နေပြည်တော် ၂၀၁၉ ဩဂုတ် ၂၁
(၁၂)ကြိမ်မြောက် ပညာရေး၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန၏ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများကို ဝိုင်းဝန်းကူညီပေးကြပါသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်းနှင့်အညီ သင်ရိုးညွှန်းတမ်းများကို ပြုပြင်လျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10တို့ကို သင်ရိုးသစ်ဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် (KG+12)ပညာရေးအတွက် သင်ရိုးသစ် များအားလုံးပြုစုပြီးစီးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ် ဖြစ်သည့် အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါး အန္တရာယ်နှင့်ဆိုးကျိုးများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းယာသုံးစွဲမှု အန္တရာယ်နှင့်ဆိုးကျိုးများ၊ အရက်၊ဘီယာ သောက်သုံးခြင်းအန္တရာယ်နှင့်ဆိုးကျိုးများကို အသိပညာပေးကာ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွား ကျန်းမာရေးကိစ္စရပ်များကို လူထုလှုပ်ရှားမှု အသွင်ဖြင့် အသိပညာပေးရေး၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလန်းမှု လျော့နည်းပပျောက်ရေးတို့ကို မိဘ၊ အုပ်ထိန်းသူ၊ ဆရာများ၊ တက္ကသိုလ်များမှ လုပ်အားပေး ကျောင်းသားကျောင်းသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ရန်စီစဉ် လျက်ရှိပါကြောင်း၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း(National Education Strategic Plan-NESP) (၂၀၁၆-၂၀၂၁)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကာလဝက် ပြန်လည်သုံးသပ်မှု လုပ်ငန်း (NESP Mid-Term Review-MTR)များဆောင်ရွက်နိုင်ရန် MTR Reference Group ကို ဖွဲ့စည်းခဲ့့ပြီး အလုပ်ရုံဆွေးနွေးပွဲများကျင်းပရာ အစီရင်ခံစာ ပြုစုလျက်ရှိပါကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအနေဖြင့် MTR လုပ်ငန်းအောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း၊ ဒေသလိုအပ်ချက်နှင့် ပုဂ္ဂလိက ကဏ္ဍလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်ရန်အတွက် ကျောင်းများနှင့်စက်ရုံ၊အလုပ်ရုံများ ပူးပေါင်းဆောင်ရွက်မှု (Schools and Industry Prtnership-SIP)ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် သတင်း အချက်အလက်ဆက်သွယ်မှု လျင်မြန်မှန်ကန်တိကျစွာရရှိနိုင်ရန်အတွက် Communication for Management C4M App ကို မြို့နယ်များတွင် စမ်းသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုလုပ်ငန်းများကို အားပေးလျက်ရှိပါ ကြောင်း၊ ဆရာအတတ်ပညာ အရည်အသွေးမြင့်မား စေရန်အတွက် (၂)နှစ်သင် ပညာရေး ကောလိပ်များကို (၄)နှစ်သင် ဒီဂရီကောလိပ်များအဖြစ် တိုးမြှင့်သင်ကြားမှုကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင် ရန်အတွက် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းနှင့် စီမံခန့်ခွဲမှုသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ရာ ဖွံဖြိုးမှုမိတ်ဖက်များက ဆွေးနွေးအကြံပြုပေးရန်ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ဆောင်လျက်ရှိသည့် ပညာရေးကဏ္ဍမှ ဆောင်ရွက်ပြီးစီးမှုများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် နောက်ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများကို ဆွေးနွေးအဖြေရှာ ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် သြစတြေးလျသံရုံး အတွင်းဝန် Mr. Tim Vistarini က မိတ်ဆက် စကားပြောကြားသည်။ ယင်းနောက် ပညာရေး၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ ကဏ္ဍခွဲလုပ်ငန်းအဖွဲ့(၇)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ဖြေကြားကြပါသည်။ အစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီး ဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဖွံဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment