နေပြည်တော် ၂၀၁၉ သြဂုတ် ၉
ELCM
စီမံကိန်း ဒုတိယအဆင့်အလုပ်ရုံဆွေးနွေးပွဲ
ပြီးမြောက်ခြင်းအထိမ်းအမှတ်အခမ်းအနားကို ၉-၈-၂၀၁၉ ရက်နေ့ ညနေ(၆း၃၀)နာရီတွင်
ညောင်ရွှေမြို့ Aureum Palace Hotel ၌ ကျင်းပသည်။ ရှေးဦးစွာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
အမှာစကားပြောကြားရာတွင် ELCM စီမံကိန်းကတစ်ဆင့် မြန်မာနိုင်ငံ၏
ပညာရေးပြုပြင်ပြောင်းလဲမှုကာလတွင် လူငယ်နှင့်လူကြီးများ ဦးဆောင်၍
အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ELCM
စီမံကိန်းတွင်ပါရှိသည့် လုပ်ငန်းစဉ်များသည် လက်တွေ့ကျသည့်
ပူးပေါင်းဆောင်သော လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ capacity building
workshops ကို စီစဉ်ပြုလုပ်ပေးကြသူအများစုသည် မြို့ကြီးများတွင်သာ
အဓိကပြုလုပ်လေ့ရှိကြသည့်အတွက် နယ်တက္ကသိုလ်များမှ ဆရာ ဆရာမအနည်းငယ်သာ
ပါဝင်ခွင့်ရလေ့ရှိပါကြောင်း၊ ယခုELCM စီမံကိန်းသည်
သာမာန်အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ကျင်းပသည့်ပုံစံများကခွဲထွက်ပြီး
ဝေးလံသည့်နယ်စပ်မြို့များသို့ အရောက်သွား၍ စီစဉ်ကျင်းပသည့်အတွက်
အလွန်ကောင်းမွန်သည့် စီစဉ်မှုပုံစံဖြစ်ပါကြောင်း၊
ပထမအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဦးဆောင်မှုနှင့်
သက်ဆိုင်သည့်အခက်အခဲများနှင့် စာသင်ခန်းတွင်း
စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် အခက်အခဲများကို
ဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့်အတူ လက်တွေ့ကျကျ စဉ်းစားတင်ပြထားသည်ကို
တွေ့ရပါကြောင်း၊ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်
ဖြစ်လာစေရေး ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ Comprehensive &
Autonomous တက္ကသိုလ်စနစ်တွင် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့်
အမေရိကန်ပြည်ထောင်စုမှ တက္ကသိုလ်များ၏ ပညာရေးနှင့် စီမံခန့်ခွဲမှုစနစ်ကို
လေ့လာခြင်းသည်လည်း ယနေ့မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများတွင်
အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အမေရိကန်ပညာတော်သင်
မြန်မာနိုင်ငံသားလူငယ်များက ဦးဆောင်ပြီး အမေရိကန်နိုင်ငံ၏ပညာရေးစနစ်နှင့်
ပတ်သက်သောအကြောင်းအရာ၊ အယူအဆနှင့် အတွေးအခေါ်များကို မိမိတို့ဆရာ ဆရာမများ
ပူးပေါင်းဆောင်ရွက်ကြခြင်းသည် လွတ်လပ်သော
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်များ ထူထောင်ရေးအတွက် အထောက်အကူပြုသည့်
အကျိုးကျေးဇူးများ ဖြစ်ထွန်းမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က
ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအား
ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဖြည့်စွက်အမှာစကား ပြောကြားသည်။ ဆက်လက်၍
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ယဉ်ကျေးမှုအရာရှိ Dr.Sylvia Young က
အမှာစကားပြောကြားသည်။ ယင်းနောက် NothernIllnois University ဥက္ကဋ္ဌ
Dr.Lisa Freeman ၏ သဝဏ်လွှာကို ELCM စီမံကိန်းဒါရိုက်တာ ဦးရဲပြည့်သူက
ဖတ်ကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်
လူမှုရေးဝန်ကြီးတို့က ထူးချွန်ဆရာဆရာမများ၊
စီမံကိန်းတွင်ပါဝင်ကူညီသူများနှင့် အလှူရှင်များအား ဆုချီးမြှင့်သည်။
ထို့နောက် ELCM စီမံကိန်းမှ အလုပ်ရုံဆွေးနွေးပွဲရလဒ် စစ်တမ်းကောက်ယူမှု
အစီရင်ခံစာအား ပါဝါပွိုင့်ဖြင့် တင်ပြသည်။ ယင်းနောက် ELCM စီမံကိန်းမှ
ဒါရိုက်တာကိုအာကာကျော်က အလုပ်ရုံဆွေးနွေးပွဲပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမှတ်တရလက်ဆောင် ပန်းချီကားများကို ပေးအပ်ကြသည်။
ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊
တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ယဉ်ကျေးမှုအရာရှိ Dr.Sylvia Young
နှင့် သံရုံးမှတာဝန်ရှိသူများ၊ ELCM စီမံကိန်းနှင့်ဆက်စပ်တက္ကသိုလ်(၁၈)ခုမှ
သက်ဆိုင်ရာဆရာ ဆရာမများ၊ ပညာတော်သင်ပြန် မြန်မာပညာရှင်များ၊
သက်ဆိုင်ရာနယ်ပယ်များမှ မြန်မာပညာရှင်များ၊ အလှူ့ရှင်များ၊
စီမံကိန်း၏နှစ်ရှည်စေတနာ့ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်
သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ELCM စီမံကိန်းသည်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာန၊
အမေရိကန်အစိုးရပညာတော်သင်ပြန် မြန်မာများနှင့် Taxila Institute
တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ သြဂုတ်လအတွင်း ဘားအံ၊
လွိုင်ကော်၊ ကလေး၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ ပင်လုံစသော
မြန်မာနိုင်ငံနယ်စပ်မြို့(၆)မြို့ရှိ တက္ကသိုလ်(၁၈)ခုမှ ဆရာ ဆရာမ(၂၁၆)ဦးအား
ပညာရေးခေါင်းဆောင်မှုနှင့် စာသင်ခန်းအတွင်း
စီမံခန့်ခွဲမှုဆိုင်ရာစွမ်းရည်များ မြှင့်တင်ပေးသော သင်ကြားပေးသော
စီမံကိန်းတစ်ရပ်ဖြစ်သည်။ ELCM စီမံကိန်း၏ ဒုတိယအဆင့်သည့်
ပထမအဆင့်အလုပ်ရုံဆွေးနွေးပွဲ တစ်ပွဲချင်းစီတွင် တက်ရောက်ခဲ့သော ဆရာ
ဆရာမ(၃၆)ဦးအနက် တက္ကသိုလ်တစ်ခုလျှင် စွမ်းဆောင်ရည်ရမှတ်
အများဆုံးရရှိခဲ့သော ဆရာ ဆရာမများအား ရွေးချယ်ကာ အင်းလေးဒေသတွင် ဒုတိယအဆင့်
အလုပ်ရုံဆွေးနွေးပွဲကို(၂)ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နေ့လယ်
(၁)နာရီတွင် တောင်ကြီးတက္ကသိုလ်၌ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊
ပါမောက္ခချုပ်များကော်မတီတို့က စီစဉ်ကျင်းပသည့်
ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ Effective Leadership in higher
Educationခေါင်းစဉ်ဖြင့် ဟောပြောသည့် ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment