Saturday, December 9, 2017
ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍဍ) ကျင်းပ
နေပြည်တော် ၂၀၁၇ဒီဇင်ဘာ ၈
ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍဍ) ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါနှီးနှောဖလှယ်ပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးအုန်းဝင်း၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးကျော်ဝင်း နှင့် ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဌ ဒေါက်တာဝင်းသိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော် ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ၊ ပညာရှင်များ၊ စာတမ်းရှင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်၊ တပ်မတော်ကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ ၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာ စကား ပြောကြားရာတွင် "အခုဆိုရင် အခြေခံပညာ ကဏ္ဍဍအတွင်း အဓိကနယ်ပယ်များဖြစ်တဲ့ ပညာသင်ယူမှု အခွင့်အလမ်း၊ ပညာ အရည်အသွေးနဲ့ အကျုံးဝင်မှု၊ သင်ရိုးညွှန်းတမ်း၊ စစ်ဆေး အကဲဖြတ်ခြင်း၊ ဆရာအတတ်ပညာနဲ့ ပညာရေးစီမံခန့်ခွဲမှု စသည်တို့မှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု များကို ပညာရေးဝန်ကြီးဌာနအနေနဲ့ အထူးအလေးထား ဆောင်ရွက်ကြတယ် ဆိုတာကို သိကြလိမ့်မယ် ထင်ပါတယ်။ ပညာသင်ကြားခြင်း၏ အဓိကရည်ရွယ်ချက် ပညာသင်ကြားခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တာဝန်ယူပြီး တာဝန်ခံ ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်၊ ဆက်စပ်စဉ်းစားတွေးခေါ် တီထွင်ကြံဆ တတ်တဲ့အရည်အချင်း၊ အသင်းအဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက် လိုတဲ့ စိတ်ဓာတ်တွေနဲ့ ပြည့်ဝတဲ့ အစဉ်လေ့လာသင်ယူနေတဲ့ လူသားကောင်းများ ပြုစုပျိုးထောင်နိုင်ဖို့ ဖြစ်ပါတယ်။ "ကလေးများဟာ ကျောင်းသင်ခန်းစာများအပြင် မိမိနေအိမ်၊ မိမိပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၊ မိမိနိုင်ငံရဲ့သမိုင်းနဲ့ လက်ရှိ အခြေအနေမှသည် ကမ္ဘာတစ်ခုလုံး လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ ဗဟုသုတ အရပ်ရပ်ကို သိမြင်နားလည်ဖို့ ဖြစ်ပါတယ်။ ကလေးများရဲ့ အတွေ့အကြုံ ဗဟုသုတများကို အခြေခံပြီး အတူတကွ သင်ယူလေ့လာနိုင်တဲ့ အခွင့် အလမ်းတွေကို စီစဉ်ဖန်တီး ပေးနိုင်တာနဲ့အမျှ ကလေးများရဲ့ စဉ်းစားတွေးခေါ် မြော်မြင်နိုင်မှု ရင့်သန်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွင့်လင်းမှု၊ ခံနိုင်ရည်ရှိမှု၊ စီမံခန့်ခွဲမှု၊ ကူညီစောင့်ရှောက်လိုမှု၊ တစ်ကိုယ်ကောင်းမဆန်မှု၊ အနစ်နာခံနိုင်မှု၊ တာဝန်ယူမှု၊ မတူကွဲပြားမှုများကို သိရှိနားလည်လက်ခံနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးများ ရှင်သန်ဖွံ့ဖြိုးလာစေမှာလည်း ဖြစ်ပါတယ်။ အခြေခံပညာ၏ အခန်းကဏ္ဍဍ အခြေခံပညာကဏ္ဍဍရဲ့ ရည်မှန်းချက်များကတော့ ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေဖို့၊ ကျောင်းထွက်သွားရတဲ့ ကျောင်းသူ၊ ကျောင်းသားများ မရှိစေဖို့၊ အလယ်တန်း၊ အထက်တန်းမှတစ်ဆင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဒါမှမဟုတ် တက္ကသိုလ် ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ဖို့နဲ့ အခြေခံသုတေသန စွမ်းဆောင်မှုများနဲ့ နယ်ပယ်အရပ်ရပ် ဖွံ့ဖြိုးတိုးတက်လာအောင် အထောက် အကူပြုစေဖို့တို့ပဲ ဖြစ်ပါတယ်။ အခြေခံပညာနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ ဒီရည်မှန်းချက်တွေ အပြည့်အဝ အောင်မြင်စေဖို့အတွက် မြန်မာနိုင်ငံရဲ့ အခြေခံပညာ ကဏ္ဍဍမှာ အဓိကကျကျ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကတော့ KG+ 12 ပညာရေးစနစ် အဖြစ်ပြောင်းလဲဖို့၊ ကျောင်းထွက်နှုန်း မြှင့်မားနေရတဲ့ အခြေခံ အကြောင်းရင်းများကို ဖြေရှင်းနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့၊ အလွတ်ကျက်မှတ်ရတဲ့ စနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီကို ပြောင်းလဲရေးအတွက် ဆရာ၊ ဆရာမများရဲ့ အရည်အသွေး ပြည့်ဝလာစေဖို့၊ ပညာရေးကောလိပ်များ အဆင့်မြှင့်တင်ရေး၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေးတို့ကို ဆောလျင်စွာ ဆောင်ရွက်ဖို့၊ သင်ရိုးညွှန်းတမ်းနဲ့ ကျောင်းသုံးဖတ်စာအုပ်များရဲ့ အရည်အသွေး မြှင့်တင်ဖို့နဲ့ ပညာရေးဆိုင်ရာ အုပ်ချုပ်မှု စွမ်းဆောင်ရည်များ တိုးတက်စေဖို့ တို့ကိုလည်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ "ဒီလိုပြုပြင်ပြောင်းလဲရမယ့် အချက်တွေ တစ်ချိန်တည်း တစ်ပြိုင်တည်း အားလုံးပြီး စီးအောင် ဆောင်ရွက်ရာမှာ အချို့သော အခက်အခဲများလည်း ရှိနေသေးတာ ကြောင့် ဝန်နဲ့အား မျှတမှုကို ချင့်ချိန်ပြီး အုပ်ချုပ်ရေးဆိုင်ရာ၊ ဘဏ္ဍဍာရေးဆိုင်ရာ ဘောင်အတွင်းက အင်တိုက်အားတိုက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ ပြုပြင်ပြောင်းလဲမှုများ "ယခုဆိုရင် ကျောင်းအဆင့်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ကျောင်းထွက်နှုန်း လျော့ကျရေး ဆောင်ရွက်ရာမှာလည်း ဘဏ္ဍဍာငွေ ခွင့်ပြုနိုင်မှုပေါ် မူတည်ပြီး ကျောင်းသုံး ပြဋ္ဌဌာန်းစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ အခမဲ့ ပေးဝေခြင်း၊ ဆရာ/ ကျောင်းသားအချိုး မျှတနိုင်ရေးအတွက် ဆရာများတိုးချဲ့ ခန့်ထားခြင်း၊ စာသင်ဆောင်များ တိုးချဲ့ဆောက်လုပ် ခြင်းတို့အပြင် ကျောင်းပြင်ပရောက် ကလေးများအတွက် လေ့လာဆန်းစစ်မှု အစီအစဉ် တို့ကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။ အမြင်အာရုံ၊ အကြား အာရုံချို့တဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများ၊ မသန်စွမ်းကျောင်းသား၊ ကျောင်းသူများ၊ နယ်စပ်ဒေသမှ ကျောင်းသား ကျောင်းသူများကိုလည်း ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးလျက် ရှိပါတယ်။ "အမြစ်တွယ်နေတဲ့ အလွတ်ကျက်မှတ်ရတဲ့ ပညာရေး စနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ပညာရေးစနစ်ဆီသို့ ပြောင်းလဲရာမှာလည်း ဆရာနဲ့ကျောင်းသား အများစု အရိုးစွဲနေတဲ့ ပြဋ္ဌဌာန်းစာအုပ်ပါ အကြောင်းအရာများကိုသာ သင်ကြားပေးခြင်း၊ သင်ရိုးမာတိကာအတိုင်း အမြန် ပြီးစီးအောင် သင်ကြားခြင်း၊ အတန်းအောင်ချက် မြင့်မားခြင်းကိုသာ အာရုံစူးစိုက်ခြင်း၊ စာမေးပွဲအောင်ဖို့ အတွက်သာ သင်ကြားပေးခြင်း၊ ပြဋ္ဌဌာန်းစာအုပ်ပါ အချက်အလက်များအတိုင်း တစ်သွေမတိမ်းဖြေဆိုနိုင်မှသာ ရလဒ်ကောင်းမွန်ခြင်း စတဲ့အချက်တွေကိုလည်း မဖြစ်မနေ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ "အဓိကအားဖြင့် သင်ရိုးညွှန်းတမ်း အကြောင်းအရာများဟာ ကလေးတစ်ဦးချင်းစီရဲ့ စဉ်းစားဉာဏ်ကို ထက်သန်စေရပါမယ်။ စိတ်ကူးဉာဏ်ကို ပံ့ပိုးနိုင်စေရပါမယ်။ ကောင်းသော အလေ့အကျင့်နဲ့ စာရိတ္တကို ဖြည့်ဆည်း ပေးနိုင်စေရပါမယ်။ ကျန်းမာသော ခန္ဓာကိုယ်မှာ ကြံ့ခိုင်သော စိတ်ဓာတ်ကို ရှင်သန်စေရပါမယ်။ ဒီလိုသင်ရိုးညွှန်းတမ်း ရည်ရွယ်ချက်များ ပေါက်မြောက်စေရေးအတွက် ဆရာအတတ်ပညာ ပြည့်ဝမှုကအဓိက အရေးကြီးပါတယ်။ "ဒါကြောင့် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ ပြည့်ဝစေရေး၊ သင်ကြားမှု စွမ်းဆောင်ရည် မြင့်မားရေးအတွက် အင်္ဂ္လိပ်စာနဲ့ အိုင်စီတီ အရည်အသွေး မြင့်မားရေး၊ သင်ကြားသင်ယူမှု အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါတယ်။ ကျောင်းအဆင့်၊ ကျောင်းမိသားစုအဆင့်၊ ကျောင်းအုပ်စု အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ဗဟိုအဆင့် စသည်ဖြင့် လုပ်ငန်းခွင်စွမ်းရည်မြှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးနေပြီ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမများအနေနဲ့လည်း သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် သုတေသန လုပ်ငန်းများ၊ ပရောဂျက်လုပ်ငန်းများတွင် အရည်အသွေး မြင့်မြင့်မားမားနဲ့ ဆောင်ရွက်ကြ နိုင်ဖို့လည်း လိုအပ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ မိဘများ၏ တာဝန်အသီးသီး "ဆရာ၊ ဆရာမများရဲ့ အတတ်ပညာ၊ စွမ်းဆောင်ရည်ပြည့်ဝဖို့ လိုအပ်သလို တစ်ဖက်ကလည်း ကျောင်းသား၊ ကျောင်းသူများနဲ့ မိဘများကိုယ်တိုင် ပါဝင်ဖြည့်ဆည်း ပေးရမယ့် လိုအပ်ချက်တွေလည်း ရှိနေပါတယ်။ ကျောင်းသား၊ ကျောင်းသူများဟာ ကျောင်းမှန်မှန် တက်ရောက်နေရုံနဲ့သာ တာဝန်ကျေပွန်တာ မဟုတ်ဘဲ တစ်နေ့တာ သင်ခန်းစာအပေါ်မှာ ခြုံငုံစဉ်းစား သုံးသပ်တွေးခေါ်နိုင်ခြင်း၊ အားကစားနှင့် အနုပညာ ဘာသာရပ်တွေမှာ ကိုယ့်ဝါသနာကို အရင်းခံပြီး ပါဝင်ဆောင်ရွက်တတ်ခြင်း၊ ပြင်ပစာပေ ဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရယူနိုင်ခြင်း၊ မိမိဖတ်ရှုတဲ့ စာအုပ်စာပေများမှ ရရှိလာတဲ့ ဗဟုသုတ၊ ဉာဏ်ပညာများကို အခြေခံပြီး အကြောင်းအကျိုး အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားတတ်တဲ့ အသိအမြင် ရရှိစေခြင်းအထိပါ ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ မိဘများအနေဖြင့်လည်း မိမိတို့ရဲ့ သားသမီးများရဲ့ တီထွင်ကြံဆနိုင်မှုကို အားပေးကူညီခြင်း၊ စဉ်းစား တွေးခေါ် နိုင်မှုအတွက် ပူးပေါင်းစီမံ လေ့ကျင့်ပေးခြင်းများတို့နဲ့ တစ်ဖက်တစ်လမ်းက ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ "စာဖတ်စွမ်းရည် အလေ့အကျင့်များ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ အားကစား ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကလေးပျော်ကျောင်းများ ဖြစ်အောင် ဖန်တီးပေးနိုင်ခြင်းဟာလည်း ပညာရေး အရည်အသွေး ပြည့်ဝအောင် စွမ်းဆောင် နိုင်ခြင်းနဲ့အတူ ကျောင်းထွက်နှုန်း လျော့နည်းပပျောက်နိုင်မယ့် အဓိကနည်းလမ်း တစ်ရပ် ဖြစ်ပါတယ်။ "ပညာရပ်နဲ့ ယဉ်ကျေးမှုဆိုင်ရာ သင်ယူ လေ့လာရေး ခရီးထွက်ခြင်း၊ စူးစမ်းလေ့လာ မှုများကို မှတ်တမ်း တင်ခြင်း၊ ကျောင်းစာကြည့်တိုက်များကို ပြုစုပျိုးထောင်ပေးခြင်းဖြင့် စာပေနဲ့အသိဉာဏ် အတွေးအခေါ် မြင့်မားစေဖို့ လေ့ကျင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပညာရေးမှတစ်ဆင့် နိုင်ငံအတွက် မျှော်လင့်ချက်များ "ဒါဆိုရင် ပညာရေးကနေ ကျွန်မတို့နိုင်ငံအတွက် ဘာတွေမျှော်လင့် နိုင်ပါသလဲ။ ရေရှည် ရင်းနှီးမြှပ်နှံမှု ဖြစ်တဲ့ ပညာရေးဖြင့် ကျွန်မတို့ယခု ကြုံတွေ့ ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါမယ်။ "ပညာရေးဖြင့် မညီမျှမှုများ မတည်ငြိမ်မှုများ ကင်းဝေးပပျောက်ပြီး တရားဥပဒေ စိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများကို နိုင်ငံသားများ အားလုံး ရယူခံစားနိုင်ဖို့ မျှော်လင့်နိုင်ပါမယ်။ "ပညာရေးဖြင့် ကျွန်မတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးကို ဆတက်ထမ်းပိုး တိုးတက် မြင့်မားလာစေဖို့၊ ပိုမိုစည်းလုံး ညီညွတ်စေဖို့၊ ငြိမ်းချမ်း စည်ပင်စေဖို့ မျှော်လင့်နိုင်ပါမယ်။ "ပညာရေးဖြင့် ပြည်ထောင်စု တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့များကို တန်းဖိုးထားမြတ်နိုး ထိန်းသိမ်းသွားကြဖို့ မျှော်လင့်နိုင်ပါမယ်။ "ပညာရေးဖြင့်သာ နိုင်ငံသားတိုင်း၊ မိသားစုတိုင်း လူတန်းစေ့ဘဝများကို ပိုင်ဆိုင်ပြီး သာယာပျော်ရွှင်စွာ ရပ်တည်နိုင်ဖို့မျှော်လင့်ရပါမယ်။ ဒါတွေဟာ ပညာရေးကနေ ကျွန်မတို့ မျှော်လင့်ရယူနိုင်တဲ့ အခွင့် အလမ်းတွေပါပဲ။ ဒါ့ကြောင့် ပညာရည် မြင့်မားဖို့အတွက် အဓိက အခြေခံအကျဆုံးဖြစ်တဲ့ အခြေခံပညာ အဆင့် ပညာရေးမျှော်မှန်းချက်များ မှသည် ကလေးတစ်ဦးချင်းစီရဲ့ ပညာသင်ယူမှု အခွင့် အလမ်းများ၊ ပညာရေး အရည်အသွေးများ ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မယ့် လုပ်ငန်း စဉ်များအထိ စ၊ လယ်၊ ဆုံး အပြည့်အဝ အောင်မြင်စေရေး အတွက် ယခု နှီးနှောဖလှယ်ပွဲမှာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းတီထွင်ကြံဆတတ်သော