Thursday, August 15, 2019

အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

နေပြည်တော် ၂၀၁၉  သြဂုတ် ၁၀
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီကကျင်းပပြုလုပ်သည့်အတွေ့အကြုံရှင်းလင်းပွဲကိုယနေ့နံနက်(၈)နာရီတွင် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပါမောက္ခချုပ်များကော်မတီဒုတိယဥက္ကဋ္ဌများ၊ အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ ပညာရေးကောလိပ်များနှင့်ဆေးတက္ကသိုလ်(တောင်ကြီး)တို့မှ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာဆရာမများ၊ ဌာနမှူးများ၊ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် ပါမောက္ခချုပ်များကော်မတီ၏ နိုင်ငံတကာတွင် ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးများ၊ ကွန်ဖရင့်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် လေ့လာရေးခရီးစဉ်များမှ အတွေ့အကြုံများကို ရှင်းလင်း၍ အပြန်အလှန်ဆွေးနွေးကြပြီး မြန်မာနိုင်ငံရှိတက္ကသိုလ်အသီးသီး၏ ပညာရေးအရည်အသွေးမြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့် ဝက်ဆိုက်(Website)များရှိရမည်ဖြစ်ပါကြောင်း၊ သို့မှသာနိုင်ငံတကာတက္ကသိုလ်များနှင့် တစ်ပြေးညီချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝက်ဆိုက်တွင်လည်း ပါမောက္ခချုပ်အမှာစကား(Rector’s Message) အပြင် မိမိတက္ကသိုလ်၏ ပဋိညာဉ်စာတမ်းမူကြမ်း(University Charter-Draft) ၊ ဆက်သွယ်ရန်(Contact)နှင့်ဘာသာရပ်ဌာနများ၊ ဆရာဆရာမများအားလုံး၏ Profile တွင် ဓာတ်ပုံ၊ ဖုံးနံပါတ်၊ အီးမေးလ်များ ပြည့်ပြည့်စုံစုံပါရှိရန်လိုပါကြောင်း၊ သင်ကြားသည့်ဘာသာရပ်များ၊ Curriculum,Syllabus,Research Area, သုတေသနစာတမ်း၊ View and download စသည်များကိုဖော်ပြထားရမည်ဖြစ်ပါကြောင်း၊ မိမိတက္ကသိုလ် ရှိသင်တန်းများ၊ ကျောင်းသားအိပ်ဆောင်များ၊ စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်၊ စီမံ၊ ဘဏ္ဍာဌာနများ၊Teaching Materials များ၊ တက္ကသိုလ်ဝင်ခွင့်နှင့်ပတ်သက်သည့် မူဝါဒများ၊ မိမိတက္ကသိုလ်၏ စာကြည့်တိုက်၊ e-learning resources သုတေသနလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံခြားပညာသင်များ၊ လက်ရှိဖွင့်လှစ်နေသည့် သင်တန်း/ဘွဲ့/ဒီပလိုမာ/ဘွဲ့သင်တန်းများနှင့်ကျောင်းသားဦးရေများ၊ မိမိတက္ကသိုလ်၏ လက်ရှိလှုပ်ရှား ဆောင်ရွက်နေသည့် သတင်းအချက်အလက်များကိုလည်း ပြည့်ပြည့်စုံရေးသားဖော်ပြထားရန်လိုပါကြောင်း၊
မိမိတို့တက္ကသိုလ်အတွက် ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ချက်စာရင်းများကောက်ယူရာ၌အခက်အခဲ၊မပြည့်စုံမှုများအပေါ်အခြေခံ၍ ဆရာ၊ စာသင်ခန်း၊ စာသင်ခုံ၊ ပရိဘောဂများ၊ စာရေးကိရိယာများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အိုင်စီတီနှင့်ဆက်စပ် ပစ္စည်းများ၊ သန့်စင်ခန်း၊ ပရိုဂျက်တာနှင့်ဆက်စပ်ပစ္စည်းများ၊ အင်တာနက်၊ ဝိုင်ဖိုင်၊ လမ်း၊ မီးတိုင်၊ ဆိုင်းဘုတ်၊အားကစားရုံ၊ အားကစားကွင်း၊ ကျောင်းသားအိတ်ဆောင်၊ ဆရာဆရာမဝန်ထမ်းအိမ်ရာစသည့် ဦးစားပေးအလိုက်လိုအပ်ချက်စာရင်းများနှင့်ခန့်မှန်းအသုံးစရိတ်များကိုပြုစုကာကျောင်းသားသမဂ္ဂ၊ဆရာသမဂ္ဂကိုယ်စားလှယ်များ၊Senate,AB,နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ဆွေးနွေးတင်ပြ၍ အတည်ပြုချက်ရယူပြီး ပညာရေးဝန်ကြီးဌာနသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့မတိုင်မီစီစစ်တင်ပြရန်လိုပါကြောင်း၊
ကျောင်းအပ်လက်ခံခြင်း၊ ကျောင်းလခပေးသွင်းခြင်းနှင့် အတန်းခွဲဝေမှုများ၊ Magazine, Lecture Guide, Reference Books, Tutorial,practical, Assignment များ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူရေးလုပ်ငန်းစသည်များကို ကျောင်းသားသမဂ္ဂ၊ဆရာသမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ အင်္ဂလိပ်စာ၊ အိုင်စီတီအရည်အသွေးမြင့်မားရေး၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ သုတေသနစီမံချက် အဆိုပြုရေးသားနည်း၊ သုတေသနလုပ်ငန်းဆောင်ရွက်နည်း၊ သုတေသနစာတမ်းပြုစုနည်း၊ သုတေသနစာတမ်းဖတ်ကြားနည်းနှင့် မွမ်းမံသင်တန်းများ၊ ဒေသနှင့်လိုက်လျောညီထွေဖြစ်သောသင်တန်း/ဒီပလိုမာ/ဘွဲ့သင်တန်းများဖွင့်လှစ်နိုင်ရန်အတွက် ပူးပေါင်း စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းစသည်ဖြင့်အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းကရှမ်းပြည်နယ်အတွင်းပညာရေးဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပါမောက္ခချုပ်များကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဆင့်စိုးကဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်ကTeaching for Tomorrowခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးကျော်စွာစိုးက Effect of Digitalization ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က Internationalizationခေါင်းစဉ်ဖြင့်လည်းကောင်း၊ နည်းပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂ ီ က University Link for Industry Engagementခေါင်းစဉ်ဖြင့်လည်းကောင်း၊မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးကComprehensive Universityခေါင်းစဉ် ဖြင့်လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျာမန်ဘာသာဌာန၊ လက်ထောက်ကထိကဒေါ်သန္တာမြင့်သူစိုးကInternal Quality Assuranceခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးကျော်စွာစိုးနှင့် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ နီလာကြူကResearch Capacity Assurance ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီးအဖွဲ့ကိုယ်စားပြုကိုယ်စားလှယ် တစ်ဦးစီကမိမိတို့အဖွဲ့အလိုက်ဆွေးနွေးရရှိချက်များကိုဆွေးနွေးတင်ပြကြသည်။ ယင်းနောက် အဖွဲ့ကိုယ်စားလှယ်များကအုပ်စုလိုက်တင်ပြချက်နှင့် ပတ်သက်၍ သိရှိလိုသူများ၏ မေးမြန်းမှုများကိုပြန်လည်ရှင်းဖြေကြားပြီးတက်ရောက်လာသူများကရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်ကိုချမှတ်ဆောင်ရွက်ကြကြောင်းသတင်းရရှိသည်။

No comments:

Post a Comment