Thursday, August 29, 2019

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲ တက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၁၉ သြဂုတ် ၂၃
အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံရှင်းလင်းပွဲအား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲ(၂)နာရီတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့ပညာရေးသည် စက်မှု ၄.၀ (Industrial Revolution-IR 4.0)၏ စိန်ခေါ်မှုနှင့် တွေ့ကြုံနေရပါကြောင်း၊ ပညာရေး၏ တီထွင်ဆန်းသစ်ဖန်တီးနိုင်မှုများနှင့် အလားအလာကောင်းမွန်မှုများကြောင့် စက်မှု ၄.၀ ကိုလည်းကောင်း ကျိုးပြုနိုင်စွမ်းရှိပါကြောင်း၊ တက္ကသိုလ်များတွင် သင်ရိုးညွှန်းတမ်းကို ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအဖြစ် စက်မှု ၄.၀ နှင့် လိုက်လျောညီထွေ ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဘာသာရပ်နယ်ပယ်များတွင် IoT, Big data analysis, cyber-physical systems or robotics တို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များအားလုံး ထိုကဲ့သို့ဘာသာရပ်နယ်ပယ်များနှင့် စက်မှု ၄.၀ တို့ကိုပေါင်းစပ် ဆောင်ရွက်ရန်ကြိုးပမ်းရာတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေကြရပါကြောင်း၊ တက္ကသိုလ်များတွင် ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအတွက် စကားဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စက်မှု ၄.၀ နှင့်ပတ်သက်သော အခမ်းအနားများကျင်းပရန် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ တက္ကသိုလ်များသင်ရိုးညွှန်းတမ်း ပြင်ဆင်ဆောင်ရွက်ရာတွင် မည်သို့ပူးပေါင်းပံ့ပိုးကူညီနိုင်သည်ကို အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာ၍ ဆောင်ရွက်သင့်ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်တွင် သင်ယူပြီးရင်းသင်ယူနေရပြီး ဘဝတစ်သက်တာ သင်ယူကြရမှာဖြစ်ပါကြောင်း၊ မိမိတို့ ကျောင်းသား ကျောင်းသူများအား ဉာဏ်ပညာအမြော်အမြင်ရှိစေရန် ဦးတည်သည့် စွမ်းရည်များရရှိရေး၊ လုပ်ငန်းခွင်လိုအပ်ချက်အတွက် နည်းပညာနှင့် သက်မွေးဆိုင်ရာ ကျွမ်းကျင်မှုပြည့်ဝစေရေးအတွက် သင်ယူလေ့ကျင့်ခြင်းတို့အပြင် ကောင်းမွန်သောသဘောထားအမြင်နှင့် မိမိတန်ဖိုးအား အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်နိုင်၍ အများအတွက် အကျိုးပြုနိုင်အောင် အသုံးချပူးပေါင်းဆောင်ရွက်တတ်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အင်္ဂလိပ်ဘာသာစကားနှင့် အိုင်စီတီ ကျွမ်းကျင်အောင် လေ့ကျင့်ပေးရန်၊ အသုံးချသုတေသနများ တိုးမြှင့်ဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှုနည်းလမ်း၊ အရည်အသွေးအာမခံမှု၊ ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ငါးမွေမြူရေး၊ ရေနှင့်သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးဥပဒေ၊ နိုင်ငံတကာဥပဒေ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေး၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ၊ အခြေခံအဆောက်အဦ (မြို့ပြ၊ လျှပ်စစ်)၊ အော်တိုမေးရှင်း၊ ဒီဂျစ်တိုက်ဇေးရှင်း၊ ကလောက်၊ ဒရုန်း၊ အင်တာနက်၊ ဝက်နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ စက်မှုဒီဇိုင်း၊ မိုဘိုင်းနည်းပညာ၊ ဒေတာအချက်အလက်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး၊ လေကြောင်းနှင့်အာကာသနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ဆက်သွယ်ရေးကွန်ရက်၊ မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်း၊ လေယာဉ်ပြုပြင် ထိန်းသိမ်းခြင်း၊ သက်ကြီးစောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်းမှုပညာရပ်များကိုလည်း ထည့်သွင်းလေ့ကျင့် သင်ကြားပေးနိုင်ရန် လိုအပ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲအား အစီအစဉ်အတိုင်းဆက်လက်ကျင်းပကြသည်။ ယနေ့အခမ်းအနားသို့ အမျိုးသားပညာရေးပညာရေး မူဝါဒကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဌာနမှူးများ၊ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


No comments:

Post a Comment