နိုင်ငံ့သားကောင်း၊ လူသားကောင်းများကို လေ့ကျင့်ပေးနိုင် ကြပါစေလို့ ဆန္ဒပြုပါတယ်"ဟု ပြောကြားသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍဍ)သို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး နှီးနှောဖလှယ်ပွဲအထိမ်း အမှတ် အခြေခံပညာပြခန်းများကို လှည့်လည် ကြည့်ရှုသည်။ ယင်းနောက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍဍ) ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တို့က ပညာရေးဖွံ့ဖြိုး တိုးတက်မှုအကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍဍ) နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။ အဆိုပါနှီးနှောဖလှယ်ပွဲတွင် ပညာရေးပြက္ခဒိန်ပါ လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အခြေခံပညာ အရည်အသွေး မြင့်မားရေး လုပ်ငန်းစဉ်များတွင် မိဘအုပ်ထိန်းသူ ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ အခြေခံပညာရေး လူတိုင်း အကျုံးဝင်မှု အားပေးမြှင့်တင်ခြင်း၊ ပြည်သူ့နီတိ အလေ့အကျင့်နှင့် အခြေခံပညာ ရေးအရည်အသွေး မြင့်မားရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကျောင်းထွက်သူပ ပျောက်ရေး၊ မူလတန်းပညာသင်ယူသူ အားလုံးမူလတန်း ပညာသင်ယူပြီးမြောက်ရေး၊ ဆရာ တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်၊ စာသင်ခန်းတွင် သင်ကြားသင်ယူမှု တိုးတက် မြင့်မားရေးဆောင်ရွက်မှု၊ အတူ ပူးပေါင်းသင်ယူ လက်တွေ့ လုပ်ဆောင်ခြင်း၊ အလယ်တန်း ပညာသင်ယူပြီးမြောက်ပြီး အထက်တန်းပညာ ဆက်လက်ပညာ သင်ယူရေး ဆောင်ရွက်ခြင်း၊ သင်ယူတတ်မြောက်မှု အကဲဖြတ်စစ်ဆေးခြင်းအပေါ် အကြံပြုဆွေးနွေးခြင်း၊ အခြေခံပညာ အဆင့် ပညာရည်စစ်ဆေး တိုင်းတာမှုကို လေ့လာသုံးသပ်ခြင်း၊ ကြီးကြပ်အကဲဖြတ် လုပ်ငန်းများ ထိရောက် အောင်မြင်ရေး ဆောင်ရွက်ခြင်း၊ ဆရာ၊ဆရာမများ ခန့်ထားမှုတွင် အရည်အချင်း ရှိ၍ သင်တန်းပြီးမြောက် သူများကို ခန့်ထားရေးနှင့် ထိုခန့်ထားသည့် အရေအတွက် အတိုင်းသာ ရာထူးပြောင်းရွှေ့ ရာထူး တိုးဆောင်ရွက်ခြင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သော ကျောင်းဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြု အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အခြေခံပညာ ဆရာ ဆရာမများ အရည်အသွေး မြင့်မားစေရန် ထိရောက်သော အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် မြို့နယ်/တိုင်းဒေသကြီး အလိုက် လိုအပ်ချက်များ ဖြည့်ဆည်းရန် စီမံကိန်းလုပ်ငန်းများ ပြုစုရေး ပူးပေါင်း ဆောင်ရွက်ခြင်း စသည့် စာတမ်းခေါင်းစဉ်များကို ဆွေးနွေးသွား ကြမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာရေးဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍဍ) ကို ဒီဇင်ဘာ ၁၀ ရက်ထိ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment