Thursday, December 14, 2017
မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
ရန်ကုန် ၂၀၁၇ ဒီဇင်ဘာ ၁၃
၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရေးဘွဲ့(B.Ed)(တတိယနှစ်)နှင့် (ပထမနှစ်)သင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းရေးရာဌာန လက်ထောက် မော်ကွန်းထိန်း ဒေါ်စန္ဒာထွဋ်က ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ ဌာနမှူးများနှင့် မိတ်ဆက်စကား ပြောကြားသည်။ ထို့နောက် ရန်ကုန် ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာပြုံးပြုံးအောင်က သင်တန်းရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပညာရေးသဘောတရားဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ဌေးခင်က ပညာရေးဘာသာရပ်များ သင်ကြားခြင်းဆိုင်ရာတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာမာမာမြင့်က တတ်ကျွမ်းမှုဘာသာရပ်များ သင်ကြားခြင်းဆိုင်ရာတို့နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ပထမနှစ်ကျောင်းသား ကျောင်းသူများအနက် King and Queen ရွေးချယ်ခြင်း၊ တတိယနှစ် (ပညာရေးကောလိပ်ပေါင်းကူး)ကျောင်းသား ကျောင်းသူများအနက်မှ Prince and Princess ရွေးချယ်ခြင်းများကို ဆောင်ရွက်ကြသည်။ ထို့နောက် ဒုတိယနှစ် ကျောင်းသား ကျောင်းသူ များနှင့် ပဉ္စမနှစ် ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များနှင့်တင်ဆက်ခဲ့ကြပြီး ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment