Thursday, August 15, 2019

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များ(၄၈)ကျောင်းမှ ကျောင်းကိုယ်စားလှယ် ဆရာဆရာမ (၁၅၀)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အတည်ပြုထားသော သတ်မှတ်ချက်များဖြင့် တရားမျှတမှုအရှိဆုံးဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍပြုပြင်ပြောင်းလဲရေး၏ အဓိကအသက် သွေးကြောသည် သုတေသနဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် စာသင်ခန်း ထဲတွင် သင်ကြားသင်ယူမှုများတွင် လက်တွေ့နယ်ပယ်နှင့်လိုက်လျောညီထွေ ရှိစေလိုပါကြောင်း၊ သုတေသနများ ပြုလုပ်ရာတွင် ဘာသာရပ်၊ ဒေသ၊ နိုင်ငံကို အကျိုးပြုစေမည့် အသုံးချသုတေသနများကို ပြုလုပ်စေလိုပါကြောင်း၊ အသုံးချ သုတေသနများကိုလည်း အကောင်းဆုံးလုပ်ရန် လူတိုင်းမှာအခွင့်အရေးရှိပါကြောင်း နှင့် သုတေသနများလုပ်ဆောင်ခြင်းကို အားပေးပံ့ပိုးမည်ဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်အပါအဝင် (၈)ကျောင်းနှင့် မန္တလေးတက္ကသိုလ်အပါအဝင်(၈) ကျောင်းသည် သုတေသနများပြုလုပ်ခြင်းကို အားကောင်း စေလိုပါကြောင်း၊ ၃နှစ်တာကာလအတွင်း ကျွန်တော်တို့နိုင်ငံမှာ အကောင်းဆုံးဆိုသည့် တက္ကသိုလ်ကျောင်းများအနက် ရန်ကုန် တက္ကသိုလ်သည် ၂၀၁၆ခုနှစ်၌ ကမ္ဘာ့အဆင့်(၁၃၀၇၂)ရှိခဲ့ရာမှ ၂၀၁၉ခုနှစ်၌ ကမ္ဘာ့အဆင့်တွင် (၇၁၉၉) အထိ အဆင့်တိုးတက်လာခြင်းသည် ဆရာကြီးဆရာမကြီး များ၊ ကျောင်းသားကျောင်းသူများတို့၏ စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများ၏ ပူးပေါင်းပါဝင်မှုဖြင့် လိုအပ်ချက်များကို စနစ်တကျ တင်ပြကြရန် လိုအပ်ပါကြောင်း၊ ကိုယ်တာဝန် ထမ်းဆောင်နေသည့် တက္ကသိုလ်များ၊ ဒေသနှင့်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးမျှော်မှန်းပြီး၊ ဦးတည်ပြီး ဆွေးနွေးပေးစေလိုပါကြောင်း၊ တန်ဖိုးထားလေးစားရသည့် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်များအဖြစ် ဦးတည်နိုင်ရေးသည် အရေးကြီးပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သင်ကြားရေး ဆရာဆရာမများအတွက် ရာထူးတိုး/ ပြောင်းဆောင်ရွက်မည့် တန်းစီဇယားရေးဆွဲ ရေးမူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သတင်း ရရှိသည်။


No comments:

Post a Comment