Friday, December 8, 2017

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်း ၂၀၁၇ ကျင်းပ
















ရန်ကုန် ၂၀၁၇ ဒီဇင်ဘာ ၇

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်း ၂၀၁၇ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ RC ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း ၂၀၁၇ ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် University College နှင့် Judson College တို့ဖြင့် စတင်ဖြစ် တည်လာခဲ့ပါကြောင်း၊ ယခုဆိုလျှင် (၉၇)နှစ်တိုင် ပြည့်မြောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် နှစ် ၁၀ဝ ပြည့်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုသည် ယင်းနိုင်ငံ၏ပညာရေးဖွံ့ဖြိုး တိုးတက်မှု အပေါ်တွင် လုံးဝမူတည်နေသည့်အပြင် ပညာရေးသည် နိုင်ငံနှင့်လူမျိုး၏အခြေခံ အုတ်မြစ်အဖြစ် ယုံကြည်ခံယူသည့်အတွက် ပညာရေးကဏ္ဍဍ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များအား အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် လေ့ကျင့်မွေးထုတ်ပေးနေသည့် သမိုင်းအစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ကြီးကို ဂုဏ်ဆောင်တက္ကသိုလ် (Flagship University)နှင့် နိုင်ငံတကာအသိ အမှတ်ပြု တက္ကသိုလ်(Internationally Recognized University)တစ်ခုအဖြစ် ရပ်တည်နိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင် မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း၍ ပညာရပ်ဝန်းကျင်ကောင်းများ ပြည့်စုံကောင်းမွန်ရေး၊ ပညာရည် မြင့်မားရေး၊ ရန်ကုန်တက္ကသိုလ်၏အစဉ်အလာ အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းပြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ရေရှည်တည်မြဲ ဖွံ့ဖြိုးစေရေးလုပ်ငန်းများ စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်မှု၏ရလဒ်အဖြစ် ရန်ကုန်တက္ကသိုလ် အနေဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ အသိပညာပေးသည့် သိပ္ပံပွဲခင်း(၂၀၁၇)ကို စတုတ္ထအကြိမ် ကျင်းပနိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ယခုကျင်းပသည့် သိပ္ပံပြပွဲသည် နိုင်ငံတော်၏ပညာရည် တိုးတက်ရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်ကြီးကို အခန်းကဏ္ဍဍတစ်ရပ်အဖြစ် အထောက်အပံ့ ပေးနိုင်မှာဖြစ်သည့်အတွက် ကျေနပ်မိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍဍကို နိုင်ငံတကာအသိအမှတ်ပြုသည်အထိ တိုးတက်မြင့်မားလာစေရန် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းကပြပွဲ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သိပ္ပံပြခန်းများအား လှည့်လှည်ကြည့်ရှုကြသည်။ အဆိုပါ ရန်ကုန်တက္ကသိုလ်၏သိပ္ပံပွဲခင်း ၂၀၁၇ သည် တက္ကသိုလ်များ၏ သုတေသနလုပ်ငန်း များအတွက် ရှုထောင့်အသစ်နှင့် ပိုမိုကျယ်ပြန့်သော အတွေးအမြင်သစ်များ ရရှိနိုင်ခြင်း၊ ဆန်းသစ် တီထွင်လိုမှုကို နှိုးဆွပေးခြင်း၊ အဆင့်မြင့်ပညာနှင့် လူမှုအဖွဲ့အစည်းများအကြား အသိပညာ အတွေးအခေါ် စီးဆင်းဖလှယ်နိုင်မှုမြှင့်တင်နိုင်ခြင်း၊ ပြောင်းလဲနေသော လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ သင်ကြားမှုနှင့် သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်အောင်ပြုလုပ်နိုင်ခြင်း၊ တက္ကသိုလ်နှင့် လူမှုအဖွဲ့အစည်းများအကြား ယုံကြည်မှု အပြန်အလှန်နားလည်မှုနှင့် ပေါင်းစပ်ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခြင်း စသည်တို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ သိပ္ပံပွဲခင်းတွင် ရန်ကုန်တက္ကသိုလ် ဘာသာရပ်ဌာနအသီးသီးမှ သုတေသနပြခန်းများ၊ ဒဂုံတက္ကသိုလ်၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဦးစီးဌာန အပါအဝင် နည်းပညာကုမ္ပဏီများမှ သုတေသနစက်ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများပြသသော ပြခန်းများ၊ စုစုပေါင်းပြခန်း(၄၈)ခန်း နှင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ Science Project (၃၇)ခန်းကိုလည်း ပါဝင်ပြသထားပြီး ဒီဇင်ဘာ ၇ ရက်နေ့မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment