Tuesday, November 21, 2017

ပညာရေးဝန်ကြီးဌာနနှင့် ဟန်ဂေရီနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတို့၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုးခြင်း

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၂၁

ပညာရေးဝန်ကြီးဌာနနှင့် ဟန်ဂေရီနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတို့၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကိုယနေ့ ညနေ ၄ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားပါသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဟန်ဂေရီနိုင်ငံအစိုးရအနေနှင့် မြန်မာနိုင်ငံပညာရေး တိုးတက်မှုအတွက် အထောက်အပံ့ပေး ကူညီလာခဲ့ရာ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဟန်ဂေရီနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတို့ အကြား ၂၀၁၄-၂၀၁၆အတွက် လက်မှတ်ရေးထိုးခဲ့သည့် ပညာရေးဖလှယ်ရေး အစီအစဉ် နားလည်မှုစာချွန်လွှာကိုတိုးချဲ့ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှစ်ခုက နှစ်နိုင်ငံအကြား ပညာတော်သင်စေလွှတ်ခြင်း၊ ကျောင်းသားများ ရွှေ့ပြောင်းပညာသင်ကြားခြင်း၊ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပခြင်း၊ သုတေသနပူးပေါင်းဆောင်ရွက်ခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ အဆင့်မြင့်ပညာကဏ္ဍဍများအတွက် ညီလာခံများကျင်းပခြင်းနှင့် နှစ်နိုင်ငံ သုတေသနများ ပူးပေါင်းဆောင်ရွက်ခြင်းအစရှိသည့် ပညာရေးနှင့် သိပ္ပံပညာဆိုင်ရာဆက်နွယ်မှုများကို အားဖြည့်ပေးမှာဖြစ်ပါကြောင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကိုတိုးတက်စေမယ်လို့ မျှော်လင့်ပါကြောင်း၊ ယခုအစီအစဉ်သည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အကောင်အထည်ဖော်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်သို့ ရောက်ရှိအောင်မြင်ရေး အတွက်လည်း အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ဟန်ဂေရီနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး H.E. Mr Peter Szijjartoက အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဟန်ဂေရီနိုင်င၊ံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး H.E. Mr Peter Szijjarto တို့က ပညာရေးဝန်ကြီးဌာနနှင့် ဟန်ဂေရီနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနတို့၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ အခမ်းအနားသို့ ဟန်ဂေရီနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး H.E. Mr Peter Szijjarto ၊ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီနိုင်ငံ၊ သံအမတ်ကြီး H.E. Mr Peter Jakabနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။ အဆိုပါပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အား လက်မှတ်ရေးထိုးခြင်းဖြင့် တစ်နှစ်လျှင် ထူးချွန်သော မြန်မာကျောင်းသား၊ ကျောင်းသူများအား ဟန်ဂေရီနိုင်ငံ၌ ပညာသင်ယူနိုင်ရန်အတွက် ပညာတော်သင်ဆုများ ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံအဆင့်မြှင့်ပညာရေးအဖွဲ့အစည်းများနှင့် သုတေသနဌာနများသည် အပြန်အလှန်စိတ်ဝင်စားမှုရှိသည့် ဘာသာရပ်နယ်ပယ်များနှင့် သက်ဆိုင်သည့် တွေ့ဆုံဆွေးနွေးပွဲများ၊ သိပ္ပံနည်းကျ သုတေသနပူးပေါင်းဆောင်ရွက်မှုများ၊ အတွေ့အကြုံဖလှယ်ပွဲများ၊ ညီလာခံများ ကျင်းပခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။








No comments:

Post a Comment