Tuesday, December 5, 2017

လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ဖွင့်ပွဲကျင်းပ










ရန်ကုန် ၂၀၁၇ ဒီဇင်ဘာ ၁

မြန်မာလူငယ်များ အချင်းချင်း အသိပညာ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများမျှဝေနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်များနှင့်အညီ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့ဥပစာ၌ ကျင်းပရာ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 ဖွင့်ပွဲအခမ်းအနားသို့ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဝင်ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်စန်းနိုင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍဍအသီးသီးမှ ပညာရှင်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ တက်ရောက်ကြသည်။ ရှေးဦးစွာ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူငယ်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဧည်သည်တော်များ၊ လူငယ်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြော ကြားရာတွင် သက်တမ်းနှစ်ပေါင်းရာနှင့် ချီတော့မည့် မိမိတို့ အမိတက္ကသိုလ်ကြီး၏ ရိပ်မြုံကြီးထဲတွင် ယခုကဲ့သို့ လူငယ်လူရွယ်များကို စုံစုံညီညီတွေ့ရသည့် အတွက် အလွန်ပင်အားရကျေနပ်မိပါကြောင်း၊ ဤအမိတက္ကသိုလ်ကြီးက မိမိတို့ မိဘများ၊ ဆရာသမားများကို ပညာသင်ပေးခဲ့ သလို ဤအမိတက္ကသိုလ်ကြီးက မျိုးချစ်လူငယ်များကို နိုင်ငံနှင့် လူမျိုးအတွက် အမျိုးသားစိတ်ဓာတ်များ သန္ဓေတည်ပေး ခဲ့ပါကြောင်း၊ ဤအမိတက္ကသိုလ်ကြီးက ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံခေါင်းဆောင်များ၊ မျိုးချစ် အာဇာနည်များမွေးဖွား ပေးခဲ့ပါကြောင်း၊ ဤအမိတက္ကသိုလ်ကြီးက မိမိတို့ လူငယ်များကို ဝိဇ္ဇာ၊သိပ္ပံပညာရပ် များ၊ အနုပညာဖန်တီးမှုများ သင်ကြားပေးခဲ့ပါကြောင်း၊ တစ်နည်းအားဖြင့် ဆိုရလျင် ဤအမိတက္ကသိုလ်ကြီးက မိမိတို့၏ ခေတ်သမိုင်းအဆက်ဆက် လွတ်လပ်ရေးသမိုင်း အဆက်ဆက်ကို တာဝန်ကျေကျေ လက်ဆင့်ကမ်း သယ်ပိုးပေးခဲ့သည့် မိမိတို့အားလုံး၏ ဘူမိနက်သန်နေရာတစ်ခုဟုဆိုရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အမျိုးသားရေး သမိုင်းကြောင်းအဆက်ဆက် ပုံဖော်ဖန်တီးပေး ခဲ့သည့် အမိတက္ကသိုလ်ကြီးထဲတွင် မိမိတို့နိုင်ငံ၏ လူငယ်များအတွက် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကြီးတစ်ရပ် ကျင်းပပြုလုပ်ပေးခဲ့သည့်အတွက် တာဝန်ရှိသူ အဖွဲ့အစည်း အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်ဟု ပြောကြားလိုပါကြောင်း၊ လူငယ်အ ချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးနိုင်ရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် မြှင့်တင်ပေးနိုင်ရန် အနာဂတ်မြန်မာ့ လူဘောင်အဖွဲ့အစည်းကို လူငယ်များ၏ အတွေးအမြင်ကောင်းများ၊ အရည်အသွေးကောင်းများနှင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဤလူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ကျင်းပပြုလုပ်ရခြင်းဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ၏ ၃၃ဒသမ ၈ရာခိုင်နှုန်းသည် အသက် ၁၅နှစ်မှ ၃၅နှစ် ကြားရှိသည့် လူငယ်များပင်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်လျင် နိုင်ငံတိုင်းလိုလိုသည် မိမိတို့၏ အနာဂတ် လူ့ဘောင် အဖွဲ့အစည်းကြီး ဖွံ့ဖြိုးသာယာစေရန် အတွက် (Social Capital) ဟုခေါ်သည့် လူမှုအရင်းအနှီးများ၊ (Intellectual Capital)ဟုခေါ်သည့် ဉာဏအရင်းအနှီးများ အပြိုင်အဆိုင် ရင်နှီးမြှုပ်နှံကြရာတွင် မျိုးဆက်သစ် လူငယ်များကို ပိုမိုပျိုးထောင်လာခဲ့ကြသည်ကို တွေ့မြင်ကြရမှာဖြစ် ပါကြောင်း၊ ယနေ့ ကျင်းပသည့် လူငယ်ဘက်စုံရေးပွဲတော်ကြီးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ကြရသည့် ရင်းနှီးမြှုပ်နှံမှု များစွာအနက် အလွန် တန်ဖိုးရှိလှသည့် လူသားအရင်းအမြစ်ရင်းနှီးမြှုပ်နှံမှု တစ်ခုဟု ပြောရမှာဖြစ်ပါကြောင်း၊ ဤပွဲတော်ကြီးတွင် စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အားကစားဆိုင်ရာလှုပ်ရှား မှုများ၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများ၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ လှုပ်ရှားမှုများပါဝင်မှာ ဖြစ်၍ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများ၊ မိဘဆရာများ၊ စာပေဝါသနာ ရှင်များ၊ အနုပညာရှင်များ၊ IT ပညာရှင်များ အားလုံး ပျော်ရွှင်တက်ကြွစွာ ဆင်နွဲပေးကြ ပါရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် ပွဲတော်ကြီးတွင် စကားဝိုင်းဆွေးနွေးပွဲများ၊ ကဗျာရွတ်ပွဲများ၊ စာအုပ် ဈေးခင်းများ၊ ပြပွဲပြခန်းများ ပါဝင်မည်ဟု သိရသည့်အတွက် အလွန်စည်ကားသိုက် မြိုက်ခဲ့သည့် အမိတက္ကသိုလ်ကြီး၏ တက်ကြွ လန်းဆန်းသည့် ပတ်ဝန်းကျင်နှင့် သစ်လွင်လှပသည့် နိမိတ်ပုံများကို ပြန်လည်တွေ့မြင်ခံစားရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတော်၏ အနာဂတ်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် သာယာ လှပအောင် လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးကြရမှာ ဖြစ်ပါကြောင်း၊ လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးရန်အတွက်ဆိုလျင် နိုင်ငံတော် အစိုးရတစ်ခုတည်းက ဆောင်ရွက်ပေး ရုံဖြင့် မလုံလောက်ဘဲ လူမှု အဖွဲ့အစည်း အသီးသီး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အသီးသီးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးကြခြင်းသည် အနာဂတ်နိုင်ငံတော်၏ နိုင်ငံတည် ဆောက်ရေး လုပ်ငန်းများကို တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါကြောင်း၊ ယခုပွဲတော် ကြီးကို တက်ရောက် လာကြသည့် အဖွဲ့အစည်းအသီးသီးနှင့် မိဘပြည်သူ များ၊ လူငယ်လူရွယ်များအားလုံးက ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်းပြောကြားသည်။ ယင်းနောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပွဲတော်ကျင်းပ ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပပေး သည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားသည်။ ယင်းနောက် ၂၀၁၆-၂၀၁၇ပညာသင်နှစ်အတွင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ထူးချွန်ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ရာ ဒုတိယသမ္မတဦးမြင့်ဆွေက Youth Robotics Competition ပြိုင်ပွဲတွင် ကမ္ဘာအဆင့် (၆)ရရှိခဲ့ကြသည့် သတင်း အချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ကွန်ပျူတာနည်း ပညာ တတိယနှစ်ကျောင်းသူ မယုဇနဝင်း၊ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ ဒုတိယနှစ် ကျောင်းသူ မမေပြည့်စုံကျော်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကွန်ပျူတာ နည်းပညာ တတိယနှစ်ကျောင်းသား မောင်ဘုန်းသီဟကျော် တို့အား ဆုများပေးအပ် ချီးမြှင့်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က Youth Robotics Competition ပြိုင်ပွဲတွင် ကမ္ဘာအဆင့်(၆)ရရှိခဲ့ကြသည့် ရန်ကုန်နည်းပညာ တက္ကသိုလ် မှ တတိယနှစ်ကျောင်းသားများဖြစ်ကြသည့် မောင်ဝေယျာအောင်၊ မောင်ကျော်ဇဇော် နှင့် မောင်ဝေယံထွန်းတို့အား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ASEAN Makerthon 2017 Competition 1st Runner up ဒုတိယဆုရ သတင်း အချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ်ES ကျောင်းသားများဖြစ် ကြသည့် မောင်မင်းခန့်လင်းနှင့် မောင်ပြည့်ဖြိုးပိုင် တို့အား လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက World Skills Korea ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မန္တလေးကွန်ပျူတာ တက္ကသိုလ် သတင်းအချက်အလက်စနစ် ပဉ္စမနှစ် စီးပွားရေး ကျောင်းသား မောင်နေဦးကျော်နှင့် Go Green in the City 2017 International ပြိုင်ပွဲတွင် East Asia Pacific and Japan Level Top(9)ဆုရ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)မှ တတိယနှစ် ISTကျောင်းသား မောင်ဖြိုးသူထက်နှင့် ဒုတိယနှစ် ICTကျောင်းသူ မဝင်ဒီအိုက်မောင်တို့အား လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက Most Diplomatic Delegate from ASIA ပြိုင်ပွဲတွင် 8th Model ASEM ဆုရ ရန်ကုန်နည်း ပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား မောင်ဖြိုးသူရဌေးနှင့် ဟားခါးကောလိပ် မှ ပထမနှစ်၊သမိုင်း ကျောင်းသူ မဗျက်ပါရ်လိန်း တို့အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက 6th ASEAN Plus (APT JSO)ဗီယက်နမ်သို့ တက်ရောက်ခဲ့သော ကျောင်းသားများ ဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ် အထက(၂)မှ နဝမတန်း ကျောင်းသူ မစိုးရတနာ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ဖြူးမြို့မှ နဝမတန်းကျောင်းသူ မကြယ်စင်လင်းလက်၊ ပဲခူးတိုင်းဒေသကြီး (အနောက်) ပန်းတောင်းမြို့နယ် အထကခွဲ၊ ကပစ(၆)မှ နဝမတန်းကျောင်းသူ မဆုဆွေဇင်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဝက်လက် မြို့နယ်မှ နဝမတန်းကျောင်းသူ မခင်ရတနာဖြိုးစံနှင့် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ နဝမတန်းကျောင်းသူ မထူးမြတ်သွယ်တို့အား လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြ သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အကအဖွဲ့က လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် Theme Song သရုပ်ပြဖျော်ဖြေခြင်းနှင့် " ထာဝရမြန်မာ "တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက် ကြသည်။ ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် အနုပညာဖျော်ဖြေ တင်ဆက်မှုများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ယနေ့မှစ၍ ဒီဇင်ဘာ ၃ ရက်နေ့ အထိ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း နံနက်(၉)နာရီမှ ညနေ(၅) နာရီအထိ စည်ကား သိုက် မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ သုံးရက်တာ ပွဲတော်ကာလ အတွင်း စာပေဆိုင်ရာလှုပ် ရှားမှုများ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုများ၊ ITနှင့် သိပ္ပံ နည်းပညာဆိုင်ရာ လှုပ်ရှားမှုများပါဝင်ပြီး စာအုပ်ဈေးရောင်းပွဲများ၊ လူငယ်ဆိုင်ရာ အသိ ပညာပေးအစီအစဉ်များ၊ ဆွေးနွေးပွဲများ၊ အဆို၊ အက၊ အတီးများနှင့် ဖျော်ဖြေမှုများ စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။ လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်သို့ မည်သူ မဆို လာရောက်ကြည့်ရှု ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။

No comments:

Post a Comment