Tuesday, December 19, 2017

မြန်မာစာအဖွဲ့ဝင် ဆရာကြီးများနှင့် ဘာသာစကား ပညာရှင်ကြီးများ၏ ပညာဗဟုသုတအမွေ လက်ဆင့်ကမ်း မျှဝေခြင်းနှင့် မြန်မာစာမြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ









ရန်ကုန် ၂၀၁၇ ဒီဇင်ဘာ ၁၈

မြန်မာစာအဖွဲ့ဝင် ဆရာကြီးများနှင့် ဘာသာစကားပညာရှင်ကြီးများ၏ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ ပညာဗဟုသုတအမွေများကို လက်ဆင့်ကမ်းမျှဝေပေးရာတွင် ယူတတ်ရင်ရတယ်ဆိုသည့် စကားနှင့်အညီ ရအောင်ယူရန်နှင့်ရရှိသော ပညာဗဟုသုတအမွေများကို မိမိတပည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား လူငယ်များကိုသင်ကြားရာတွင် ပြန်လည်အသုံးချသွားကြရန် ယနေ့ညနေ ၃ နာရီ တက္ကသိုလ်စိန်ရတု ခန်းမတွင် ကျင်းပသည့် “မြန်မာစာအဖွဲ့ဝင် ဆရာကြီးများနှင့် ဘာသာစကား ပညာရှင်ကြီးများ၏ ပညာဗဟုသုတအမွေ လက်ဆင့်ကမ်းမျှဝေခြင်းနှင့် မြန်မာစာမြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးပွဲ”တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာစာဆရာ၊ ဆရာမများကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာစာပေနှင့် မြန်မာဘာသာစကား ခက်ခဲနက်နဲမှုများကို ရှင်းလင်းဖြေရှင်းပေးမည့် မြန်မာစာပညာရှင် ဆရာကြီးများ၏အဆိုအမိန့်များကို လိုက်နာမှတ်သားပြီး ပညာအမွေ ရယူခြင်းဖြင့် စာပေနှင့်လူမျိုး၏ အကျိုးစီးပွားကိုဖော်ဆောင်ရန်၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ စာပေပျောက်လျှင် လူမျိုးပျောက်မည် ဆိုသည့်စကားနှင့်အညီ နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံတော်ကြီးအဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားလူမျိုးများ ကမ္ဘာတည်သရွေ့ တည်ရှိနိုင်ရေးအတွက် မြန်မာစာပေနှင့် တိုင်းရင်းသားစာပေကို မြတ်နိုးစွာ ထိန်းသိမ်းမြှင့်တင်ကြစေလိုကြောင်း၊ Language Teaching and Language Testing ပညာရပ် သည်လည်း မြန်မာစာ၊ အင်္ဂ္လိပ်စာ အစရှိသည့် ဘာသာစကားသင် ဆရာ၊ ဆရာမများ၏သင်ကြားရေးနှင့် စစ်ဆေးအကဲဖြတ်ရေး အရည်အသွေးများကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည့်အတွက် အလေးအနက်ထား လေ့လာမှတ်သားပြီး လက်တွေ့သင်ကြားရေး နယ်ပယ်တွင်အသုံးချသွားကြရန် လိုအပ်ပါကြောင်း၊ စာနယ်ဇင်းနှင့် ရုပ်သံမီဒီယာများမှ တက်ရောက်လာကြသည့် တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့တတ်ကျွမ်းသည့် မြန်မာစာ အရည်အသွေးကိုမြှင့် တင်လျက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးကြစေလိုကြောင်း၊ မြန်မာစာ အဖွဲ့အနေဖြင့် မြန်မာ-အင်္ဂ္လိပ်-မြန်မာအဘိဓာန်ကို ဝေါဟာရစုံလင်စွာဖြင့် ထုတ်ဝေရန် ပြုစုလျက်ရှိကြောင်းနှင့် ခေတ်ပေါ်ဝေါဟာရ အဘိဓာန် ပြုစုလျက်ရှိကြောင်း သိရှိရသဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာဝေါဟာရ Lexical Database ကိုလည်း ပြီးမြောက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က အခမ်းအနားတက်ရောက်သူစာရင်းနှင့် အခမ်းအနားအစီအစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြသည်။ ထို့နောက် မှတ်တမ်းတင် စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ပညာရေးကောလိပ်များမှ မြန်မာစာပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများ၊ သတင်းစာနှင့် စာနယ်ဇင်း မီဒီယာများ၊ ရုပ်မြင်သံကြားနှင့် FMရေဒီယိုများမှ အယ်ဒီတာချုပ်များ၊ အယ်ဒီတာများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာ စကားဦးစီးဌာနမှ မြန်မာစာစာတည်းမှူးချုပ်ဦးစီးသော စာပေဝန်ထမ်းများ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာစကားပညာရှင် ဆရာကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ အခမ်းအနားကိုအပိုင်း (၃)ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၁၉)ရက်နှင့် (၂၀)ရက်နေ့ နံနက် ပိုင်းတွင် မြန်မာစာအဖွဲ့ဝင် ဆရာကြီးများ၏ ပညာဗဟုသုတအမွေ လက်ဆင့်ကမ်းမျှဝေခြင်း အစီအစဉ်အဖြစ် မြန်မာစာအဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာမြင့်ကြည်၊ ဒေါက်တာထွန်းတင့်၊ ဒေါက်တာခင်အေးနှင့် ဒေါက်တာ အောင်မြင့်ဦးတို့က စကားဝိုင်းဆွေးနွေးပွဲကို “စာလုံးပေါင်းသတ်ပုံနှင့် အနက်အဓိပ္ပာယ်”၊ “မြန်မာစာသင်ကြားရေး”၊ “အပြောဘာသာစကား၊ အပြောစကားပြေ၊ အပြောသဒ္ဒါ”၊ ခေါင်းစဉ်များဖြင့် ဆွေးနွေးသွား မည်ဖြစ်သည်။ နေ့လည်ပိုင်းများတွင် မြန်မာ-အင်္ဂ္လိပ်အဘိဓာန် တည်းဖြတ်ရေး ကော်မတီဉက္ကဋ္ဌဌ ဆရာကြီးဦးသီဟက Language Teaching and Language Testing ပညာရပ်ကို သင်ကြားဆွေးနွေးသွားမည် ဖြစ်သည်။ ဒီဇင်ဘာ (၂၁)ရက်နေ့တွင် မြန်မာစာအဖွဲ့ဝင်များနှင့် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များမှ မြန်မာစာပါမောက္ခ၊ ဌာနမှူး၊ ဆရာ၊ ဆရာမများ၏ မြန်မာစာမြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment