အခြေခံပညာအထက်တန်းကျောင်း ကျောင်းကုန်းဆိပ်ကြီး
ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် သန့်စင်မေတ္တာအဖွဲ့မှလှူဒါန်းသည့်
ရေအိမ်နှင့်စင်္ကြန်လျှောက်လမ်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ကျောင်းကုန်းဆိပ်ကြီး
အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး
ဒေါက်တာအဲန်နာ ရွှေလွှမ်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုလေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ၊ ကျောင်းကုန်းဆိပ်ကြီး
အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်တို့က
ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း ဆိုင်းဘုတ်အား
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာအဲန်နာရွှေလွှမ်း၊ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် သန့်စင်မေတ္တာအဖွဲ့မှ
ဥက္ကဋ္ဌဦးနေအုပ်တို့က ရေအိမ်နှင့်စင်္ကြန်လျှောက်လမ်းများ
လွှဲပြောင်းပေးအပ်ခြင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ယင်းနောက်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
အမှာစကားပြောကြားရာတွင် အခြေခံပညာ အထက်တန်းကျောင်းအဆင့်သို့
တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုရန်အတွက် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်မူဖြစ်သည့်
အခြေခံပညာအထက်တန်း Grade-10 နှင့် Grade-11 တက်ရောက်သည့်
ကျောင်းသားဦးရေ(၂၀ဝ) ပြည့်ရမည်ဖြစ်ပါကြောင်း၊ အနီးဆုံး
အခြေခံပညာအထက်တန်းကျောင်းနှင့် (၁၀)မိုင်ကွာဝေးရမည် ဖြစ်ပါကြောင်း၊
ယခုအဆင့် တိုးမြှင့်သည့်ကျောင်းသည် ကျောင်းသား ကျောင်းသူ(၂၆၈)ဦးရှိပြီး
သတ်မှတ်ချက်နှင့် ကိုက်ညီသည့်အတွက် ကျောင်းအဆင့်တိုးမြှင့်
ဖွင့်လှစ်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောင်းကုန်းဆိပ်ကြီးတွင်
နေထိုင်သူအိမ်ခြေ(၁၀၁၄)အိမ် ကျောင်းသား ကျောင်းသူ(၁၃၂၈)ဦးရှိ၍
ရပ်ရွာအနေဖြင့် ပညာရေးကိုအားပေးပြီး ကျောင်းနေအရွယ်ကလေးများ
ကျောင်းတက်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ
ဆရာမများအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သည်ကို
တွေ့ရှိရသည့်အတွက် အားရဝမ်းသာဖြစ်မိပါကြောင်း၊ အလှူရှင်များအနေဖြင့်
ကျောင်းသား ကျောင်းသူကလေးငယ်များ ကျန်းမာစွာ ပညာသင်ယူခွင့်ရရှိစေရန်
ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်း၏အနေအထားအရ လိုအပ်နေသည့်
သန့်စင်ခန်းများနှင့် စင်္ကြန်လျှောက်လမ်းကို
လှူဒါန်းဆောက်လုပ်ပေးသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊
ပညာရေးဝန်ကြီးဌာနတွင် ကျောင်းဆောင်များ၊ ဆရာ ဆရာမများ
များစွာလိုအပ်လျက်ရှိပြီး မိမိတို့ တာဝန်ယူချိန်မှစ၍ ဆရာ ဆရာမများ
ပိုမိုခန့်ထားခြင်း၊ ကျောင်းဆောင်များ ပိုမိုဖြည့်ဆည်းခြင်း၊ စာသင်ခုံများ၊
စာကြည့်တိုက်များစသည့် လိုအပ်ချက်များကိုဦးစားပေး
ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍအတွက်
ဘဏ္ဍာငွေများကို နှစ်စဉ်တိုးတက်ခွင့်ပြုပေးလျက် ရှိသော်လည်း
လိုအပ်ချက်များစွာ ရှိနေဦးမည်ဖြစ်ပါကြောင်း၊ ယင်းလိုအပ်ချက်များကို
ဖြည့်ဆည်းရာတွင် အလှူရှင်များ၏ကူညီလှူဒါန်းမှု၊ ဒေသခံ
ပြည်သူများ၏ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမှုသည်
များစွာအထောက်အကူဖြစ်ပါကြောင်း၊ အလှူရှင်များ၊ ပြည်သူများအနေဖြင့်
ပညာရေးကဏ္ဍတွင် ပိုမိုပူးပေါင်းပါဝင်ကူညီ လှူဒါန်းပေးကြရန်အတွက်လည်း
ဖိတ်ခေါ်လိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို
လူသားကောင်းများဖြစ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပြီး
အပြန်အလှန်လေးစားကူညီတတ်သည့် စိတ်ဓာတ်ကောင်းများ၊ အများနှင့်ပူးပေါင်း
ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရန်နှင့် တစ်ဦးအပေါ်တစ်ဦး
အကူအညီပေးသည့် ကျေးဇူးတန်ဖိုးကို သိရှိနားလည်တတ်သူများ ဖြစ်လာစေရန်၊
တာဝန်ယူတာဝန်ခံ၍ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်တတ်သည့်
အလေ့အကျင့်ကောင်းရှိသူများ၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော၊
တစ်သက်တာသင်ယူသူများ ဖြစ်လာစေရန် သင်ကြားသင်ယူလေ့ကျင့်
ပေးရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲတွင် ရမှတ်များများရရှိစေရန်
သင်ယူခြင်းမျိုးမဟုတ်ဘဲ သင်ယူပြီးရင်း သင်ယူနေသည့် တစ်သက်တာသင်ယူခြင်းကို
အားပေးကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိဘများအနေဖြင့်
ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊
ယနေ့ခေတ်သည် နည်းပညာဖွံ့ဖြိုးတိုးတက်သည့် ခေတ်ဖြစ်သည့်အတွက်
လူငယ်များအနေဖြင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိမှသာ
အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာနှင့်
သက်မွေးပညာရပ်များကိုလည်း ပထမတန်းစားပညာရေးအဖြစ်သတ်မှတ်၍
သင်ယူကြရန်လိုအပ်ပြီး မိမိတို့ဒေသ၏ကောင်းကျိုး၊ ကမ္ဘာကြီး၏ကောင်းကျိုးကို
ဖန်တီးဆောင်ရွက်ပေးနိုင်သည့် ကောင်းမွန်သောသဘောထား အမြင်ရှိသည့်
ကျောင်းသားကျောင်းသူများ၊ လူငယ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်ပါက
မိမိတို့နိုင်ငံ၏ပညာရေးကို အများကတန်ဖိုးထား လေးစားလာမည်ဖြစ်ပါကြောင်း၊
ယနေ့ အဆင့်တိုးမြှင့်သည့်ကျောင်းသည် အထက်တန်းကျောင်းဖြစ်သည့်အတွက်
အထက်တန်းကျောင်းသား ကျောင်းသူများသည် ဝါသနာပါရာကိုသာ ရွေးချယ်သင်ယူကြရန်
အရေးကြီးပြီး ဘာသာတွဲရွေးချယ်မှု မှန်ကန်ရန်လည်း လိုအပ်ပါကြောင်း၊
မိမိတို့၏ကျောင်းကို အများကတန်ဖိုးထားလေးစားပြီး ဂုဏ်သိက္ခာရှိသော
ကျောင်းဖြစ်လာစေရန် အားလုံးကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း
ပြောကြားသည်။ ထို့နောက် သန့်စင်မေတ္တာအဖွဲ့မှ ဥက္ကဋ္ဌ ဦးနေအုပ်က
လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းကုန်းဆိပ်ကြီး
အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်က
ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများအား ကျောင်းအုပ်ဆရာမကြီး
ဒေါ်ခင်ဆန်းမော်က ကျောင်းအဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ်အလံပေးအပ်သည်။
ထို့နောက် အေးမေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးက သန့်စင်မေတ္တာအဖွဲ့
ဥက္ကဋ္ဌအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး သန့်စင်မေတ္တာအဖွဲ့မှ
ဒေါက်တာအဲန်နာရွှေလွှမ်းက အလှူရှင်များအား ကျေးဇူးတင်လွှာပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment