Saturday, November 11, 2017
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာဆရာမများ ရာထူးတိုး/ပြောင်း ဆောင်ရွက်ရန်အတွက် ရွေးချယ်ရေး တန်းစီဇယားသတ်မှတ်ခြင်း 'မူ'များဆွေးနွေးပွဲကျင်းပ
နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၈
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာဆရာမများ ရာထူးတိုး/ပြောင်း ဆောင်ရွက်ရန်အတွက် ရွေးချယ်ရေး တန်းစီဇယားသတ်မှတ်ခြင်း ‘မူ’ များဆွေးနွေးပွဲကို နိုဝင်ဘာလ ၈ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်ဒီဂရီကောလိပ် (၁၃၃)ခုတွင် ဆရာ၊ ဆရာမ (၂၁၂၄၅)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၃၅၄၃၃)ဦးရှိပါကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ရာ၌ အရည်အသွေးမြင့်မားရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ ပညာရေးခေတ်နောက်ကျလာခဲ့ရာမှ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်နေချိန်တွင် ဆရာဆရာမများအနေဖြင့် အင်္ဂ္လိပ်စာကျွမ်းကျင်မှု၊ ICTကျွမ်းကျင်မှုများ မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆရာဆရာများကိုယ်တိုင် အရည်အသွေးမြင့်မားရေးအတွက် စာများများဖတ်၍ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်းနှင့် အကျိုးရှိထိရောက်သော သုတေသနလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ကျောင်းသားကျောင်းသူများအား အလွတ်ကျက်မှတ်မှုကို အားမပေးဘဲ Deep Learning သင်ယူနိုင်ရေးအတွက် တက္ကသိုလ်ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုတိုးတက်အောင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နေရာတိုင်းတွင် လိုအပ်ချက် မပြည့်စုံမှု အခက်အခဲ စိတ်ခေါ်မှုများရှိနေသော်လည်း ကြံ့ကြံ့ခံရင်ဆိုင် ဖြေရှင်း၍ အောင်မြင်အောင်ကြိုးစား ဆောင်ရွက်ဖို့လိုကြောင်း၊ ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးကို အလေးထားကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ဝန်ထမ်းဥပဒေများနှင့် ခွင့်ပြုဘဏ္ဍဍာငွေများအရသာ ဆောင်ရွက်ပေးနေရပါကြောင်း၊ ကျောင်းသားကျောင်းသူများကို လူသားကောင်းများဖြစ်အောင် ပူးပေါင်းဆောင်ရွက်တတ်အောင် တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်အောင် တီထွင်ကြံဆတတ်အောင် လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍဍ အရည်အသွေး မြင့်မားရေးအတွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင်နိုင်ရေးနှင့် အရည်အသွေး အာမခံနိုင်မှုရှိသော ပညာရေးလမ်းကြောင်း ပေါ်ရောက်အောင် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းစသည်ဖြင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပြီး အဆင့်မြင့် ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက တက္ကသိုလ်ဒီဂရီကောလိပ် ဆရာ ဆရာမများ၏ ရာထူးတိုးပြောင်းကိစ္စများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးကြသည်။ ယနေ့ အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌဌ ဒေါက်တာတင်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ပါမောက္ခချုပ်များ ကျောင်းအုပ်ကြီးများ၊ ဌာနခွဲတာဝန်ခံများနှင့် ဆရာဆရာမများ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment