Thursday, August 1, 2019

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ ဇူလိုင် ၃၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာ/ကွန်ပျူတာ တက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ရုံး(၁၃) အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ နည်းပညာ/ကွန်ပျူတာက္ကသိုလ်(၆၀)မှ ကျောင်း ကိုယ်စားလှယ် ဆရာဆရာမ (၁၂၀)ဦး၊ နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်(၁၀)ဦး နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရာထူးတိုး/ ပြောင်းရွှေ့မှုဆိုင်ရာ နှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အတည်ပြုထားသော သတ်မှတ်ချက်များဖြင့် တရားမျှတမှု အရှိဆုံးဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များသည် ယခုမှသတ်မှတ်ရခြင်း ဖြစ်သည့်အတွက် မသတ်မှတ်မီကာလနှင့် သတ်မှတ်ပြီးကာလများကွာခြားမှုရှိမှာ ဖြစ်ပါကြောင်း၊ ကွာခြားမှုရှိသည့်အတွက် နစ်နာသည်ဟု ယူဆသူများရှိနိုင်သလို အားသာချက်ရရှိသည်ဟု ခံစားသူများလည်းရှိနိုင်ပါကြောင်း၊ သို့သော် ပညာရေး ဝန်ကြီးဌာနအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ဘဲ နိုင်ငံဖွံ့ဖြိုး တိုးတက်ရန်နှင့် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက်သည်သာ ပထမဦးစားပေး ဖြစ်ပါကြောင်း၊ တက္ကသိုလ်များကို စည်းမျဉ်းစည်းကမ်းသတ်မှတ်သည့်ကာလကို အသိပေးပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးလိုခြင်းဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်နှင့်ပူးပေါင်းဆောင်ရွက်သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်များနှင့် မန္တလေးတက္ကသိုလ်နှင့်ပူးပေါင်းသည့် မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး)များတို့ကို စွမ်းဆောင်ရည် အပေါ်အခြေခံပြီး တရားမျှတစွာယှဉ်ပြိုင်၍ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူး တိုးများကိုလည်း ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများကို Life Long Learning နှင့် Continuous Professional Development တို့အတွက် နိုင်ငံခြားပညာတော်သင်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ နှင့်သုတေသနလုပ်ရန်၊ သုတေသနစာတမ်းများပြုလုပ်ရန်အတွက် အားပေးနေပါကြောင်း၊ ကိုယ်တာဝန် ထမ်းဆောင်နေသည့် တက္ကသိုလ်များ၊ ကိုယ်၏နိုင်ငံ ရေရှည်ဖွံ့ဖြိုးတက်ရေးကို ဦးစားပေးမျှော်မှန်းပြီး၊ ဦးတည်ပြီး ဆွေးနွေးပေးစေလိုပါကြောင်း၊ တန်ဖိုးထား လေးစားရသည့် သိက္ခာရှိသော တက္ကသိုလ်များအဖြစ်ရပ်တည်နိုင်ရေး အရေးကြီးပါ ကြောင်းစသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နည်းပညာ/ ကွန်ပျူတာတက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ ပြောင်းဆောင်ရွက်မည့် တန်းစီဇယားရေးဆွဲရေးမူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သတင်း ရရှိသည်။




No comments:

Post a Comment