Wednesday, November 22, 2017

(၈)ကြိမ်မြောက် အာရှ-ဥရောပအစည်းအဝေး ပုံစံတူဆွေးနွေးပွဲ (8th Model ASEM 2017) ကျင်းပ

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၁၇


နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျား၊ မ တန်းတူညီမျှရေးတို့အတွက် ပညာရေးသည်အရေးကြီးပါကြောင်း၊ ယခုဆွေးနွေးပွဲသည် လူငယ်အချင်းချင်း သံတမန်ဆက်ဆံရေး၊ ညှိနှိုင်းဆွေးနွေးရေးနှင့်နိုင်ငံတကာဆက်ဆံရေးစသည့် အကြောင်းအရာများကိုလက်တွေ့ကျကျမိတ်ဆက်ပေးသည့် ဆွေးနွေးပွဲတစ်ခုဖြစ်ပါကြောင်းဖြင့်(၁၃)ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးဖြစ်သည့် (၈)ကြိမ်မြောက်အာရှ-ဥရောပအစည်းအဝေးပုံစံတူဆွေးနွေးပွဲ (8th Model ASEM 2017) ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ အာရှနှင့်ဥရောပနိုင်ငံများမှ လူငယ် (၉၈)ဦး၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အားလုံးမှ မြန်မာလူငယ်(၅၆)ဦး ပါဝင်တက်ရောက်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က “ ငြိမ်းချမ်းရေးနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ်ဖက်ဆက်ဆံမှုကိုခိုင်မြဲအောင် တိုးမြှင့်ကြပါစို့”ဟူသည့် (၈)ကြိမ်မြောက် အာရှ-ဥရောပအစည်းအဝေးနှင့် (၁၃)ကြိမ်မြောက်အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ဆောင်ပုဒ်နှင့်အညီနိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုမတူသည့် အသိုင်းအဝိုင်းများကြားတွင်သည်းခံမှု၊ နားလည်မှုနှင့် အပြန်အလှန်လေးစားမှုတို့ကို မြှင့်တင်ပြီးလူငယ်များအတွင်း မိတ်ဖက်ဆက်ဆံမှုဖြင့် ရင်းနှီးစွာဆွေးနွေးမှုများကို ပြုလုပ်ကြမည်ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာစေရေးအတွက် ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို ချမှတ်ကာအရည်အသွေးမြင့်ပညာရေးကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းသည် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေခွင့်ရရှိရေး၊ ကျောင်းထွက်နှုန်းလျော့ချရေး၊ ကျောင်းနေမြဲနှုန်းမြင့်မားရေး၊ ခွဲခြားဆက်ဆံမှု မရှိရေးကိုဦးတည်သော မူဝါဒများအပေါ် အခြေခံထားပါကြောင်း၊ အခမဲ့မူလတန်းနှင့် အလယ်တန်းပညာရေးကိုဖော်ဆောင်လျက်ရှိရာရလဒ်အနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သူငယ်တန်းအသားတင် ကျောင်းဝင်နှုန်း ၉၈.၁ % ရရှိခဲ့ပါကြောင်း၊ မသန်စွမ်းကျောင်းသားများနှင့် အခက်အခဲ အမျိုးမျိုးရင်ဆိုင် နေရသောကျောင်းသားများအတွက် အထူးပညာရေးကိုလည်း အလေးထားဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကျောင်းကိုပုံမှန်မတက်နိုင်သူများနှင့် သင်ယူမှုရလဒ်အားနည်းသူများအတွက် ဖြည့်ဆည်းသင်ကြားမှုအစီအစဉ်ကိုလည်း အကောင်အထည်ဖော်လျှက်ရှိပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် တိုင်းရင်းသားဘာသာစကား (၄၉)မျိုးကိုသင်ကြား ပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းပြင်ပပညာရေးနှင့် ဘဝတစ်သက်တာသင်ယူမှုအတွက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန(Department of Alternative Education) ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါကြောင်း၊ အခြေခံပညာရေးစနစ်ကိုKG + 12စနစ်သို့ ပြောင်းလဲကျင့်သုံး နေပါကြောင်း၊ အလွတ်ကျက်ပညာရေးစနစ်ကိုအစားထိုးနိုင်မည့် (၂၁)ရာစု၏ ကျွမ်းကျင်မှုများကိုရရှိစေနိုင်မည့် အဆင့်မြင့်စဉ်းစားတွေးခေါ်မှုစွမ်းရည် (Higher-order Thinking Skills)နှင့်နက်နဲသောသင်ယူလေ့လာမှု (Deep Learning)သို့ ဦးတည်သောသင်ရိုးညွှန်းတမ်းအသစ်များကို