Tuesday, July 2, 2019

နေပြည်တော် ၂၀၁၉ ဇွန် ၂၂ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို ၂၂၊ ၆၊ ၂၀၁၉ ရက်နေ့ နံနက် ၈နာရီခွဲတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

နေပြည်တော် ၂၀၁၉ ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို ၂၂၊ ၆၊ ၂၀၁၉ ရက်နေ့ နံနက် ၈နာရီခွဲတွင် အဆိုပါကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ်ကလေးတိုင်း အရည်အသွေးရှိသော ပညာသင်ယူခွင့် ရရှိရေးအတွက် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာသင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားစေရေးအတွက် ယခုနှစ်တွင် ကျောင်းပေါင်း(၅၆၅၁)ကျောင်း အဆင့်တိုးမြှင့်ပေးခဲ့ပြီး ဖြူးမြို့နယ်တွင်(၈) ကျောင်းကို ကျောင်းအဆင့် တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ဆရာလိုအပ်ချက်၊ စာသင်ခန်းလိုအပ်ချက်၊ သင်ထောက်ကူပစ္စည်းများ၊ ရေ၊ သန့်စင်ခန်း၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ ဝန်ထမ်းအိမ်ယာ စသည်များအတွက်လည်း ခွင့်ပြုဘဏ္ဍာငွေနှင့် လုပ်ထုံးလုပ်နည်းများအရ အတတ်နိုင်ဆုံးဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ အထူးမေတ္တာရပ်ခံ အသိပေးလိုသည်မှာ ကျောင်းထွက်သူ လုံးဝမရှိဘဲ မူလတန်း ကျောင်းသားအားလုံး မူလတန်းပညာသင်ယူပြီးမြောက်ပြီး အလယ်တန်း အထက်တန်းပညာ ဆက်လက်သင်ယူစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ လုပ်ငန်းခွင်ထဲမသွားမီ သက်မွေးသင်တန်းကျောင်း/ သိပ္ပံ သို့မဟုတ် တက္ကသိုလ်ပညာကို ဆက်လက်သင်ယူပြီး လုပ်ငန်းခွင်ထဲတွင်လည်း ကျွမ်းကျင်မှု စိတ်အားထက်သန်မှု ပရော်ဖက်ရှင်နယ်ကောင်းဖြစ်မှု ကိုယ်ပိုင်အရည်အသွေး ပိုမိုကောင်းမွန်မှုတို့အတွက် တစ်သက်တာ သင်ယူသူများ ဖြစ်လာအောင် ပြုစုပျိုးထောင် သင်ကြား သင်ယူလေ့ကျင့်ပေးရန် အရေးကြီးပါကြောင်း၊ ပြုစုပျိုးထောင်လေ့ကျင့်ပေးရာတွင် ကလေးငယ်အားလုံး အာဟာရပြည့်ဝပြီး ကျန်းမာကြံ့ခိုင်၍ စာသင်ခန်းနှင့် ကျောင်းတွင်ပျော်ရွှင်ရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ ကျောင်းလုပ်ငန်းခွင်တွင် ပျော်ရွှင်ချမ်းမြေ့စေရန် ကျောင်းအုပ်ကြီးများက အခက်အခဲများနှင့် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့်လည်း ကလေးများအပြန်အလှန် နားလည်ကူညီတတ်ရန်၊ စာမှန်မှန်ဖတ်ရန်၊ ပူးပေါင်းဆောင်ရွက်တတ်ရန်၊ သန့်ရှင်းရေးလုပ်ရန် စသည့်လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက် အားပေးခြင်းအားဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသားများကို ပိုမိုထူးချွန်ထက်မြက်လာအောင်၊ သာမာန်အောက် ကျောင်းသားများကို သာမာန်အဆင့် ရောက်လာအောင် သင်ယူရန်ခက်ခဲသူများကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီး ကြံ့ကြံ့ခံရင်ဆိုင် ရှင်သန်နိုင်ရေးအတွက် လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းသား ကျောင်းသူများအားလုံး ၂၁ရာစုအခြေအနေနှင့် လိုက်လျောညီထွေရှိသည့် အရည်အသွေးရှိသော ပညာများ သင်ယူခွင့်ရရှိအောင် ဆောင်ရွက်နေပါကြောင်း၊ ကျောင်းတော်ကြီးမှ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဖြူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင် ဦးစိုးသူက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသားမိဘများ တွေ့ဆုံပွဲသို့ တက်ရောက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား မိဘများမှ ပညာရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိရှိလိုသော မေးခွန်းများကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြူးမြို့နယ်အတွင်းရှိ လိုအပ်ချက်ရှိသော ကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူကြပါသည်။






No comments:

Post a Comment