Sunday, November 12, 2017

အမျိုးသားအဆင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၁

အမျိုးသားအဆင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲ တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ မဟာဗျူဟာစီမံကိန်း(၂၀၁၈-၂၀၃၀)၏မျှော်မှန်းချက်မှာ နိုင်ငံတကာ အရည်အသွေးစံချိန်းစံညွှန်း နှင့်ကိုက်ညီသော မြန်မာနိုင်ငံအင်ဂျင်နီယာများ၊ အင်ဂျင်နီယာနည်းပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်လာစေရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် မဟာဗျူဟာစီမံကိန်းအရ (International Engineering Alliance) ၏ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ရရှိရန် ဆောင်ရွက်လျက်ရှိ သည်မှာ ကောင်းမွန်သည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊ (International Engineering Alliance) ဝင်နိုင်ရန်အတွက် (Washington Accord၊ Sydney Accord နှင့် Dublin Accord) တွေကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့မွေးထုတ်လိုက်သည့် Engineer များ Technologists နှင့် Technicians များ အားလုံးသည် နိုင်ငံတကာ အသိအမှတ်ပြု Professional များ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း၏ မဟာဗျူဟာမြောက် အပြောင်းအလဲ(၉)ခုထဲမှ နည်းပညာနှင့် သက်မွေးပညာကဏ္ဍဍနှင့် အဆင့်မြင့်ပညာရေးကဏ္ဍဍတို့တွင် အရည်အသွေးကိုအာမခံသည့် စစ်ဆေးအကဲဖြတ်မှုများ ကြိုးပမ်းဦးတည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးမဟာဗျူဟာ(၂)၊ လုပ်ငန်းစဉ်(၅)တွင် နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး အရည်အသွေးမူဘောင်၊ အမျိုးသားကျွမ်းကျင်မှုစံများ၊ ကျွမ်းကျင်မှုအ‌ခြေပြု သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်းနှင့် သင်တန်းကျောင်းများနှင့် တစ်ဦးချင်းစီကို အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်း၊ လုပ်ငန်းဆောင်တာများပါဝင်သည့် အရည်အသွေးအာမခံမှုစနစ်ထူထောင်ခြင်းပါရှိ ပါကြောင်း၊ ထို့အပြင် အဆင့်မြင့်ပညာကဏ္ဍဍတွင် မဟာဗျူဟာ(၁)၊ လုပ်ငန်းစဉ်(၅)တွင် အဆင့်မြင့် ပညာရေးအတွက် အရည်အသွေးကိုအာမခံသည့် စစ်ဆေးအကဲဖြတ်မှုများ ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာ တက္ကသိုလ်များနှင့် စက်မှုလက်မှု သိပ္ပံကျောင်းများမှ မွေးထုတ်လိုက်သောအင်ဂျင်နီယာများ၊ အင်ဂျင်နီယာ နည်းပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များကို အရည်အသွေးအာမခံချက်ရှိသည့် ကျွမ်းကျင်မှုစံနှင့် ကိုက်ညီ၍ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောသူများ ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ နည်းပညာတက္ကသိုလ်များနှင့် စက်မှုလက်မှုသိပ္ပံကျောင်းများမှ သင်ကြားပေး လိုက်သည့် အင်ဂျင်နီယာနည်းပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ (Engineering Technologists & Technicians)များကို အရည်အ‌သွေးပြည့်မီစေရန် (T.U) နှင့် (A.G.T.I)အနေဖြင့် လည်း အသိအမှတ်ပြုကျောင်းများ(Accreditated T.U)နှင့် (Accreditated A.G.T.I) ဖြစ်လာရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးမည့် (Accreditation Manual) တွေဟာ (T.U) နဲ့ (A.G.T.I) များကို အရည်အသွေး၊ အရည်အချင်းပြည့်မီသည့် (T.U) နှင့် (A.G.T.I) များ ပေါ်ထွက် လာစေရန် အထောက်အပံ့ကောင်းများဖြစ်ပါကြောင်းနှင့် ယနေ့ဆွေးနွေးပွဲမှ နိုင်ငံတကာနှင့်ယှဉ်ပြိုင် နိုင်သည့် အင်ဂျင်နီယာပညာရှင်များဖြစ်လာစေရန် အားလုံးကဝိုင်းဝန်း ပျိုးထောင်စေလိုကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဌ ဒေါက်တာချာလီသန်းက ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ရရှိလာမည့် ရလဒ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌဌနှင့် ဒုတိယဥက္ကဋ္ဌဌ(၁)တို့က "အာဆီယံ အရည်အချင်း သတ်မှတ်မှု ရည်ညွှန်းမှုဘောင်"၊ "မြန်မာနိုင်ငံ အမျိုးသားအရည်အသွေးသတ်မှတ်မှု မူဘောင်"နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏မဟာဗျူဟာစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။


No comments:

Post a Comment