Friday, December 15, 2017

ဒုတိယအကြိမ်မြောက် မူလတန်းသင်ရိုးသစ်မိတ်ဆက် ကြီးကြပ်သူများသင်တန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ




ရန်ကုန် ၂၀၁၇ ဒီဇင်ဘာ ၁၄

စီမံခန့်ခွဲသူများအား လိုအပ်သော သတင်းအချက်အလက်များ ပေးခြင်းဖြင့် ကျောင်းများတွင် မူလတန်းသင်ရိုးသစ်နှင့် ပတ်သက်၍ စီမံခန့်ခွဲနိုင်ရန်နှင့် ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် မူလတန်းသင်ရိုးသစ် မိတ်ဆက် ကြီးကြပ်သူများသင်တန်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂ္လာဒုံမြို့နယ်ရှိ ထောက်ကြံ့အုပ်ချုပ်မှု သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆွေးနွေးပွဲတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လတ်ထွန်းနှင့် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းရီတို့က အမှာစကားပြောကြားသည်။ ဆွေးနွေးပွဲတွင် လက်ရှိပညာရေး ပြုပြင်ပြောင်းလဲခြင်း၊ အမျိုးသား မဟာဗျူဟာစီမံကိန်း၊ သင်ရိုးပြုပြင်ပြောင်းလဲခြင်း၏ တိုးတက်မှု အခြေအနေ၊ စစ်ဆေးအကဲဖြတ်ခြင်း ပြုပြင်ပြောင်းလဲခြင်း၏ တိုးတက်မှုအခြေအနေ၊ မူလတန်းသင်ရိုးသစ်၏အဓိက သဘောတရားများ၊ မူလတန်းပညာရေး၏ ရည်ရွယ်ချက်များ၊ ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်အသစ်များ၊ သင်ရိုးသစ်၏သင်ကြားသင်ယူမှု နည်းလမ်းများ၊ ပထမတန်း သင်ရိုးသစ် အကောင်အထည်ဖော်မှုကို သုံးသပ်ခြင်း၊ လုပ်ငန်းခွင် ဆရာ ဆရာမများ အတွက် ဒုတိယတန်း သင်ရိုးသစ်မိတ်ဆက်သင်တန်း၊ ပထမတန်း သင်ရိုးသစ်မိတ်ဆက် သင်တန်းကို သုံးသပ်ခြင်း၊ ဒုတိယတန်း သင်ရိုးသစ် မိတ်ဆက်သင်တန်း ဖွဲ့စည်းပုံနှင့်သင်တန်း အစီအစဉ်၊ သင်တန်းအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ သင်တန်းကိုကြီးကြပ်ကွပ်ကဲခြင်းနှင့် မူလတန်း သင်ရိုးသစ် အကောင်အထည်ဖော်နေသော ကျောင်းများကို ပံ့ပိုးကူညီခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်သည်။ အဆိုပါ ဒုတိယအကြိမ်မြောက် မူလတန်းသင်ရိုးသစ်မိတ်ဆက် ကြီးကြပ်သူများသင်တန်း အလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးမှ မြို့နယ်ပညာရေးမှူးနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ၂၂၅ ဦးတက်ရောက်ကြပြီး ဒီဇင်ဘာ(၁၄)ရက်မှ ဒီဇင်ဘာ(၁၅)ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment