Monday, July 29, 2019

ပြည်ထောင်စုဝန်ကြီး University Management System ပေးအပ်လှူဒါန်းခြင်း အခမ်းအနားနှင့် Sakura – Insein Technical Course, Batch(7) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ရန်ကုန် ၂၀၁၉ ဇူလိုင် ၂၇
တက္ကသိုလ်များအတွက် လိုအပ်သော ကျောင်းသားရေးရာစီမံခန့်ခွဲမှုများ လျင်မြန်လွယ်ကူသက်သာစေရန်အတွက် အိုင်တီနည်းပညာဖြင့် မြန်မာနိုင်ငံ၏ပညာရေးအဆင့်အတန်း မြင့်မားစေရန်ရည်ရွယ်၍ Blue Ocean Investment Limited မှ ရန်ကုန်ပညာရေးတက္ကသိုလ်သို့ပေးအပ်လှူဒါန်းသည့် University Management System ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ ကိုပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ကျောင်းသားရေး ရာနှင့် သင်တန်းရေးရာလုပ်ငန်းများဖြစ်သည့် ကျောင်းအပ်နှံခြင်း၊ ကျောင်းဝင်ခွင့်လျှောက်ထားခြင်း၊ ကျောင်း လခပေးသွင်းခြင်း၊ အတန်းတက်ရောက်မှုအခြေအနေ၊ လှုပ်ရှားဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များ နှင့် စီမံခန့်ခွဲမှုများကို လွယ်ကူလျင်မြန်စွာ သိရှိဆောင်ရွက်နိုင်စေရန်လည်းကောင်း၊ ကျောင်းသား ကျောင်းသူ များအချင်းချင်းပူးပေါင်းဆက်သွယ်ရန်နှင့် သင်ကြားသင်ယူရာတွင် နည်းပညာကိုအကျိုးရှိထိရောက်စွာ အသုံးချ နိုင်ရန်လည်းကောင်း ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုအခါ တက္ကသိုလ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စီမံခန့်ခွဲရာတွင် ပိုမိုအဆင် ပြေစေရန် Blue Ocean Investment Limited ၏နည်းပညာလှူဒါန်းမှုဖြင့် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်များတွင် University Management System ကို စတင်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းသားရေးရာနှင့် သင်တန်းရေးရာလုပ်ငန်းများကို ပိုမိုလွယ်ကူစွာ အချိန်ကုန်သက်သာစွာဖြင့် စနစ်တကျဆောင်ရွက်နိုင်ကြမည်ဖြစ် ပါကြောင်း၊ လိုအပ်ချက် များကို ဆရာ ဆရာမများနှင့်ပူးပေါင်းဖြေရှင်းပြီး သင်ကြားသင်ယူရာတွင် အိုင်တီနည်းပညာကို ပိုမိုကောင်းမွန် စွာ အသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ နည်းပညာကိုအသုံးပြုရာတွင် ကျောင်းသား ကျောင်းသူများ၏အချက် အလက်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များ လုံခြုံမှုရှိရန် အရေးကြီးပါကြောင်း၊ နည်းပညာကိုအကျိုးရှိစွာ အသုံးပြု၍ တက္ကသိုလ်၏ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူ ဖြစ်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လှူဒါန်းကြသည့် အလှူရှင်များကိုလည်း ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အမှာစကားပြောကြား ပြီး Blue Ocean Investment Limited မှ Chairman ဖြစ်သူ ဦးထွန်းထွန်းနိုင်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာပြုံးပြုံးအောင်က ကျေးဇူး တင်စကားပြောကြားပြီး Ed Tech Myanmar မှ CEO ဦးဘုန်းပြည့်ဦးက University Management System မှ ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အင်းစိန်မြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)၌ ကျင်းပသည့် “ပညာရေးဝန်ကြီးဌာနနှင့် ဂျီတီအိုင် ကျောင်းသား ဟောင်းများ အသင်းတို့ ပူးပေါင်းဖွင့်လှစ်သော Sakura – Insein Technical Course လျှပ်စစ်နည်းပညာသင်တန်း အမှတ်(၇) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနသည် အသက်မွေးဝမ်းကျောင်းပညာရပ် များသင်ကြားရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ နည်းပညာ တက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများသာမက မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သက်မွေးပညာ သင်တန်းများဖွင့်လှစ်နိုင်ရန် အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက် တန်းကျောင်းများ၏ နည်းပညာကျွမ်းကျင်မှုပြိုင်ပွဲများကို အင်းစိန်ဂျီတီအိုင်တွင် နှစ်ကြိမ်တိုင်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိရေးသည် အရေးကြီးသကဲ့သို့ လျှပ်စစ်ဓာတ်အားလိုင်းများကို စနစ်တကျအန္တရာယ်ကင်းစွာ ဆက်သွယ်ရေးလုပ်ငန်းသည်လည်း အရေးကြီးပါကြောင်း၊ ယခု ဖွင့်လှစ်သော သင်တန်းများသည် နိုင်ငံတကာအဆင့်မီ နည်းစနစ်နှင့်ကျွမ်းကျင်မှု ရရှိစေသည့် လျှပ်စစ်ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများဖြစ်သည့်အတွက် နိုင်ငံတော်အတွက်များစွာ အထောက်အပံ့ဖြစ်စေပါကြောင်း၊ ဂျီတီအိုင် ကျောင်းသားဟောင်းများအသင်းအနေဖြင့်လည်း ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ သက်မွေးနည်းပညာသင်တန်းများ ဆက်လက်ဖွင့်လှစ်စေလိုပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် AGTI Society ဥက္ကဋ္ဌ ဦးငြိမ်းအောင် တို့က မှာစကားပြောကြားပြီး သင်တန်းသားများက သင်တန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြသည်။
ယင်းနောက် AGTI Society ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းအောင် လက်မှတ်များပေးအပ်ခြင်း၊ ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းနှင့် Full Attendance လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းအတွက် ပံ့ပိုးကူညီခဲ့ကြသူများအား ဂုဏ်ပြု မှတ်တမ်းများပြန်လည်ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။








No comments:

Post a Comment