ပြည် ၂၀၁၇ ဒီဇင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ
ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ယနေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ပြည်မြို့ရှိ အခြေခံပညာကဏ္ဍဍမှ ဆရာ ဆရာမများ၊ ပညာရေးမိသားစုများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုအချို့ရှိသော်လည်း အခက်အခဲများ၊ စိန်ခေါ်မှုများလဲ ကြုံတွေ့နေရပါကြောင်း၊ ကျောင်းအပ်နှံရေးနေ့များကို လက်ခံဆောင်ရွက်ရာ၌ ငွေကြေးတစ်စုံတစ်ရာနှင့်ပစ္စည်းများ ကောက်ခံမှုမရှိခြင်း၊ ကျောင်းသုံးပြဋ္ဌဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်မှုများကြောင့် ၂၀ဝ၇-၂၀ဝ၈ ပညာသင်နှစ် အစိုးရအခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူ ၇ ဒသမ ၈ သန်းရှိပြီး ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၈ သန်းရှိသော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းသား ကျောင်းသူစုစုပေါင်း (၉ ဒသမ ၂)သန်းထိ တိုးတက်လာခဲ့ပါကြောင်း၊ ထို့ပြင် ကျေးလက်နှင့်သွားလာရေး ခက်ခဲသောနေရာဒေသများတွင် သတ်မှတ်ချက်နှင့် ကိုက်ညီပါက ကျောင်းအဆင့်တိုးခြင်းများကို တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မူလတန်း ပညာရေးသည် ပညာရေးကဏ္ဍဍ၏ အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)အရ မူလတန်း ပညာသင်ယူနေသော ကျောင်းသား ကျောင်းသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်စေရန် အရေးကြီးပါကြောင်း၊ ကလေးများ ကျောင်းတက်မှန်ကန်မှုရှိရေး၊ ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး မိဘဆရာအသင်းများနှင့်အတူ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အခြေခံပညာ သင်ယူတတ်မြောက်မှု ပြီးစီးပါက ကျောင်းသား ကျောင်းသူများ၏ ဝါသနာ၊ ဆန္ဒ၊ အရည် အချင်းများအရ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အဆင့်မြင့်ပညာရေးတို့ကို ဆက်လက်သင်ယူနိုင်ရန် ပြည်သူနှင့်အတူ ဦးတည်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် ပညာရေးစနစ်ကို ပြောင်းလဲလျက်ရှိရာတွင် သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲ ရေးဆွဲလျက်ရှိပါကြောင်း၊ ယင်းသင်ရိုးညွှန်းတမ်းအသစ်များတွင် ကျောင်းသား ဗဟိုပြုသင်ကြားနည်းစနစ်ကို ဦးတည်ရေးဆွဲထားပြီး ကျောင်းသား၊ ကျောင်းသူများ၏စဉ်းစား ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်၊ တီထွင်ဖန်တီးနိုင်သည့် စွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်သည့် စွမ်းရည် အစရှိသည့် စွမ်းရည်များကို အသုံးချပြီး လေ့လာသင်ယူနိုင်ရန် ရေးဆွဲလျက်ရှိပါကြောင်း၊ အလွတ်ကျက် မှတ် သင်ကြား နည်းမှ စဉ်းစားတွေးခေါ်မှုများကို ပိုမိုအားကောင်းလာစေရေးအတွက် ဆရာ၊ ဆရာမအားလုံးစနစ်သစ် သင်ရိုးညွှန်းတမ်းအသစ်များ၏ သင်ကြားနည်းစနစ်များနှင့် ဘာသာရပ်ကျွမ်းကျင်မှု ပြည့်ဝလာစေရေးတို့အတွက် မွမ်းမံသင်တန်းများ ပို့ချလျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်ဝသော ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့် ဆရာကျောင်းသားအချိုးမျှတရေး၊ ကျောင်းဆောင်များနှင့် စာသင်ခုံများ၊ သန့်စင်ခန်းများကို အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျောင်းများ၏လိုအပ်ချက်၊ အခက်အခဲများဖြစ်သည့် သန့်ရှင်းသောရေ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့် တိုက်များ ဖြည့်ဆည်းပေးရေး၊ သိပ္ပံခန်း၊ အားကစား၊ ပန်းချီ၊ ဂီတ၊ အနုပညာ စသည်တို့ကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန်အတွက်လည်း ပညာရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံပြီး တီထွင်ကြံဆနိုင်သည့် အစဉ်လေ့လာ သင်ယူနေသော လူသားကောင်းများဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည် ဖွံ့ဖြိုးရေး အထောက်အကူပြုဖော်ဆောင်ရွက်နိုင်မည့် လူငယ်မောင်မယ်များဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်နိုင်ရေး၊ မတူကွဲပြားမှုများကိုလက်ခံနိုင်သည့် အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ကျောင်းသားမိဘအုပ်ထိန်းသူများနှင့် ပြည်သူများအားလုံးက ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်မြို့နယ် တုံးရေကြိုးဝိုင်းအကွက်အမှတ်(၁၆)အတွင်း ပညာရေးကောလိပ်(ပြည်) တည်ဆောက်မည့်စီမံကိန်းသို့ ရောက်ရှိကြရာ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်အေးက ပညာရေးကောလိပ်တည်ဆောက်မည့် စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပြည်တက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ပြည်တက္ကသိုလ်၊ ပြည်နည်းပညာတက္ကသိုလ်၊ ပြည်ကွန်ပျူတာတက္ကသိုလ်၊ ပြည်ပညာရေးကောလိပ်နှင့် အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း(ပြည်)မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ စီမံခန့်ခွဲမှုဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ပညာရေးကောလိပ်သို့ သွားရောက်ပြီး ပညာရေး မိသားစုများ ဆရာ ဆရာမများနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment