Wednesday, December 27, 2017
မြန်မာစာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ
ရန်ကုန် ၂၀၁၇ ဒီဇင်ဘာ ၂၆
ရန်ကုန်တက္ကသိုလ် မြန်မာစာတည်ထောင်ခြင်း (၇၆)နှစ်မြောက် အထိမ်းအမှတ် မြန်မာစာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်၊ မြန်မာစာခန်းမ၌ ကျင်းပသည်။
ယနေ့စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန အချိန်ပြည့်အဖွဲ့ဝင် တွဲဖက်ပါမောက္ခ(ငြိမ်း) မောင်ဘုန်းပြည့် (တက္ကသိုလ်)က "ဗမာနှင့် မြန်မာဝေါဟာရ"စာတမ်း၊ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန အချိန်ပြည့်အဖွဲ့ဝင် ပါမောက္ခ(ဌာနမှူး)(ငြိမ်း) မောင်ခင်မင် (ဓနုဖြူ)က "ဂုဏ်အလင်္ကာသင်ကြားရေးပြဿနာများ"စာတမ်း၊ အမေရိကန်ပြည်ထောင်စု မြောက်အီလီနွိုက် တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန ပါမောက္ခ(ငြိမ်း) ဦးစောထွန်းက "ကျောင်းသုံးမြန်မာ သဒ္ဒါပြုစုရေး"စာတမ်း၊ စာရေးဆရာ အမျိုးသားစာပေဆုရှင် ဦးသူရဇော်က "တေးထပ်ကို သည်လိုရေးပါ သည်လိုဆိုပါ"စာတမ်း၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အောင်မြင့်ဦးက"မူလတန်းသင်ရိုးပါ မြန်မာကဗျာသုံးပုဒ် လေ့လာချက်(သပြေသီးကောက်၊ ကြာဆစ်ကြိုး၊ အောင်ဆန်းဇာနည်)"စာတမ်း၊ ဒဂုံတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး)(ငြိမ်း) ဒေါက်တာသန်းသန်းက "ဘာသာစကားများတွင် အဆက်ပစ္စည်းပေါင်းစပ်ခြင်းဖြင့် စကားလုံးသစ် ဖန်တီးမှု"စာတမ်း၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ကထိက(ငြိမ်း)ဦးဝင်းမောင်က "စိတ်ကြိုက် မြန်မာစာ ရှင်သန်ရေး"စာတမ်း တို့ကို စာတမ်းရှင်များက ဖတ်ကြားတင်သွင်းကြသည်။ အဆိုပါ စာတမ်းဖတ်ပွဲတွင် အခြေခံပညာ မြန်မာစာသင်ရိုးညွှန်းတမ်း ဆိုင်ရာ ပြဿနာများ၊ (ဥပမာ-ဂုဏ်အလင်္ကာသင်ကြားရေး ပြဿနာ၊ မြန်မာသဒ္ဒါ သင်ကြားရေး ပြဿနာ၊ အောင်ဆန်း ဇာနည် ကဗျာရေးသူ ပြဿနာ၊ စိတ်ကြိုက်မြန်မာစာ တိမ်ကောလာခြင်း ပြဿနာ)၊ တက္ကသိုလ်မြန်မာ စာသင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊(ဥပမာ-မြန်မာစာ စာသင်ခန်းများတွင် ရသခံစားမှုများ ပျောက် ကွယ်လာခြင်း၊ ကဗျာလေ့လာမှု ဆိုင်ရာ နည်းနာများ)၊ နိုင်ငံခြားသားများအတွက် မြန်မာစာသင်ကြား ရေးဆိုင်ရာကိစ္စများ(ဥပမာ-နိုင်ငံခြားသားသင် မြန်မာစာသင်ရိုးညွှန်းတမ်း များ၊ သင်နည်းစနစ်များ) စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ မြန်မာစာပညာရှင်များ၊ ပြင်ပစာရေးဆရာများ၊ ဆရာ ဆရာမများက သုတေသနစာတမ်းပေါင်း အစောင်(၂၀)ဖတ်ကြားတင်သွင်းကြ မည်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတည်ထောင်ခြင်း (၇၆)နှစ်မြောက် အထိမ်းအမှတ် မြန်မာစာ သုတေသနစာတမ်းဖတ်ပွဲကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တောင်ငူဆောင် မြန်မာစာခန်းမ၌ ဒီဇင်ဘာ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment