Monday, December 11, 2017
ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီး
နေပြည်တော် ၂၀၁၇ ဒီဇင်ဘာ ၁၀
ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံ ပညာကဏ္ဍဍ) တတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း ရွှေတံဆိပ်ခန်းမ၌ ဆက်လက်ကျင်းပသည်။
ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှု၊ ပညာရေး အရည်အသွေး တိုးတက်မြင့်မားရေး၊ ပညာရေးရည်မှန်းချက်၊ တာဝန်ယူမှု/ တာဝန်ခံမှု၊ အရေးယူဆောင်ရွက်မှု၊ ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲမှု၊ သင်ယူမှု/ သင်ကြားမှု၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးပြည့်ဝမှု၊ ပညာရေးကဏ္ဍဍအတွက် ဖြည့်ဆည်းပေးရမည့် အခြေခံ လိုအပ်ချက်များ၊ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် အသက်မွေးဝမ်းကျောင်းပညာဏ္ဍဍနှင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း အခြေခံပညာတတ် မြောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာရေးပြုပြင်ပြောင်းလဲမှု အောင်မြင်ရန်လိုအပ်ပါကြောင်း၊ ပညာရေး ပြုပြင်ပြောင်းလဲမှု မအောင်မြင်ပါက နိုင်ငံတော်၏ တည်ငြိမ်ချမ်းအေးချမ်းမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေမည်ဖြစ်ပြီး ဆရာ၊ ဆရာမတိုင်း၊ လူတိုင်းမျှော်လင့် သည့် လူမှုဘဝဖူလုံရေးသည် ရောက်လာမည် မဟုတ်ပါကြောင်း၊ အလွတ်ကျက်မှတ်မှု အားကောင်းသော နိုင်ငံဖြစ်ခဲ့သည့်အတွက် စဉ်းစားတွေးခေါ်မှုကို အားပေးရန် အရေးကြီးပါကြောင်း၊ ကျောင်းများတွင် ကျောင်းသားများ၏ တီထွင်ဆန်းသစ်မှုကို အားပေးမြှင့်တင် ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးအရည်သွေး ကောင်းမွန်စေရန် အားလုံးက တာဝန်ယူ/တာဝန်ခံမှုဖြင့် ပူးပေါင်းဆောင်ရွက်ပြီး အပင်ပန်းခံ၊ အနစ်နာခံ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆရာ၊ ဆရာမများက ကျောင်းပြင်ပသို့ ရောက်ရှိသွားသည့် ကလေးများကိစ္စ၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း စာတတ်မြောက်ရေးကိစ္စ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပုဂ္ဂလိကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ကမ္ဘာ့ဘဏ်နှင့်ချိတ်ဆက်၍ ပညာရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေနှင့် မိမိတို့ဒေသအလိုက် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် နှီးနှောဖလှယ်ပွဲဒုတိယနေ့၌ ဆွေးနွေးခဲ့ကြသည့် ဆရာ၊ ဆရာမ ခန့်ထားမှုတွင် အရည်အချင်းရှိ၍ သင်တန်းပြီးမြောက်သူများကိုသာ ခန့်ထားရေးနှင့် ထိုခန့်ထားသည့် အရေအတွက်အတိုင်းသာ ရာထူးပြောင်းရွှေ့/ ရာထူးတိုး ဆောင်ရွက်ခြင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သော ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ စာသင်ခန်းတွင် သင်ကြားသင်ယူမှု တိုးတက်မြင့်မားရေး ဆောင်ရွက်မှု၊ ပြည်သူ့နီတိ အလေ့အကျင့်နှင့် အခြေခံပညာရေး အရည်အသွေးမြင့်မားရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အခြေခံပညာဆရာ၊ ဆရာမများ အရည်အသွေးမြင့်မားအောင် ထိရောက်သော အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ သင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးခြင်း အပေါ် အကြံပြုဆွေးနွေးခြင်း၊ အခြေခံပညာအဆင့် ပညာရေး စစ်ဆေးတိုင်းတာမှုအား လေ့လာသုံးသပ်ခြင်း၊ ကြီးကြပ် အကဲဖြတ်လုပ်ငန်းများ ထိရောက်အောင်မြင်ရေး ဆောင်ရွက်ခြင်း၊ ကျောင်းထွက်သူပပျောက်ရေး၊ မူလတန်းပညာ သင်ယူသူ အားလုံး မူလတန်းပညာသင်ယူပြီးမြောက်ရေး၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လိုအပ်ချက်များ ဖြည့်ဆည်း၍ စီမံကိန်း လုပ်ငန်းများပြုစုရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ အလယ်တန်းပညာ သင်ယူပြီးမြောက်ပြီး အထက်တန်းပညာ ဆက်လက်ပညာ သင်ယူရေး စသည့်ခေါင်းစဉ်များနှင့် ပတ်သက်သည့် ဆွေးနွေးချက်များကို စုစည်းတင်ပြပြီး မှတ်တမ်းတင်ကြသည်။ ယင်းနောက် အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက နိဂုံးချုပ်အမှာစကားပြောကြားပြီး နှီးနှောဖလှယ်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။ နှီးနှောဖလှယ်ပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ပညာရေး သုတေသန ကိုယ်စားလှယ်များ၊ ကျောင်းသားမိဘကိုယ်စားလှယ်များ၊ ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ အရက်ဖက် အဖွဲ့အစည်းများ၊ ကျောင်းသားကိုယ်စားလှယ်များနှင့် ဘုန်းတော်ကြီး သင်ကျောင်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment