နေပြည်တော် ၂၀၁၉ ဩဂုတ် ၂၀
ပညာရေးဝန်ကြီးဌာန
အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆွစ်ဇာလန်နိုင်ငံသံရုံး၊
ဆွစ်ဖွံ့ဖြိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(Swiss Agency for
Development and Cooperation-SDC)တို့ ပူးပေါင်းကျင်းပသော
လုံခြုံဘေးကင်းပြီး
ကလေးပျော်စံပြစာသင်ကျောင်းဆောက်လုပ်ရေးလမ်းညွှန်စာအုပ်နှင့်
လုပ်ငန်းစဉ်မိတ်ဆက်ခြင်း၊ နည်းပြ သင်တန်းကျင်းပခြင်း အခမ်းအနားကို ယနေ့
နေ့လည် ၁နာရီတွင် နေပြည်တော်ရှိ grand amara ဟိုတယ်၌ကျင်းပရာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
မြန်မာနိုင်ငံတွင်မတူကွဲပြား၊ ထူးခြားသည့်မြေမျက်နှာသွင်ပြင်၊
အရင်းအမြစ်များနှင့်အမျိုးမျိုးသော သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်
အခြေအနေများအလိုက် အခြေခံပညာစာသင်ကျောင်းများ ဆောက်လုပ်ရာတွင်
ပုံစံမျိုးစုံကွဲပြားလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်ကျောင်းသား
ကျောင်းသူများ၊ ဆရာဆရာမများအားလုံး လုံခြုံဘေးကင်းပြီးသင်ယူပျော်
ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးနိုင်ရန်နှင့် မတူကွဲပြားမှုများအလိုက်
လိုအပ်ချက်များကိုအရည်အသွေးပြည့်မီစွာဖြင့်
ဖြည့်ဆည်းနိုင်ရန်အတွက်အခြေခံပညာကျောင်း
အဆောက်အဦများဆောက်လုပ်ရာတွင်လိုအပ်သောစံချိန်စံညွှန်းများ၊
သတ်မှတ်ချက်များနှင့်လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ရာလုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေး
လမ်းညွှန် စာအုပ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊
စာသင်ကျောင်းတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ၊
စာသင်ကျောင်းဆောက်လုပ်ရေးဆိုင်ရာအင်အားစုများနှင့်
စာသင်ကျောင်းဆောက်လုပ်ရေး နည်းပညာလုပ်ငန်းအဖွဲ့တို့၏
ပံ့ပိုးကူညီမှုတို့ဖြင့် ပညာရေးဝန်ကြီးဌာန၊
အခြေခံပညာဦးစီးဌာနမှရေးဆွဲပြုစုခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊
“လုံခြုံ ဘေးကင်းပြီးကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေး
လမ်းညွှန်စာအုပ်”သည် မြန်မာနိုင်ငံအတွင်း စာသင်ကျောင်း
ဆောက်လုပ်ရေးစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင်
တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စာအုပ်ပါလမ်းညွှန်ချက်များ၊
လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများအားလုံးသည် အခြေခံပညာဦးစီးဌာန၏
စာသင်ကျောင်းများ တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊
သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အရည်အသွေးကောင်းမွန် စေရန်
အကျိုးပြုမည်ဖြစ်ပါကြောင်း။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အတူ
စာသင်ကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် သက်ဆိုင်သော
တိုင်းဒေသကြီး၊ပြည်နယ် အစိုးရဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်
ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊
ပညာရှင်များပါဝင်သော လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း
ဆောက်လုပ်ရေး လုပ်ငန်း လမ်းညွှန်စာအုပ် အကောင်အထည်ဖော်
အသုံးပြုနိုင်ရေးလုပ်ငန်းအဖွဲ့ -SCSCG Task Force (ဗဟိုအဆင့်)ကို
၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ အတည်ပြုဖွဲ့စည်းခဲ့ပြီး
လုပ်ငန်းနယ်ပယ်(၄)ခုဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ
အခြေခံပညာစာသင်ကျောင်းများ ဆောက်လုပ်ရေးလုပ်ငန်းများအတွက်အဓိကထား
သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အစီအစဉ်ကို
အပိုင်း(၂)ပိုင်းဖြင့်ဆောင်ရွက်မှာဖြစ်ပြီး လုံခြုံ ဘေးကင်းပြီး ကလေးပျော်
စံပြစာသင်ကျောင်းဆောက်လုပ်ရေးလမ်းညွှန်စာအုပ် မိတ်ဆက်ခြင်းအစီအစဉ်
ပထမပိုင်းကို နေ့ဝက်မျှဆောင်ရွက်ပေးပြီး လုံခြံုဘေးကင်းပြီး
ကလေးပျော်စံပြစာသင်ကျောင်းဆောက်လုပ်ရေးလမ်းညွှန်စာအုပ်ဆိုင်ရာ
နည်းပြသင်တန်းအစီအစဉ် ဒုတိယပိုင်းကို (၂)ရက်တာမျှ
ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ပညာရေးဌာနနှင့်
အခြေခံပညာစာသင်ကျောင်းဆောက်လုပ်ရေး ဌာနမှတာဝန်ရှိသူများအား နည်းပြသင်တန်း
အစီစဉ်ကိုပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့
ကျင်းပပြုလုပ်သည့်နည်းပြသင်တန်းသည်များစွာအကျိုးပြုမည်ဟု ယုံကြည်ပါကြောင်း၊
သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း အကောင်းဆုံး
ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် လုံခြုံဘေးကင်းပြီး
ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်ချက်များနှင့်
အတွေ့အကြံုများကို မိမိတို့၏စာသင်ကျောင်းဆောက်လုပ်ရေးလုပ်ငန်းစဉ်များမှာ
လက်တွေ့ ပြန်လည်အကျိုးပြုကြပါရန် တိုက်တွန်းပါကြောင်း စသည်ဖြင့်
ပြောကြားသည်။ ဆက်လက်၍ ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း
ဆောင်ရွက်ရေးအဖွဲ့(SDC)မှ Program Manager, Mr. Mark Haeussermann မှ
နှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို အစီအစဉ်အတိုင်း
ဆက်လက်ကျင်းပသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ
ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
တာဝန်ရှိသူများ၊တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၊ လုံခြုံဘေးကင်းပြီး
ကလေးပျော်စံပြ စာသင်ကျောင်း
ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်အကောင်အထည်ဖော်အသုံးပြုနိုင်ရေးလုပ်ငန်းအဖွဲ့
(Safe and Child-Friendly School Construction Guidelines - SCSCG Task
Force) မှတာဝန်ရှိသူများ၊ ဆွစ်ဖွံ့ဖြိုးရေးနှင့်ပူးပေါင်း
ဆောင်ရွက်ရေးအဖွဲ့(SDC)မှတာဝန်ရှိသူများ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
No comments:
Post a Comment