Tuesday, July 2, 2019

ICT for Education Forum ဒုတိယနေ့ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၁၉ ဇွန် ၂၈
“ICT ကိုအသုံးချလို့ ပညာခေတ်ကို ဖော်ဆောင်စို့” ဖိုရမ်၏ဆောင်ပုဒ်နှင့်အညီ ICT for Education Forum ဒုတိယနေ့အစီအစဉ်ကို ၂၈ ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ ParkRoyal ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းအစီအစဉ်တွင် UNESCO Myanmar Microsoft ဆိုက်ဘာဘေးကင်းနှင့် ပညာရေးဝန်ကြီးဌာနတို့ တာဝန်ရှိသူများက ပညာရေးစံနှုန်းနှင့် မူဝါဒများဆိုင်ရာ အိုင်စီတီ နည်းပညာ၊ ပညာရေးနည်းပညာနှင့် သတင်းအချက်အလက်စနစ်များ၊ ဆိုက်ဘာဘေးကင်း အသိပေးအစီအစဉ်၊ e-Government and e-Eduation ပညာရေးမူဝါဒနှင့် စီမံကိန်းခေါင်းစဉ်ဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက်တင်ပြ ဆွေးနွေးကြသည်။ ယင်းနောက် စကားဝိုင်းဆွေးနွေးမှုတွင် ပညာရေးဆိုင်ရာ အိုင်စီတီအလေ့အကျင့်များနှင့် ဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်ဖြင့် ပညာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ Communication Strategy Task Team (CSTT) အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်(MCF)အဖွဲ့၏ ပံ့ပိုးကူညီသူနှင့် ပူးပေါင်း၍ အဖွဲ့အလိုက်ဆွေးနွေးမှုများကို အိုင်စီတီအခြေခံအဆောက်အဦ အသုံးချမှုနှင့် လက်လှမ်းမီမှု၊ သတင်းအချက်အလက်စနစ် အချက်အလက်နှင့်လုပ်ငန်းစဉ်၊ လူသားအရင်းအမြစ်နှင့် ဒစ်ဂျစ်တယ်တတ်မြောက်မှု၊ ဆိုက်ဘာ လုံခြုံရေးနှင့် အချက်အလက်လုံခြံုမှု၊ မူဝါဒအညွှန်းဘောင်ရပ်ဝန်း ခေါင်းစဉ်တို့ဖြင့် အဖွဲ့အလိုက် ဆွေးနွေးမှုများ ပြုလုပ်ကြသည်။
ညနေပိုင်းတွင် ICT for Education Forum ပိတ်ပွဲကိုကျင်းပရာ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက အမှာစကား ပြောကြားရာတွင် “အိုင်စီတီကို အသုံးချလို့ ပညာခေတ်ကိုဖော်ဆောင်စို့” ဆောင်ပုဒ်ဖြင့် (၂)ရက်တာ ကျင်းပခဲ့သော ICT for Education Forum ကို အောင်အောင်မြင်မြင် ကျင်းပနိုင်သည်ကို မြင်တွေ့ရသည့်အတွက် ဖိုရမ်ဖြစ်မြောက်ရေးတွင် စီစဉ်ဆောင်ရွက်သူများ၊ ပါဝင် တက်ရောက် ဆွေးနွေးကြသူများကိုယ်စား ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ဦးစွာပထမ ပြောကြားလိုပါကြောင်း၊
မနေ့က Technical Booths များကို လိုက်လံကြည့်ရှုလေ့လာသည့်အခါ ပညာရေးအတွက် စီမံခန့်ခွဲမှု၊ သင်ကြားသင်ယူမှုများတွင် များစွာအသုံးဝင်သော အိုင်စီတီဆိုင်ရာ နည်းပညာများကို မြင်တွေ့ရသည့်အတွက် အနာဂါတ် ပညာရေးကဏ္ဍမှာ အိုင်စီတီ အသုံးချနိုင်မှု အလားအလာများနှင့် ပတ်သက်ပြီး အင်မတန် အားရစရာ ကောင်းပါကြောင်း၊ အသုံးချနိုင်အောင်လည်း တိုက်တွန်း ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း။
ICT for Education Forum ကို (၂)ရက်တာအတွင်း ပြုလုပ်ခဲ့တဲ့ Panel Discussion၊ Technical Presentation များကနေလက်ရှိ ပညာရေးကဏ္ဍတွင် အိုင်စီတီ၏ အရေးပါမှုများ၊ အသုံးဝင်ပုံများနှင့် နောက်ဆုံးပေါ် အိုင်စီတီနည်းပညာများအကြောင်းကို လေ့လာမှတ်သား နိုင်ခဲ့မယ်ဟု မျှော်လင့်ပါကြောင်း။ ထို့အပြင် Breakout Session Workshop များတွင်ပါဝင် ဆွေးနွေးခဲ့ကြသည့် အချက်အလက်များ၊ အဆိုပြုချက်များ၊ နည်းလမ်းများသည် Communication Strategy Task Team (CSTT) အဖွဲ့၏ မျှော်မှန်းချက်ဖြစ်သည့် Communication၊ Knowledge၊ Information Management ဆိုင်ရာ ဗျူဟာတစ်ရပ်ရေးဆွဲရာတွင် များစွာအထောက်အကူပြု လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ၎င်းဗျူဟာသည် ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု၊ သင်ကြား သင်ယူမှုကိစ္စရပ်များတွင် အိုင်စီတီနှင့်ပေါင်းစပ်ပြီး ပိုမိုထိရောက်အောင်မြင်သော ပညာရေးစနစ် ဖော်ဆောင်ရာ၌ အထောက်အကူ ပြုနိုင်စေရန် ရည်ရွယ်ထားပါကြောင်း၊ ဒါကြောင့် Breakout Sessions များမှာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးခဲ့ကြသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း။
ယခု ဖိုရမ်ကျင်းပရာတွင် ကူညီထောက်ပံ့ပေးခဲ့တဲ့ ဩစတြေးလျနိုင်ငံအစိုးရ DFAT၊ လိုအပ်သော နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခဲ့သော မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF)နှင့် မိတ်ဖက်ဝန်ကြီးဌာနများ၊ ပါဝင်ဆွေးနွေးကြသည့် Panelist များ၊ Technical Presentation များတွင် ဆွေးနွေးတင်ပြပေးခဲ့ကြသော ပညာရှင်များ၊ အိုင်စီတီနည်းပညာပြခန်းများ ခင်းကျင်းပြသပေးသည့် အသင်းအဖွဲ့များ၊ တက်ကြွစွာ ပါဝင်တက်ရောက်ကြသည့် ဌာနဆိုင်ရာ အရာထမ်းအမှုထမ်းများ၊ ဆရာဆရာမများ ကျောင်းသား ကျောင်းသူများနှင့် ဖိုရမ်ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ CSTT အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်းသိရှိရသည်။










No comments:

Post a Comment