ရေးဆွဲလျက်ရှိပါကြောင်း၊ အလုပ်အကိုင်ကောင်းရရှိရေးအတွက် စွမ်းရည်မြင့်မားရေးသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ ပညာရေးဝန်ကြီးဌာနသည် ဒေသလိုအပ်ချက်နှင့် လုပ်သားဈေးကွက်၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည့် အသုံးချသုတေသနကို အားပေးလျက်ရှိသကဲ့သို့ ကမ္ဘာနှင့်ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပူးပေါင်းဆောင်ရွက်တတ်သော ဘွဲ့ရပညာတတ်များမွေးထုတ်နိုင်မည့် စွမ်းဆောင်ရည်မြင့်မားသည့် ပညာရေးစနစ်ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အစိမ်းရောင်အလုပ်အကိုင် အခွင့်အလမ်းသစ်များဖန်တီးနိုင်ရန် အစိမ်းရောင် အမျိုးသားစီးပွားရေးကို မြှင့်တင်လျက်ရှိသကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချရေးကဏ္ဍဍကို ဖွံ့ဖြိုးအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖန်လုံအိမ်အာနိသင်အကျိုးသက်ရောက်မှု စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်လျော့ချရေးတို့အတွက် တာဝန်ခံမှုသည် အရေးကြီးပါကြောင်း၊ လူငယ်များသည် မိမိမိတ်ဆွေအပေါင်းအသင်းများ၊ လူ့အဖွဲ့အစည်းများအတွင်းလက်တွဲလျက် ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ခံဆောင်ရွက်သွားနိုင်မည့် အလေ့ကျင့်ကောင်းများကို ဤဆွေးနွေးပွဲမှ ရရှိသွားမည်ဖြစ်ပါကြောင်း ပြောကြားသွားပါသည်။ ထို့နောက်အာရှ-ဥရောပဖောင်ဒေးရှင်း (Asia-Europe Foundation - ASEF) Executive Director, Ambassador Karsten WARNECKE က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးသည်။ ဆွေးနွေးပွဲတွင် Asia-Europe Foundation (ASEF), Education Department Director Ms Leonie NAGARAJAN ကဦးဆောင်၍ Embassy of Switzerland in Myanmar မှ Ambassador Paul SEGER ၊ Asia-Europe Foundation (ASEF) Executive Director Ambassador Karsten WARNECKE ၊ Hanns Seidel Foundation (HSF) Myanmar မှ Resident Representative MrAchim MUNZ နှင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန မှ ပါမောက္ခ ဒေါ်ချောချောစိန် တို့က The Role & Influence of New Actor in Public Diplomacy ခေါင်းစဉ်ဖြင့် ပညာရှင်အဆင့်ဆွေးနွေးပွဲ ပြုလုပ်ကြသည်။ ဆက်လက်၍ ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍဍများအလိုက် မူဝါဒမူကြမ်းရေးဆွဲခြင်း၊ လူငယ်များသို့ ဦးတည်သောလုပ်ငန်းဆွေးနွေးပွဲ ကျင်းပခြင်းနှင့် နိုင်ငံကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များအဖွဲ့အလိုက် အပြန်အလှန် ဆွေးနွေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြသည်။ နေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-2) တွင် ကျင်းပသောဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်းနှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးကျော်တင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌဌများနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အာရှနှင့် ဥရောပနိုင်ငံများမှ 8th Model ASEM 2017တက္ကသိုလ်ကျောင်းသားလူငယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အထူးဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 8th Model ASEM 2017 အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်ထိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂(MICC-2)၌ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။













No comments:

Post a Comment