Thursday, December 28, 2017

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူး များ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲကျင်းပ










နေပြည်တော် ၂၀၁၇ ဒီဇင်ဘာလ ၂၇

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက် များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ၂၇-၁၂-၂၀၁၇ ရက်နေ့ နံနက် ၉:၄၅နာရီတွင် နေပြည်တော် ပျဉ်မနားမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား‌ပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်စဉ်ကျင်းပခဲ့သည့်အတိုင်း ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးရှိ ပြည်တွင်းစာစစ်ဌာနများအတွက် မေးခွန်းတစ်စုံ နိုင်ငံခြားစာစစ်ဌာနအတွက် မေးခွန်းတစ်စုံဖြင့် ကျင်းပဆောင်ရွက်မည် ဖြစ်ပါကြောင်း တက္ကသိုလ်ဝင်စာမေးပွဲသည် စာ‌ဖြေသူကျောင်းသား၊ ကျောင်းသူများအတွက် ဝါသနာ၊ ဆန္ဒ၊ အရည်အချင်းအရ တက္ကသိုလ်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေးအတွက် အဆုံးအဖြတ်ပေးသော စာမေးပွဲဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား လူသားကောင်းများဖြစ်အောင် ဦးတည်ဆောင်ရွက် နေသည့်အတွက် စာမေးပွဲနှင့်ပတ်သက်၍ မသမာဖြေဆိုမှုများ လုံးဝမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်အောင် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်အောင်၊ တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်း၊ စဉ်းစားတွေးခေါ်မှုကို အားပေးပြီး ကိုယ်ပိုင်အရည်အချင်းဖြင့် သင်ယူထားသော ဘာသာရပ်များကို ကြိုးစားဖြေဆို ကြရမည်ဖြစ်ပါကြောင်း၊ စာဖြေကာလအတွင်း သတ်မှတ်ချိန်အတိုင်း စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ စာမေးပွဲဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများအားလုံး ပူးပေါင်းလိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း တက္ကသိုလ်ဝင်စာမေးပွဲ လုပ်ငန်းဆိုင်ရာများကို ယခင်နှစ်အတွေ့ အကြုံများအရ အားသာချက်များကို ပိုမိုကောင်းမွန်စေရေးနှင့် အားနည်းချက်များ လျှော့နည်းလာအောင် ပြင်ဆင်၍ စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။ ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို ၂၆-၁၂-၂၀၁၇ ရက်နေ့မှ ၂၈-၁၂-၂၀၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment