Thursday, August 15, 2019

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ခရမ်းကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ RC နှစ်ထပ် ကျောင်းဆောင်သစ်အား လွှဲပြောင်းအပ်နှံခြင်းနှင့် ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ် ၇

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ (၁၃၀ပေ X ၃၀ပေ) RC နှစ်ထပ် ကျောင်းဆောင်သစ်အားလွှဲပြောင်းအပ်နှံခြင်းနှင့် ဖွင့်လှစ်ခြင်း အခမ်းအနားကို ၇၊၈၊၂၀၁၉ ရက်နေ့ နေ့လယ်(၂)နာရီတွင် အဆိုပါကျောင်း၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီ ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းနှင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက် ပေးကြသူများအားလုံးကို ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရန်အတွက် ကျောင်းရှိရေး၊ ဆရာဆရာမရရှိရေး၊ ဘေးကင်းလုံခြုံစိတ်ချရပြီး ကလေးပျော်သည့်ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်သော စာသင်ခန်းများရရှိရေး လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းဆောင်ပေါင်း ၄၅၀၀၀ ဝန်းကျင်ခန့်လိုအပ်လျက်ရှိနေရာယခု ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေအရ ကျောင်းအဆောက်အဦးပေါင်း ၄၇၉၉ ခုကိုတည်ဆောက်ပေးနိုင်ခဲ့ ပါကြောင်း၊ ကျောင်းသား ကျောင်းသူများပညာရည်တိုးတက်မြင့်မားရေးအတွက် မိဘများအနေဖြင့် ဆရာဆရာမများ၊ကျောင်းအုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းနေမြဲရေး၊ မူလတန်း ပညာသင်ယူပြီးမြောက်ရေး၊ တတိယတန်းကျောင်းသားကျောင်းသူတိုင်း အခြေခံအဖတ်၊အရေး၊အတွက် ကောင်းမွန်စွာတတ်မြောက်ရေး ဆောင်ရွက်နေပါကြောင်း၊ စနစ်သစ်ပညာရေးပြုပြင်ပြောင်းလဲမှုသည် ရလဒ်ကို ဦးတည်သည့် ပညာရေး မဟုတ်ဘဲ မိမိကိုယ်တိုင်တတ်မြောက်မှုကိုသာပြိုင်သည့်စနစ်ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဖို့ သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်းသင်ယူဖို့သာဖြစ်ပါကြောင်း၊ စာမေးပွဲကိုအားမပေးသော်လည်း A အဆင့်ရရှိသည့်ကလေးက A+အဆင့်ရရှိရေး၊ B အဆင့်ရရှိသည့်ကလေးက A အဆင့်ရရှိရေး၊ C အဆင့်ရရှိသည့်ကလေးက B အဆင့်ရရှိလာရေး မြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီးတဖြေးဖြေးနှင့်ကျောင်းသားကျောင်းသူများ၏ အရည်အသွေးကိုပိုမိုတိုးတက်လာအောင် သင်ကြားသင်ယူ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ဆရာဆရာမများအနေဖြင့် မိမိတို့ကျောင်းသားကျောင်းသူများအား လူသားကောင်းများဖြစ်အောင်၊ အများနှင့်ပူးပေါင်းဆောင်ရွက် တတ်အောင်၊ တာဝန်ယူတာဝန်ခံပြီးဆောင်ရွက်တတ်အောင်၊ ဆန်းသစ်တီထွင် ဖန်တီး ဆောင်ရွက်တတ်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊
ပညာရေးပြုပြင်ပြောင်းလဲမှုဖြစ်သည့် စနစ်သစ်သင်ရိုးများအားဂျပန်မှ JICA(CREATE) အဖွဲ့ကလေ့လာဆန်းစစ်ကြည့်ရာတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (Grade-2 ) ဒုတိယတန်းကျောင်းသုံးဖတ်စာအုပ်(သင်္ချာ)အသစ်နှင့် ယခင်ကျောင်းသုံး ဖတ်စာအုပ်(သင်္ချာ)အဟောင်းတွင် ကျောင်းသားကျောင်းသူများသည် ကျောင်းသုံး ဖတ်စာအုပ်(သင်္ချာ)အသစ်ကိုပိုမိုကြိုက်နှစ်သက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီးမေးခွန်းစစ်မေးရာတွင် ရမှတ်ပိုမို ကောင်းမွန်ပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများကို ပိုမိုဖြေဆိုနိုင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဖတ်စာအုပ်အသစ်ကို စိတ်ဝင်စားမှု မြင့်မားလာပြီးပိုမိုအသုံးပြုလာကြသည်ကိုတွေ့ရှိရပါကြောင်း၊ ကျောင်းသားကျောင်းသူများ အကြိုက်နှစ်သက်ဆုံး ကျောင်းသုံးဖတ်စာအုပ်အသစ်များမှာ မြန်မာစာ(၂၅.၉ ရာခိုင်နှုန်း)၊ ပန်းချီ(၂၅.၈ ရာခိုင်နှုန်း)၊ အင်္ဂလိပ်စာ(၁၆.၉ ရာခိုင်နှုန်း)၊ ကာယပညာ(၈.၁ ရာခိုင်နှုန်း)၊ သင်္ချာ(၈.၀ ရာခိုင်နှုန်း) ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုသင်ကြားသင်ယူလေ့ကျင့်ခြင်းများဖြင့် ကျောင်းသုံး ဖတ်စာအုပ် အသစ်များအပေါ် ကျောင်းသား ကျောင်းသူများ၏ စိတ်ဝင်စားမှုနှင့် အကောင်းမြင်သဘောထားများပိုမိုမြင့်မားလာပါကြောင်း၊ စာသင်ခန်းတွင်လည်း ပိုမိုအသုံးပြုကြသည်ကိုတွေ့ရှိရပါကြောင်း၊ ဆရာဆရာမများ၏ စစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုစွမ်းရည်များပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရပါကြောင်း၊မိဘများအနေဖြင့် မိမိတို့ကလေး၏ ပညာရေးအခြေအနေကို သိရှိအောင်ကြိုးစားပြီး ပိုမိုထူးချွန်တိုးတက်လာအောင် ဆရာဆရာမများ၊ ကျောင်းအုပ်များ၊ ပညာရေးမိသားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များအားလုံးနှင့်တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုပါကြောင်းစသည်ဖြင့်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောပိုးအိတ်(၁၀၀)ကိုပေးအပ်လှူဒါန်းရာ GRADE-6 ကျောင်းသားကျောင်းသူလေးများကလက်ခံရယူကြသည်။ ဆက်လက်၍ လင်းရာဇာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးတင့်လွင်ဦးကကျောင်းဆောင်သစ်ကိုလွှဲပြောင်းပေးအပ်၍ စာရေးခုံအစုံ(၂၀၀)အတွက် ငွေကျပ်(၁၀)သိန်းကိုပေးအပ်လှူဒါန်းရာကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်ယုကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့်ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။


No comments:

Post a Comment