Monday, July 29, 2019

ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

ရန်ကုန် ၂၀၁၉ ဇူလိုင် ၂၆
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရန်ကုန် ၂၀၁၉ ဇူလိုင် ၂၆
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားပညာရေး ဥပဒေ ပုဒ်မ ၂၆ အရ အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့်သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးရမည်ဟု ဖော်ပြထားပါသဖြင့် ထိုသို့ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေးကို ဦးတည်ရန်အတွက် တက္ကသိုလ် စီမံအုပ်ချုပ်မှု၊ ဖွဲ့စည်းပုံ (Governance, organization of universities)၊ သင်ရိုးညွှန်းတမ်း၊ သင်တန်းနှင့် သင်ကြားသင်ယူမှု နည်းလမ်း(Curriculum, program design and teaching methods)၊ သုတေသနနှင့် သုတေသနဂျာနယ်ထုတ်ဝေခြင်း(Research and publications)၊ တက္ကသိုလ်တွင်း အရည် အသွေးအာမခံမှုနှင့် ပညာရပ်ဆိုင်ရာ စံသတ်မှတ်ချက်(Quality assurance and academic standards)၊ ကျောင်းသားနှင့် သက်ဆိုင်သော ကိစ္စရပ်များ (Student-related issues)၊ ဆရာ၊ ဝန်ထမ်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များ(Staff-related issues)၊ ဘဏ္ဍာရေးနှင့်စီမံခန့်ခွဲမှု(Finance and administer ation)၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု(Issues related to internationalization)များကို ဦးတည်၍ တက္ကသိုလ်စံ သတ်မှတ်ချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ညီညီညွတ်ညွတ်ဖြင့် နိုင်ငံ၏ဂုဏ်ဆောင် တက္ကသိုလ်တစ်ခုအဖြစ် သတ်မှတ်ခံနိုင်ရန် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရည်ရှိသော ဘွဲ့ရလူငယ် မောင်မယ်များ၊ တစ်သက်တာ သင်ယူသူများ ပြုစုပျိုးထောင်ရေးကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့်နည်းပညာ တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်များနှင့် မန္တလေးတက္ကသိုလ် အစုအဖွဲ့တက္ကသိုလ်များကို အမျိုးသားပညာရေးဥပဒေအရ လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးနိုင်ရေး ဦးတည်အကောင်အထည်ဖော်မှုကို အားပေးမြှင့်တင်ရန် လိုအပ်သော ဖြည့်ဆည်းပံ့ပိုးမှုများ၊ အခက်အခဲများကို အတူပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးလိုကြောင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးတွင်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြု ရငွေသုံးငွေအတွက်လည်း တက္ကသိုလ်များက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် သွားရောက်ပြီး လိုအပ်ချက်များ တင်ပြဆောင်ရွက်ခြင်းကို အားပေးဆောင်ရွက်လျက်ရှိသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်လည်း ယခုမှစ၍ တက္ကသိုလ်ပဋိညာဉ် စာတမ်းနှင့်အညီ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ် မောင်မယ်များ၊ တစ်သက်တာသင်ယူသူများ ပြုစုပျိုးထောင်ပြီး နိုင်ငံ၏ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန်အတွက် လိုအပ်ချက်များ၊ အခက်အခဲများကို ဖြေရှင်းဖြည့်ဆည်းနိုင်ရေး စီမံကိန်းများပြုစုရန်နှင့် ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ အကျိုးရှိထိရောက်စွာ စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး စီစဉ်ရန် လိုအပ်ပါကြောင်း၊ စီမံခန့်ခွဲရေးအတွက်လည်း မွမ်းမံသင်တန်းများပေးပြီး ဆောင်ရွက်ရန် အရေးကြီး ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း မူဝါဒချမှတ်ဆောင်ရွက်၍ ကျောင်းသား ဖလှယ်ခြင်း၊ ဆရာဖလှယ်ခြင်း၊ သုတေသနပူးပေါင်းဆောင်ရွက်ခြင်း၊ သုတေသန စာတမ်းဖတ်ကြားခြင်း၊ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်း ရေးသားခြင်းများအတွက် အားပေးဆောင်ရွက်လျက်ရှိပါ ကြောင်းပြောကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က အမှာစကားပြောကြားရာတွင် ကော်မရှင်သည် ပညာရေးဝန်ကြီးဌာန၊ ပါမောက္ခချုပ်များကော်မတီတို့နှင့် ပူးပေါင်း၍ ပညာရေးမူအားလုံးကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း တက္ကသိုလ်များ၏အဆင့်အတန်းကို မြှင့်တင်နိုင်ရန်မှာ တက္ကသိုလ်၏ Brand ကို ထိန်းရန်လိုကြောင်း၊ မိမိတက္ကသိုလ်၏လိုအပ်သော Structure ကို မိမိကိုယ်တိုင် ဖန်တီးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရနိုင်သော နိုင်ငံအကျိုးပြုဘာသာရပ်များကို ဖန်တီးရန်လိုကြောင်း (ဥပမာ- ခရီးသွားလုပ်ငန်းဘာသာရပ်) သုတေသနလုပ်ရန်လည်း အရေးကြီးကြောင်း ပြောကြားသည်။ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ယနေ့အတွေ့အကြုံရှင်းလင်းပွဲတွင် တက္ကသိုလ်အလိုက် ဖွဲ့စည်းပုံများ၊ ဘတ်ဂျက်များကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ခွင့်ပြုရရှိသည်အထိ စောင့်ဆိုင်းနေရန်မဟုတ်ဘဲ လုပ်ငန်းစီမံချက်များကို ချက်ခြင်းရေးဆွဲရန်လိုအပ်ပြီး ရှေ့သို့သွားနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ခွင့်ပြုချက်ရရှိသည်နှင့်တစ်ပြိုင်တည်း ချက်ချင်းအကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် အခက်အခဲများရှိသော်လည်း တတ်နိုင်သမျှ အနစ်နာခံပြီးလုပ်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ရန်ကုန်တက္ကသိုလ်များအစုအဖွဲ့အနေဖြင့် ပူးပေါင်းလုပ်ဆောင်ပါက တက္ကသိုလ်၏ Ranking သည် အလိုလိုတက် လာမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက “Teaching for Tomorrow”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာကျော်စွာစိုးက “Effect of Digitalization on Higher Education”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)မှ ပါမောက္ခချုပ် ဒေါက်တာထင်ဇော်စိုးက “Internationalization”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နည်းပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက “University link for Industry Engagement” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက “Comprehensive University”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က “Internal Quality Assurance” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “Research Capacity Building in Universities”ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရရှိချက်အား ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က “Industrial Revolution(IR 4.0)” နှင့် “School Industry Partnership” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။ ယင်းနောက် အတွေ့အကြုံရှင်းလင်းပွဲတက်ရောက်လာကြသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ဇူလိုင်လ (၂၆)ရက်နှင့် (၂၇)ရက် နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။






No comments:

Post a Comment