Thursday, August 15, 2019

ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

မန္တလေး ၂၀၁၉ သြဂုတ် ၃
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်သည့် ကျောင်းများတွင် လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေးကို ဦးတည်ရန်အတွက် တက္ကသိုလ်စီမံအုပ်ချုပ်မှု၊ ဖွဲ့စည်းပုံ(Governance, organization of universities)၊ သင်ရိုးညွှန်းတမ်း၊ သင်တန်းနှင့်သင်ကြားသင်ယူမှု နည်းလမ်း (Curriculum, program design and teaching methods)၊ သုတေသနနှင့် သုတေသနဂျာနယ် ထုတ်ဝေခြင်း(Research and publications)၊ တက္ကသိုလ်တွင်း အရည်အသွေးအာမခံမှုနှင့် ပညာရပ်ဆိုင်ရာ စံသတ်မှတ်ချက် (Quality assurance and academic standards)၊ ကျောင်းသားနှင့်သက်ဆိုင်သောကိစ္စရပ်များ(Student-related issues)၊ ဆရာ၊ ဝန်ထမ်းများနှင့် သက်ဆိုင်သော ကိစ္စရပ်များ (Staff-related issues)၊ ဘဏ္ဍာရေးနှင့်စီမံခန့်ခွဲမှု(Finance and administer ation)၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှု(Issues related to internationalization) များကို ဦးတည်၍ တက္ကသိုလ်စံသတ်မှတ်ချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ညီညီညွတ်ညွတ်ဖြင့် နိုင်ငံ၏ဂုဏ်ဆောင် တက္ကသိုလ်တစ်ခုအဖြစ် သတ်မှတ်ခံနိုင်ရန် နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရည်ရှိသော ဘွဲ့ရလူငယ် မောင်မယ်များ၊ တစ်သက်တာသင်ယူသူများ ပြုစုပျိုးထောင်ရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာစကားတက္ကသိုလ်၊ မန္တလေးအဝေးသင် တက္ကသိုလ်များတို့ကို အမျိုးသားပညာရေးဥပဒေအရ လွတ်လပ် သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးနိုင်ရေး ဦးတည်အကောင်အထည်ဖော်မှုကို အားပေးမြှင့်တင်ရန်လိုအပ်သော ဖြည့်ဆည်းပံ့ပိုးမှုများ၊ အခက်အခဲများကို အတူပူးပေါင်းဖြေရှင်းဆောင် ရွက်ပေးလိုပါကြောင်း၊ တက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ၎င်းတို့နှင့်အဆင့်တူညီသော ပုဂ္ဂိုလ်များ၊ မဟာဌာနမှူးများ၊ ဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာများက ရွေးချယ်သော ကိုယ်စားလှယ်များ၊ ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်များ၊ အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်ပညာရှင်များ အပါအဝင် သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းအရ တက္ကသိုလ်ကောင်စီကိုဖွဲ့စည်းရန်၊ တက္ကသိုလ်၏ စီမံခန့်ခွဲရေးကို တက္ကသိုလ်ကောင်စီက တာဝန်ယူဆောင်ရွက်ရန် အားပေးလိုပါသဖြင့် မန္တလေးတက္ကသိုလ် ပဋိညာဉ်စာတမ်း (Mandalay University Charter)(မူကြမ်း) ကို ရေးဆွဲအတည်ပြုနိုင်ရေး အရေးကြီးပါကြောင်း၊ တက္ကသိုလ် ပဋိညာဉ်စာတမ်းကို အတည်ပြုရန် အမျိုးသားပညာရေး မူဝါဒကော်မရှင်က ဆောင်ရွက်ရမည်ဖြစ်သော်လည်း လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးနိုင်ရေး မဟာဌာနများနှင့် လိုအပ်သောဌာနများ ပါဝင်သော ဖွဲ့စည်းပုံနှင့် ဘဏ္ဍာရေးဆိုင်ရာများအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ သဘောထားမှတ်ချက်များရရှိရေး ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ “အဆင့်မြင့်ပညာကျောင်းများသည် ပညာရေးဆိုင်ရာ လုပ်ငန်းများကို လွတ်လပ်စွာစီမံခန့်ခွဲခွင့်ရှိရန်’’ အတွက်လည်း သင်ရိုးညွှန်းတမ်း၊ သင်တန်းနှင့်သင်ကြားသင်ယူမှုနည်း လမ်းများအတွက်လည်း နိုင်ငံတကာအဆင့်မီသည့် သင်ရိုးညွှန်းတမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ရေနှင့်သဘာဝပတ်ဝန်းကျင်ပညာ၊ ငါးမွေးမြူရေးပညာ၊ မြန်မာတိုင်းရင်းသားပညာ၊ ကောက်ပဲသီးနှံပညာ၊ ဇီဝနည်းပညာ၊ အဏုဇီဝပညာ၊ ပြည်သူ့ရေးရာမူဝါဒနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးပညာ၊ ပထဝီဝင်ဆိုင်ရာနည်းပညာ စသည့် အထူးပြုဘာသာရပ်များ ဖွင့်လှစ်သင်ကြားခြင်း၊ အချို့အားကောင်းသော မော်ဂျူးများကိုလည်း နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသင်ယူခြင်း၊ တမူထူးခြားသည့် သင်ကြားသင်ယူမှု နည်းလမ်းများ အသုံးပြု၍ ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုစွမ်းရည်များ မြှင့်တင်နိုင်ရေးနှင့် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းမြှင့်တင်ရေးတို့သည်လည်း အရေးကြီးပါကြောင်း၊“အဆင့်မြင့်ပညာရေးကို အကောင်အထည်ဖော်ရာတွင် အဝေးသင်ပညာရေးစနစ်ကိုလည်း ကျင့်သုံးရန်”’ လိုအပ်ပါသဖြင့် စီးပွားရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ အိုင်တီနည်း ပညာများအတွက် လက်တွေ့ကျကျ ကျွမ်းကျင်မှုရစေမည့် သင်တန်း/ဒီပလိုမာ/ဘွဲ့သင်တန်းများကို မန္တလေးအဝေးသင်တက္ကသိုလ်နှင့်လည်း ပူးပေါင်း၍ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ “အဆင့်မြင့်ပညာသင်ကြားရေးကို အကောင်အထည်ဖော်သည့် ကျောင်းများသည် သုတေသနနှင့်ပညာရပ်ဖွံ့ဖြိုးမှုကို ဦးစားပေးဆောင်ရွက်ရန်အတွက်လည်း လူ့အဖွဲ့အစည်းများကောင်းကျိုး၊ ဒေသကောင်းကျိုး၊ နိုင်ငံကောင်းကျိုးတို့ကို အထောက်အကူပြုမည့် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ ပြည်တွင်း/ပြည်ပ သုတေသနဂျာနယ်များတွင် ရေးသားခြင်းတို့ကို အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ဦးစားပေး သုတေသနလုပ်ငန်းများပြုစုခြင်း၊ သုတေသနလုပ်ငန်းအဆိုပြုစီမံချက်ရေးသားနည်း၊ သုတေသနကျင့်ဝတ်၊ သုတေသနရန်ပုံငွေ လျှောက်ထားခြင်း၊ သုတေသနလုပ်ငန်း ဆောင်ရွက်သည့်နည်းလမ်းများ၊ သုတေသနအစီရင်ခံစာရေးသားနည်း၊ အစိုးရ/ပုဂ္ဂလိက လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများဆိုင်ရာ အရည်အသွေးမြှင့်တင်သည့် မွမ်းမံသင်တန်း၊ သုတေသနလုပ်ငန်း/ အစီရင်ခံစာမှတ်ပုံတင်ခြင်း၊ သုတေသနလုပ်ငန်းဆိုင်ရာပစ္စည်းများ ဖြည့်ဆည်းခြင်း/ မျှဝေအသုံးပြုခြင်း စသည်တို့ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ “ပညာရေးအဆင့်တိုင်းတွင် ပညာအရည်အေသွးအာမခံမှု အစီအစဉ်တစ်ရပ်ရှိရန်” အတွက်လည်း တက္ကသိုလ်၏မူဝါဒ၊ ဘက်စုံလွှမ်းခြုံသော မဟာဗျူဟာစီမံကိန်းများ၊ ပညာရပ်ဆိုင်ရာ စံသတ်မှတ်ချက်နှင့် ဆောင်ရွက်မည့် အစီစဉ်များကိုလည်း ပြုစုလိုက်နာပြီး တက္ကသိုလ်အရည်အသွေးအာမခံမှု အတွက်လည်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အေသွးအာမခံမှု အကဲဖြတ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အရေးကြီးပါကြောင်း၊ “တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင်ရွေးချယ် လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်း စာမေးပွဲရမှတ်ဖြင့်သာ စိစစ်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ လက်ခံမည့် တက္ကသိုလ်၏ လိုအပ်ချက်အရ စိစစ်ရွေးချယ်သည့် စနစ်ထားရှိရန်” နှင့် “လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့် ရပ်တည်ရေးနှင့် သင်ယူလိုသူ၏ဆန္ဒကို အခြေခံပြီး သက်ဆိုင်ရာတက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီ သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးရန်” တို့အတွက်လည်း ယခုအခါတွင် တက္ကသိုလ် ဝင်ခွင့်စနစ်ကိုလည်း ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များက လွတ်လပ်သည့် သီးခြားရွေးချယ်သည့် တက္ကသိုလ်ဝင်ခွင့်စနစ်ဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ ပြုပြင်ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် တိကျခိုင်မာသည့် တက္ကသိုလ်ဝင်ခွင့်စနစ် မူဝါဒပြုစုသတ်မှတ်ဆောင်ရွက်ရန်နှင့် တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို လိုက်နာကျင့်သုံးရန်လည်း အရေးကြီးပါကြောင်း၊ “အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်လှုပ်ရှားခွင့်ရှိရန်” အတွက်လည်း ၂၀၁၆ ခုနှစ်မှစတင်၍ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများနှင့် ပူးပေါင်းပြီး တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်များအဖြစ် အများကလေးစားတန်ဖိုးထားလာစေရေး ဝိုင်းဝန်းပူးပေါင်းကူညီ ကြိုးပမ်းဆောင်ရွက်တတ်သော အလေ့အကျင့်များဖြင့် ဆောင်ရွက်ရန်၊ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုရန် အလွန်အရေးကြီးပါကြောင်း၊ ဆရာများသည်- “သင်ကြားရေးအရည်အေသွး မြင့်မားရေးအတွက် ပြည်တွင်း၊ ပြည်ပတွင် ပညာဆက်လက်သင်ယူရန် အခွင့်အလမ်းရှိရန်”၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်တစ်ခုမှာ “ဆရာများ၏ တာဝန် ထမ်းဆောင်ခြင်းနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနနှင့် ကျောင်းများ၏ လိုအပ်ချက်အပေါ်မူတည်ပြီး စိစစ်ရွေးချယ် ခန့်အပ်တာဝန်ပေးသည့်စနစ် ထားရှိရန်အတွက်လည်း ပြည်ပတွင် ပညာဆက်လက်သင်ယူခွင့်ရရှိရန်အတွက်လည်း အားပေးခြင်း၊ အချိန်မီခွင့်ပြုချက်များ ရရှိရေးအတွက်လည်း ကြိုးပမ်းပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါသဖြင့် အခက်အခဲ၊ အဆင်မပြေသည်များရှိပါက အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း၊ မန္တလေးတက္ကသိုလ်နှင့် အစုအဖွဲ့ တက္ကသိုလ်များတွင်လည်း ဆရာ ဆရာမခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်းတို့ကိုလည်း မည်သည့်ခွဲခြားမှုမျှမရှိ၍ ဘက်မလိုက်ပဲ တရားမျှတစွာ ကူညီပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု၊ အကောင်းဆုံး ဆောင်ရွက်နိုင်မှု၊ အင်္ဂလိပ်စာ၊ အိုင်စီတီ၊ သုတေသန စသည့် စွမ်းဆောင်ရည်ပေါ်မူတည်၍ ခွင့်ပြုဖွဲ့စည်းပုံနှင့် ဘဏ္ဍာရေးအရ ရာထူးလစ်လပ်မှုများကို သတင်းစာတွင် ကြေညာ၍ စိစစ်ရွေးချယ်နိုင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ရန် မူဝါဒ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ပြုစုဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ဆရာများ၏ လုပ်ငန်းတာဝန်နှင့် ဝတ္တရားများအတွက် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Teacher Competency Standard Framework ကို ပြုစုနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းသားဟောင်းများနှင့် လက်ရှိကျောင်းသားများလည်း သင်ယူမှုတတ်မြောက်မှုနှင့် အတွေ့အကြုံများကို အမြင်ချင်းဖလှယ်နိုင်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပရန် အရေးကြီးပါကြောင်း၊ ယနေ့လူငယ်များအတွက် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်အန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးနှင့် လမ်းလုံခြုံစိတ်ချမှုရှိရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံရှိရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေး၊ ဂိမ်းအန္တရာယ်တားဆီးကာကွယ်ရေး တို့ကိုလည်း အရှိန်အဟုန် မြှင့်တင်ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးတွင်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်လည်း ယခုမှစ၍ တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ၊ တစ်သက်တာ သင်ယူသူများ ပြုစုပျိုးထောင်ပြီး နိုင်ငံ၏ဂုဏ်ဆောင် တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန်အတွက် လိုအပ်ချက်များ၊ အခက်အခဲများကို ဖြေရှင်းဖြည့်ဆည်းနိုင်ရေး စီမံကိန်းများပြုစုရန်နှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် အညီ အကျိုးရှိထိရောက်စွာ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ရန် လိုအပ်ပါကြောင်း၊ စီမံခန့်ခွဲရေးအတွက်လည်း မွမ်းမံသင်တန်းများပေးပြီး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုလည်း မူဝါဒချမှတ်ဆောင်ရွက်၍ ကျောင်းသားဖလှယ်ခြင်း၊ ဆရာဖလှယ်ခြင်း၊ သုတေသနပူးပေါင်း ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းဖတ်ကြားခြင်း၊ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်း ရေးသားခြင်းများအတွက် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း ဆန်းသစ်တီထွင်ခြင်းသည် အဓိကအားဖြင့် အရည်အသွေးရှိသော ပြုပြင် ပြောင်းလဲမှုကို ပိုမိုအားကောင်းစေပါကြောင်း၊ ထိုပြောင်းလဲမှုများတွင် အကျိုးရှိ၍ အရည်အသွေးနှင့် မျှတမှုရှိသော သင်ယူမှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန် လိုအပ်ပါကြောင်း၊ မှန်ကန်သော ကျွမ်းကျင်မှု ရှိလာစေရေးအတွက် ပြုစုပျိုးထောင်သင်ကြား လေ့ကျင့်ပေးခြင်းသည်လည်း ပညာရေးဖြင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်သော လူ့အဖွဲ့အစည်းကို အားပေးဖော်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ စွန့်ဦးတီထွင်ပညာရေးနှင့် သက်ဆိုင်သော သင်ကြားခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းတို့ဖြင့်သာ စဉ်းစားတွေးခေါ်မှု၊ တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းကောင်းမွန်မှုဆိုင်ရာ ကျွမ်းကျင်မှုများကိုလည်း အားကောင်းလာစေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆန်းသစ်တီထွင်ဖန်တီးခြင်းဆိုင်ရာ ယဉ်ကျေးမှုဖြစ်ထွန်း လာစေရေးအတွက် ပညာရေးတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ မူဝါဒနှင့်မဟာဗျူဟာများ ပြုစုဆောင်ရွက်နိုင်ရေး အရေးကြီးပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းများတွင် အိုင်စီတီနှင့် ဒစ်ဂျစ်တယ်နည်းပညာများ သင်ကြားလေ့ကျင့်ပေးရန်လည်း အရေးကြီးပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြု၍ စဉ်းစားတွေးခေါ်မှု၊ အယူအဆ အတွေးအမြင်၊ တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းကောင်းမွန်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် တမူထူးခြားသည့် သင်ကြားသင်ယူမှု နည်းလမ်းများဖြင့် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မတူကွဲပြားသော ယဉ်ကျေးမှု၊ ဆက်သွယ်ပူးပေါင်းမှုများမှရရှိလာ သောအတွေ့အကြုံများကို ကျောင်းသား ကျောင်းသူများ ပိုမိုသိမြင်နားလည် လာနိုင်မည်ဖြစ်ပါကြောင်း၊ သင်ယူနိုင်မှုအခွင့်အလမ်းကိုလည်း E-learning, open educational resources and massive open oline course များဖြင့် အားပေးမြှင့်တင်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်နှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများက မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြ သည်။ ထို့နောက် ပြည်သူ့လွှတ်တော်လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က “Teaching for Tomorrow”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာကျော်စွာ စိုးက “Effect of Digitalization on Higher Education”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က “Internationalization of Higher Education” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်စိုးက “University link for Industry Engagement” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက “Comprehensive University” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာမြတ်သန္တာက “Internal Quality Assurance” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “Research Capacity Building in Universities” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရရှိချက်အား ဆွေးနွေးတင်ပြကြသည်။ ထို့နောက် အတွေ့အကြုံရှင်းလင်းပွဲ တက်ရောက်လာကြသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံရှင်းလင်းပွဲကို သြဂုတ်လ (၃)ရက်နှင့် (၄)ရက် နှစ်ရက်ကြာပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ် အမှတ်(၈) အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး ကျောင်းကျန်းမာရေး လှုပ်ရှားမှု(သွားကျန်းမာရေး) ဆရာ ဆရာမများ ဆင့်ပွားသင်တန်းသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။]

No comments:

Post a Comment