Tuesday, August 20, 2019

ကျောင်းအခြေပြု ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ် ၁၈
ကျောင်းအခြေပြု ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ဗဟိုအဆင့် ညှိနှိုင်းစည်းဝေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ကျင်းပသည့် ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွင် သဘောတရားများ ဆွေးနွေးခြင်းထက် လက်တွေ့ကျ၍ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများဆိုင်ရာ လမ်းပြမြေပုံ၊ ဗဟာဗျူဟာ၊ ဦးစားပေး အဆင့်အလိုက် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းကဏ္ဍအလိုက် တာဝန်ခွဲဝေ ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ ပေါ်ထွက်လာရေးကို အဓိကအလေးပေး ဆွေးနွေးသွားကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ-ဆရာအသင်းများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များမှ လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုရှိမှသာ လုပ်ငန်းများ ရေရှည်တည်တံ့ကာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ပါဝင်ဆောင် ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများမှ လက်တွဲ ခေါ်ယူသွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု လမ်းကြောင်းမှန်ကန်မှု ရှိ မရှိနှင့် အောင်မြင်မှု အခြေအနေများကို စောင့်ကြည့်ခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်းကိုလည်း checklist များအသုံးပြု၍ စနစ်တကျ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။ လုပ်ငန်းများ ရေရှည်တည့်တံ့ ခိုင်မာကာ အောင်မြင်မှု ရရှိနိုင်ရေးအတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးနှင့်အားကစားကဏ္ဍတို့မှ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်တွင် ရင်းနှီးစွာချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရည်အသွေးရှိသည့် ပညာရေးကိုဦးတည်၍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် သင်ယူမှုဝန်းကျင်ကောင်းဖြင့် သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားရေးအတွက် ကာယ၊ ဉာဏ ကျန်းမာပြီး ပျော်ရွှင်စွာဖြင့် သင်ယူနိုင်စွမ်းရှိရန် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ သို့သော် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ တစ်သက်တာ သင်ယူသူများကို ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ရန်အတွက် သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲခြင်း၊ သင်ကြားသင်ယူမှု နည်းလမ်းမြှင့်တင်ခြင်း၊ အလွတ်ကျက်မှတ်သည့် စနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ ကျောင်းလိုအပ်ချက်များ ဖြည့်ဆည်းခြင်းစသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ ပူးပေါင်းပါဝင်ခြင်း စသည်တို့ဖြင့် ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း အဓိကစိန်ခေါ်မှုများဖြစ်သည့် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုနှင့် ထိခိုက်မှုအန္တရာယ်၊ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော လူနေမှုဘဝပုံစံများ များပြားလာမှု၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးမှု၊ ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း စသည်တို့၏ အန္တရာယ်များကို ကြုံတွေ့နေရပါကြောင်း။ ကျောင်းများ၊ တက္ကသိုလ်များတွင် ထိုစိန်ခေါ်မှုများကို ရင်ဆိုင်စီမံခန့်ခွဲ ဖြေရှင်းနိုင်ရေးအတွက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လိုအပ်သော လုပ်ငန်းလမ်းညွှန်များပြုစုခြင်း၊ ကာလတို ဆင့်ပွားသင်တန်းများ ပို့ချလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ပြီး အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများအား လူထုလှုပ်ရှားမှု အသွင်ဖြင့် အကျိုးရှိ ထိရောက်စွာ အသိပညာပေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆွေးနွေး အကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက အမှာစကား ပြောကြားသည်။ အဆိုပါ ညှိနှိုင်းစည်းဝေးပွဲတွင် ကျောင်းများကို အခြေပြု၍ ကျန်းမာရေး အဆင့်မြှင့်တင်ခြင်း၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးနှင့် ဂိမ်းအလွန်အကျွံ သုံးစွဲခြင်း အန္တရာယ်လျှော့ချခြင်း၊ ဆေးလိပ်ကင်းစင်ကျောင်းများ၊ ကျောင်းသားများနှင့် အရက်စွဲအန္တရာယ်၊ မူးယစ်အန္တရာယ် ကြိုတင်ကာကွယ်၊ မျိုးဆက်ပွားကျန်းမာရေးပညာပေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တားဆီးကာကွယ်၊ ကျောင်းမုန့်ဈေးတန်းများတွင် အစားအသောက်အန္တရာယ် ကင်းရှင်းရေး၊ ဘဝတွက်တာ ကျွမ်းကျင်စရာသင်ရိုး၊ ကျောင်းအခြေပြု ကျန်းမာရေး မြှင့်တင်မှု လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ မိဘဆရာအသင်း၏ အခန်းကဏ္ဍ၊ ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍ၊ ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ကြီး၏ အခန်းကဏ္ဍ စသည့်အကြောင်းအရာ ခေါင်းစဉ်များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မိဘဆရာ အသင်းကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်နှင့် ကျောင်းအုပ်ကြီး ကိုယ်စားလှယ်များမှ ဝိုင်းဖွဲ့ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းမူဘောင်၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



No comments:

Post a Comment