နေပြည်တော် ၂၀၁၉ သြဂုတ် ၁၃အခြေခံဆရာခန့်ထားမှုနှင့်စပ်လျဉ်းသည့်
ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီတွင် နေပြည်တော်၊
ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့်
အရည်အသွေးရှိသောပညာစနစ်ကို ဦးတည်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊
အရည်အချင်း ရှိသူ၊ တော်သူများအား ဆရာဆရာမခန့်ထားခြင်း၊
ရာထူးတိုးမြှင့်ပေးခြင်းနှင့်အခွင့်အလမ်းများမြှင့်တင်ပေးခြင်း
တို့ကိုဆောင်ရွက်သွားမည်ပါကြောင်း၊ (၂)နှစ်သင် ပညာရေးကောလိပ်များကိုလည်း
(၄)နှစ်သင် ပညာရေးဒီဂရီ ကောလိပ်အဖြစ်
အဆင့်မြှင့်တင်ရန်စီစဉ်ဆောင်ရွက်နေပါကြောင်း၊
အရည်အချင်းနှင့်အတွေ့အကြုံရှိသော မူလတန်းပြ ဆရာဆရာမများကို
ရာထူးတိုးစနစ်ကြောင့် ဆုံးရှုံးနေရခြင်းကြောင့် အရည်အသွေးရှိသော ပညာရေး
စနစ်ကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နေပါကြောင်း၊
နှစ်ပေါင်းများစွာ ဆရာဆရာမ၊ စာသင်ခန်း၊ စာကြည့်တိုက်၊
သင်ထောက်ကူပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များ၊
အားကစားကွင်းစသည်ဖြင့်လိုအပ်ချက်များ အင်မတန်များပြားသဖြင့် ၂၀၁၆ခုနှစ်
ဧပြီလမှစ၍ နိုင်ငံတော်ဘဏ္ဍာ ငွေကို
အကျိုးရှိထိရောက်စွာအသုံးပြု၍ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေပါကြောင်း၊
ထိုလိုအပ်ချက်များကို ဦးစားပေးအလိုက်
စာရင်းများပြုစုတင်ပြရန်လိုအပ်ပါကြောင်း၊ ရရှိသည့်နိုင်ငံတော်၏
ခွင့်ပြုဘဏ္ဍာငွေများအား လုပ်ထုံးလုပ်နည်းနှင့်အညီ
လိုအပ်ချက်များအဆင့်ဆင့်ဖြည့်ဆည်းနိုင်ရေး ထိရောက်ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
အမှားအယွင်းမခံပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ
ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံ/
အဆင့်မြင့်ဆရာဆရာမများ၊
ဆရာသမဂ္ဂ၊ကျောင်းသားသမဂ္ဂများ၏တင်ပြချက်၊အသံများကိုလည်း လေးစားစွာ
နားထောင်၍ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ မိမိတို့၏ကျောင်း၊ ကောလိပ်၊
တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နိုင်ငံတော်အတွက်လိုအပ်နေသည့်
အရည်အချင်းပြည့်ဝပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဆရာများ
ခန့်ထားနိုင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော
ကျောင်းသားကျောင်းသူ၊လူငယ်များ ပြုစုပျိုးထောင်နိုင်ရေးအတွက် အလေးထား
ဦးတည်ဆွေးနွေးညှိနှိုင်းကြစေလိုပါကြောင်းစသည်ဖြင့်
အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးကောလိပ်၊
အခြေခံပညာကျောင်းများမှ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသား
သမဂ္ဂကိုယ်စားလှယ်များက အခြေခံဆရာခန့်ထားမှုနှင့်စပ်လျဉ်း၍
ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့်
သက်ဆိုင်ရာဌာနအလိုက်တာဝန်ရှိသူများက ပြန်လည်ဆွေး၍
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြသည်။ ယနေ့အစည်းအဝေးသို့
အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာတာဝန် ရှိသူများ၊
ပညာရေးကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ဆရာသမဂ္ဂ/ကျောင်းသားသမဂ္ဂ
ကိုယ်စားလှယ် များ တက်ရောက်ကြကြောင်းသတင်းရရှိသည်။
No comments:
Post a Comment