ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၂၆
၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူး၊ တွဲဖက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ Learning Hub ခန်းမ၌ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်မှ (၂၇)ရက် အထိ (၃)ရက်ကြာ ကျင်းပလျှက်ရှိရာ ယနေ့မွန်းလွဲ(၂)နာရီ တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တက္ကသိုလ်ဝင် စာမေးပွဲဆိုင်ရာ လက်စွဲစာအုပ်ထဲတွင် ညွှန်ကြားချက်များကို လိုက်နာပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ လက်စွဲစာအုပ်နှင့် ပတ်သက်၍ အကြံပြုချက်များ၊ ပြင်ဆင်ဖြည့်စွက်ချက်များရှိပါက ဆွေးနွေးပွဲတွင် ပွင့်လင်းစွာဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများကို လူသားကောင်းများ ပြုစုပျိုးထောင်ရေး၊ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ တီထွင်ကြံဆ တတ်စေရေး၊ တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်စေရန် လေ့ကျင့်သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍဍတွင် အခြေခံတန်းများဖြစ်သည့် Grade-1, Grade-2, Grade-3 အတန်းများတွင် သင်ကြားသင်ယူလေ့ကျင့်မှုများသည် ပိုမိုအရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို စနစ်တကျ သင်ကြားပေးသည့်အခါတွင် ကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ရန် အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားဘဲ တန်းတူညီမျှ ပညာသင်ယူခွင့်ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေး ပြည့်မီသည့် ပညာရေး ဖြစ်လာစေရန် ကျောင်းသားမိဘများ၊ ပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဆရာ ဆရာမများ အရည်အသွေးပြည့်မီရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချရန်၊ စာကြည့်တိုက်များကို ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ သင်ကြားသင်ယူနည်း စနစ်များကို ပိုမိုကောင်းမွန်စွာဆောင်ရွက်ပေး ရမည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍဍ ပြုပြင်ပြောင်းလဲမှု အောင်မြင်စေရန် အားလုံးကမိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် ပြောကြားသည်။ အဆိုပါ ဆွေးနွေးပွဲသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မကွေးတိုင်း (သရက်ခရိုင်)နှင့် ချင်းပြည်နယ် (ပလက်ဝမြို့နယ်) တို့မှ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကိုယ်စားလှယ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၂၄၀) ဦး တက်ရောက်လျှက် ရှိပါသည်။ အလားတူ ဆွေးနွေးပွဲ/သင်တန်းများကို မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်မှ (၁၈)ရက် အထိလည်းကောင်း၊ နေပြည်တော်တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်မှ (၂၈)ရက် အထိ လည်းကောင်း ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment