကပါဘူး။ အတန်းပြင်ပ ပညာတွေလည်း သင်ယူနိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးစေချင်ပါတယ်။ ဥပမာဆိုရင် အနုပညာတို့၊ အားကစားတို့ စသဖြင့်ပါ။ အနုပညာတို့၊ အားကစားတို့ကို ကျွန်မတို့ရဲ့ ပညာရေးစနစ်အတွင်းမှာကို အားပေးချင်တာ ဖြစ်တဲ့အတွက် နှစ် (၁၀၀) ပြည့် အခမ်းအနားတွေမှာလည်း အနုပညာတို့၊ အားကစားတို့ကို ထည့်စဉ်းစားပြီးတော့ ကျင်းပစေချင်ပါတယ်။ တက္ကသိုလ်တစ်ခုမှာဆိုရင် အမှတ်အများဆုံး ရရေးဆိုတဲ့ စိတ်ဓာတ်ကိုပဲ မဖြစ်စေချင်ပါဘူး။ အနုပညာရှင်များဆိုတာကလည်း အတန်းပညာနဲ့ ပတ်သက်ရင် အမှတ်အများကြီး ရချင်မှရမယ်။ ဒါပေမယ့် အနုပညာဘက်မှာ အင်မတန် ထူးချွန်တဲ့ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။ ဒီတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်ရဲ့အားသာချက်တွေကို ဖော်ထုတ်နိုင်ဖို့အတွက်၊ ကိုယ့်ရဲ့အားသာချက်တွေကို ပိုပြီးတော့ ကြီးထွားလာ အောင်လို့ ပြုစုပျိုးထောင်ဖို့အတွက် အခွင့်အလမ်းတွေကို ကျွန်မတို့ တက္ကသိုလ်ဆိုတာက ပေးရမှာပါ။ ဒီဟာတွေအားလုံးကို စဉ်းစားဆင်ခြင်ပြီးတော့ ကျွန်မတို့ရဲ့ နှစ်(၁၀၀)ပြည့် အခမ်းအနားတွေကို စီစဉ်စေချင်ပါတယ်။ ပညာရေး၊ အနုပညာ၊ အားကစား၊ ပတ်ဝန်းကျင်ပါရပါမယ်။
အရေးကြီးတာ တက္ကသိုလ် ကျောင်းသားဟောင်းကြီးတွေနဲ့ အခုကျောင်းသားသစ်တွေနဲ့ ဆက်နွယ်တဲ့ အခမ်းအနား တစ်ခုလည်း ဖြစ်သွားစေချင်ပါတယ်။ ဥပမာဆိုရင် ကျွန်မစဉ်စားတာက တက္ကသိုလ် ကျောင်းသားဟောင်းကြီးတွေနဲ့ အရင်တုန်းက တက္ကသိုလ်မှာနေခဲ့တဲ့ လူကြီးတွေနဲ့ အခုကျောင်းသားတွေနဲ့ ဆွေးနွေးပွဲလေးလုပ်မယ်ဆိုရင် အရင်တုန်းက ဘယ်လိုရှိတယ်၊ အခုဘယ်လိုရှိတယ်၊ အရင်တုန်းကအမြင်၊ အခုအမြင်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ စိတ်ဓာတ် ပြည့်ဝမှုဆိုတာ အသက်အရွယ်နဲ့လည်း မဆိုင်ပါဘူး။ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ကိုယ့်ရဲ့သင်ယူနိုင်တဲ့ အရည်အချင်းနဲ့ပဲ ဆိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်မရွေး အားလုံးပူးပေါင်းပြီးတော့ ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀)ပြည့် အခမ်းအနားကြီးကို အောင်မြင်အောင် လုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုလုပ်သွားနိုင်ဖို့အတွက် အားလုံးဝိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။” ဟု ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်တွင် စတင်ပေါက်ဖွား လာခဲ့သည့် မြန်မာနိုင်ငံ ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်သည် လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်တွင် နှစ်ပေါင်း (၁၀ဝ) ပြည့်မြောက်ပြီဖြစ်ပြီး ရာပြည့်ပွဲသဘင်ကို ဆင်ယင်ကျင်းပနိုင်တော့မည် ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ သဘင်ကို ခမ်းနားသိုက်မြိုက်ထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် သေသေချာချာ ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ကြုံတောင့်ကြုံခဲ ရာပြည့်ပွဲသဘင်ကို ဆင်ယင်ကျင်းပခွင့်ရခြင်းသည် မိမိတို့အားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူ စရာ အခွင့်ထူးဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံတွင် သမိုင်းအစဉ်အလာ အကြီးမားဆုံးသော တက္ကသိုလ်ကြီးဖြစ်ပါကြောင်း၊ ကိုလိုနီခေတ် တွင် မြန်မာတစ်မျိုးသားလုံး ပညာသင်ယူမှု အခွင့်အလမ်း မညီမျှခြင်းနှင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာ သင်ယူနိုင်ခွင့် နည်းပါးခြင်းတို့ကြောင့် တစ်မျိုးသားလုံး အဆင့်မြင့်ပညာ သင်ယူခွင့် ရရှိလာစေနိုင်မည့် အမျိုးသားပညာရေးစနစ် ဖြစ်ထွန်း လာစေရေးအတွက် အမျိုးသားခေါင်းဆောင်များနှင့် ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ် တိုက်ပွဲဝင်ခဲ့ကြပါကြောင်း၊ တစ်မျိုးသားလုံး၏ ညီညွတ်မှု စွမ်းအားကြောင့် ကိုလိုနီအစိုးရသည် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်တွင် မလွှဲမရှောင်သာဘဲ ရန်ကုန်တက္ကသိုလ်ကို တည်ထောင်ပေးခဲ့ရပါကြောင်း။
ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်ပြီး ၁၉၂၀ ပြည့်နှစ်၊ သြဂုတ် (၂၈) ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင် မြန်မာတိုင်းရင်းသား အများစုကို တက္ကသိုလ်ပညာ ဆက်လက်သင်ယူခွင့်မရအောင် ကန့်သတ်ချုပ်ချယ်ထား သည့် အချက်အလက်များစွာ ပါဝင်ခဲ့ပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ် ကျောင်းသားကြီးများနှင့် မျိုးချစ်ပြည်သူများဆက်လက် တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် ကိုလိုနီအစိုးရသည် တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရပါကြောင်း၊ မြန်မာ့အမျိုးသား ကြိုးပမ်းမှုသမိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် တာထွက်ကောင်းခဲ့သကဲ့သို့ မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်မည့်၊ ဇွဲသတ္တိ အားမာန်ပြည့်ဝပြီး မျိုးချစ်စိတ်ဓာတ် ပြင်းပြထက်သန်သည့် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော အာဇာနည်ခေါင်းဆောင် ကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း တိုင်းကျိုးပြည်ပြု ခေါင်းဆောင်များနှင့် ပညာတတ်လူငယ်များ စွာမွေးထုတ်ပေးနိုင်ခဲ့ သကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် ကဲ့သို့ ကမ္ဘာ့လူသား အကျိုးပြုခေါင်းဆောင်များကိုပါ မွေးထုတ်ပေးနိုင်ခဲ့သည့် ဘူမိနက် သန်အောင်မြေလည်း ဖြစ်ပါကြောင်း။
စစ်ကြိုခေတ်နှင့် လွတ်လပ်ရေးရပြီးစ ကာလများတွင် ရန်ကုန်တက္ကသိုလ်သည် ပညာရည်အားဖြင့် အရှေ့တောင်အာရှတွင် အကောင်းဆုံးဖြစ်ခဲ့ပြီး တက္ကသိုလ်၏ ဥပဓိရုပ်သည်လည်း အရှေ့တောင်အာရှတွင် သာယာလှပဆုံးဖြစ်ခဲ့ပါကြောင်း၊ အာရှအဆင့်တွင် ထိပ်တန်းက ရပ်တည်နိုင်ခဲ့သဖြင့် ရန်ကုန်တက္ကသိုလ်တွင် အခြားအာရှနိုင်ငံများမှ ကျောင်းသူ၊ ကျောင်းသားများ လာရောက်ပညာ ဆည်းပူးခဲ့ကြပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ ရာပြည့်အခါသမယတွင် ယခုကဲ့သို့သော အခြေအနေကောင်းများကို ပြန်လည်ရရှိနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာတွင် အမျိုးသား ပညာရေးဥပဒေကို အတည်ပြုနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ အမျိုးသားပညာရေး ဥပဒေအရ မြန်မာ့ပညာရေး စနစ်သည် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး အရည်အသွေး အာမခံမှုကိုလည်း ပိုမိုခိုင်မာလာစေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သက်တမ်း အရင့်ဆုံးဖြစ်သည့် ရန်ကုန်တက္ကသိုလ်အနေဖြင့် မြန်မာ့ပညာရေး အကောင်အထည်ဖော်မှု လုပ်ငန်းများတွင် ရှေ့တန်းက ဦးစီး ဦးဆောင်ပြုသွားရမည်ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ကြီးကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် တက္ကသိုလ်ဖြစ်စေရေးတို့ကို သဟဇာတဖြစ်အောင် ပေါင်းစပ်အကောင်အထည်ဖော်သွားရမည် ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်းလာစေရေးအတွက် မဟာစီမံကိန်း(Master Plan)ကို ချမှတ်ထားပြီးဖြစ်ပါကြောင်း။ အဆိုပါ မဟာစီမံကိန်းကြီး အကောင်အထည်ဖော်ရေးအတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ဦးစီးကော်မတီ(Steering Committee)နှင့် ပညာအရည်အသွေး မြှင့်တင်ရေးကော်မတီ (Software Committee)၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေးကော်မတီ (Hardware Committee) နှင့် ရန်ကုန်တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရေးကော်မတီ (University Charter Committee) များထပ်မံဖွဲ့စည်း ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည့်အတွက် များစွာဝမ်းမြောက် မိပါကြောင်း။
ရန်ကုန်တက္ကသိုလ်သည် မြန်မာ့ပညာရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး မြန်မာ့ပညာရေး ကြိုးပမ်းမှုသမိုင်းကြောင်းနှင့်အတူ ရှင်သန်လာခဲ့ခြင်း ဖြစ်ပါကြောင်း။ မြန်မာ့ပညာရေး တိုးတက်ဖြစ်ထွန်းလာမှုကို ပြောမည်ဆိုလျှင် ရန်ကုန်တက္ကသိုလ်ကို ချန်လှပ် ထား၍ မရပါကြောင်း၊ ထို့ပြင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ရန်ကုန်တက္ကသိုလ်၏ သမိုင်းကိုလည်းခွဲခြား၍ မရပါကြောင်း။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်၏ ကောင်းမြတ်သည့် သမိုင်းကြောင်း၊ ကြီးမားသည့်အစဉ်အလာကို ပြန်လည် ဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် (၁၀ဝ) ပြည့်မြောက်သည့် ရာပြည့်သဘင်ကြီးကို ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပသွားမည်ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့်၊ ရာပြည့်သဘင်အခမ်းအနား ကျင်းပနိုင်ရေးအတွက် အကြိုလှုပ်ရှားမှုများအနေဖြင့် ၂၀၁၆ ၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် “ရန်ကုန် တက္ကသိုလ် ရာပြည့်အကြိုအထိမ်းအမှတ် သိပ္ပံပွဲခင်းပြပွဲပြိုင်ပွဲ အခမ်းအနား”များကို ကျင်းပခဲ့သည့်အပြင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ (၂၂) ရက်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ စိန်ရတုပွဲနှင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ( ၁ ) ရက်တွင် “လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (ရန်ကုန်)” တို့ကိုကျင်းပပြုလုပ်နိုင်ခဲ့ခြင်းသည် ရန်ကုန်တက္ကသိုလ် ရာပြည့် အခမ်းအနား ဂုဏ်ကျက်သရေတင့်တယ်စွာ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် များစွာ အထောက်အကူ ပြုစေပါကြောင်း၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင် အခမ်းအနားနှင့် ရာပြည့်အကြိုအခမ်းအနားများ ကျင်းပရာတွင် လုံခြုံရေးကို စနစ်တကျ စီမံ၍ အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးသည် ရန်ကုန်တက္ကသိုလ် တာဝန်ရှိသူများနှင့်သာ သက်ဆိုင်သည့်ပွဲမဟုတ်ပါကြောင်း။ မြန်မာတစ်မျိုးသားလုံး၊ မြန်မာ့ပညာရေး လောကတစ်ခုလုံးနှင့် သက်ဆိုင်သည့် အထိမ်းအမှတ်အခမ်းအနား တစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ရာပြည့်သဘင်ပွဲတော်ကြီး ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါ ဆင်ယင် ကျင်းပနိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားဟောင်းကြီးများ၊ မျိုးဆက်သစ် ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများ အားလုံးအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ၊ အင်နှင့်အားနှင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြပါဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပညာရေးမြှင့်တင်ရေး ( Software) ကဏ္ဍနှင့် အခြေခံ အဆောက်အအုံနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး(Hardware) ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်၊ ရာပြည့်သဘင်အခမ်းအနားများအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မှစ၍ အချိန် တစ်လကျော်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အကြိုလှုပ်ရှားမှုများအဖြစ် ကျောင်းသား၊ ကျောင်းသူ ဟောင်းများ တွေ့ဆုံဆွေးနွေးပွဲများ၊ ဘာသာရပ်အသီးသီးမှ အငြိမ်းစားယူခဲ့ကြသည့် ဆရာ၊ ဆရာမ ကြီးများ အာစရိယ ပူဇော်ပွဲများ၊ ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ မိတ်ဆုံ ညစာစားပွဲနှင့် ဂီတဖျော်ဖြေပွဲများ၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ထုတ်ဝေသည့် သုတေသန စာတမ်းများ၊ စာစောင်၊ စာအုပ်များ၊ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းများ၊ သမိုင်းဝင် စာအုပ်စာတမ်းပြပွဲများ၊ ရန်ကုန်တက္ကသိုလ် သမိုင်းပြုစုထုတ်ဝေခြင်း၊ အထိမ်းအမှတ် စာစောင်များ ထုတ်ဝေခြင်း၊ လက်ကမ်း စာစောင်များ ထုတ်ဝေခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာ ပညာပေးစာတမ်းများ ရေးသားပြုစုခြင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများဆိုင်ရာ ပညာပေးစာတမ်းများ ပြုစုထုတ်ဝေခြင်း၊ ပြင်ပပညာရှင်များ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဟောပြောပွဲများ၊ အဆောင်အလိုက် ဟောပြောပွဲများ၊ အဆောင် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ တွေ့ဆုံဆွေးနွေးပွဲများ၊ ကျောင်းသား ကျောင်းသူများ တီထွင်ထားသည့် သိပ္ပံ ပစ္စည်းများ၊ အိုင်တီပစ္စည်းများနှင့် ပရောဂျက်များအားပြသခြင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များ၏ အိုင်တီ နည်းပညာဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုပြိုင်ပွဲများ၊ တက္ကသိုလ်နှင့် သက်ဆိုင်သော ရှေးဟောင်းရုပ်ရှင်များပြသခြင်း၊ ပျော်ပွဲရွှင်ပွဲ စျေးရောင်းပွဲများ၊ ပဒေသာကပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။





No comments:

Post a Comment