Wednesday, November 8, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး (၃၉)ကြိမ်မြောက် ယူနက်စကို အထွေထွေညီလာခံတက်ရောက်







ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးဟန်သူ၊ မြန်မာနိုင်ငံ ယူနက်စကို အမျိုးသား ကော်မရှင်အတွင်းရေးမှူးချုပ် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြင်သစ် နိုင်ငံ ပါရီမြို့တွင် ကျင်းပသော (၃၉)ကြိမ်မြောက် ယူနက်စကိုအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ကြသည်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့ က အဆင့်မြင့်ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့နံနက်ပိုင်းတွင် ယူနက်စကို အဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ယူနက်စကိုအတွင်းရေးမှူးချုပ် Ms. Irina Vokova တို့၏ ပညာရေး စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ နံနက်စာအစည်းအဝေးသို့တက်ရောက်ခဲ့သည်။ ယင်းသို့ တက်ရောက် ရာတွင် ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် များ (Sustainable Development Goals) အောင်မြင်ရေး အတွက် မြန်မာနိုင်ငံမှ ချမှတ်အကောင်အထည်ဖော်လျက်ရှိသော ပညာရေးမူဝါဒနှင့် စီမံကိန်းများဆိုင်ရာ ပညာရေးသတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်များ အပေါ် ယူနက်စကိုနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆက်လက်၍ (၃၉)ကြိမ်မြောက် ယူနက်စကို အထွေထွေညီလာခံသို့ တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားမူဝါဒဆိုင်ရာ မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင် မူဝါဒများ ထည့်သွင်း အကောင် အထည်ဖော်လျက် ရှိသည့် နည်းတူ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြား ခွင့်ရရှိရေး၊ ကျောင်းထွက်နှုန်း ပပျောက်ရေး၊ ကျောင်းနေနှုန်းတည်မြဲရေး၊ ခွဲခြားမှုမရှိရေးဟူသော မူဝါဒဖြင့် အရည်အသွေးမြင့် ပညာရေးဆီသို့ ရည်မှန်းချက်ထားလျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခမဲ့ ပညာရေးစနစ်ကို အခြေခံပညာမူလတန်းအဆင့်မှ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်အထိ အကောင်အထည်ဖော်လျက် ရှိသဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သူငယ်တန်းကျောင်းဝင်နှုန်း ၉၈.၁ ရာခိုင်နှုန်း ရှိပါကြောင်း၊ အားလုံး ပါဝင်ရေးနှင့် တန်းတူညီမျှရေးကို ဦးစားပေး အကောင်အထည်ဖော်ရာတွင် အမြင်အာရုံ၊ အကြားအာရုံ အားနည်းသော ကျောင်းသားများအတွက် အထူးပညာရေးစနစ်ကို လည်းကောင်း၊ သင်ယူမှုအားနည်းသော၊ ကျောင်းခေါ်ကြိမ်နည်းပါးသော ကျောင်းသားများအတွက် ပြန်လည်သင်ကြားပေး သော ကုစားပညာရေးစနစ်ကိုလည်းကောင်း ကျင့်သုံးလျက်ရှိသည့်အပြင် တိုင်းရင်းသားဘာသာစကား ၄၉ မျိုး ကိုလည်း သက်ဆိုင်ရာဒေသများတွင် သင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနကို အသစ်ဖွင့်လှစ်ကာ စာတတ်မြောက်မှုမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ ကြောင်း၊ လက်ရှိပညာသင်စနစ်မှ KG+12 စနစ်သို့ပြောင်းလဲလျက် အလွတ်ကျက်စနစ်ပပျောက်ပြီး တွေးခေါ်မှု ဦးစားပေးသော သင်ယူမှု (Deep Learning) ကို ဖော်ဆောင်မည့် သင်ရိုးညွှန်းတမ်းအသစ်များကို ပြန်လည် ရေးဆွဲသင်ကြားလျက် ရှိပါကြောင်း၊ ဆရာ၊ ကျောင်းသားများ၏ အင်္ဂ္လိပ်စာနှင့် အိုင်စီတီ အရည်အသွေးကို မြှင့်တင်လျက် တိုင်းပြည်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တက္ကသိုလ်သုတေသန ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေး အစီအစဉ်များကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား ပညာရေးမူဘောင်ချမှတ်ကာ အရည်အသွေးအာမခံမှု မြှင့်တင်နိုင်ရေးအတွက် တက္ကသိုလ်များတွင် ပညာရပ် ဆိုင်ရာ လွတ်လပ်ခွင့်များကို စတင်ကျင့်သုံးနေပြီ ဖြစ်ပါကြောင်း၊ ဗြိတိန်နိုင်ငံအစိုးရ၏ SPHEIR အစီအစဉ်ဖြင့် အဝေးသင်ပညာရေးစနစ် အရည်အသွေးမြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍဍကို ပထမတန်းစား ပညာရေးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းချက်နှင့်အညီ ဒေသလိုအပ် ချက်နှင့်ကိုက်ညီသော သင်တန်းများ တိုးချဲ့ဖွင့်လှစ်လျက်ရှိ ပါကြောင်း၊ ၂ နှစ်သင် ဆရာအတတ် ပညာရေး ဒီပလိုမာစနစ်ကို လေးနှစ်သင် ဆရာအတတ် ပညာရေးဘွဲ့စနစ်သို့ ပြောင်းလဲသွား မည်ဖြစ်ပါကြောင်းနှင့် ယူနက်စကိုအဖွဲ့ကြီးအနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်ဒေသ နှင့် သဘာဝအမွေအနှစ် ဒေသများကို ထည့်သွင်းသတ်မှတ်ပေးခြင်းများ အတွက်လည်းကောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ အသစ်များနှင့် ပို့ဆောင်ရေးနည်းပညာ အသစ်များကို ဆက်သွယ်အသုံးပြုခွင့်ရရှိရေး ပံ့ပိုးကူညီမှုများအတွက် လည်းကောင်း ယူနက်စကိုအဖွဲ့ကြီးကို နိုင်ငံတော်၏ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာလ ၂ ရက် ညနေပိုင်း တွင် ယူနက်စကို ပညာရေး စီမံကိန်းဆိုင်ရာ နိုင်ငံတကာပညာသင်ဌာန (UNESCO International Institute for Education Planning-IIEP)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမ များ၊ ပညာရေးအရာရှိများ၏ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများပို့ချနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် ယူနက်စကို ပညာရေးကော်မရှင် (UNESCO Education Commission) အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။



No comments:

Post a Comment