Wednesday, November 15, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး High Performing Ministry of Education ဟောပြောပွဲ တက်ရောက်

နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၁၄

ပညာရေးဝန်ကြီးဌာန၏ High Performing Ministry of Education ဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁:ဝဝ) နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) တွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ဟောပြောပို့ချပေးသော ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကို ပညာရေးဝန်ကြီးဌာနကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်ကြသူများ အားလုံးကို ပညာရေးဝန်ကြီးဌာနက အထူးမှတ်တမ်းတင် ဂုဏ်ယူပါကြောင်း၊ ပညာရေးကဏ္ဍဍအနေဖြင့် နှစ်ပေါင်းများစွာ ခေတ်နောက်ကျကျန်နေသည့်အတွက် အရည်အသွေးမြင့်မားပြီး လမ်းကြောင်းမှန်သို့ ရောက်အောင်ကြိုးပမ်းဆောင်ရွက်‌နေပါကြောင်း၊ အခြေခံပညာကဏ္ဍဍ၊ နည်းပညာ၊ သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍဍ၊ အဆင့်မြင့်‌ပညာကဏ္ဍဍများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အားကောင်းသော သင်ကြားသင်ယူမှုတွင် အလွတ်ကျက်မှတ်သော သင်ကြားနည်းစနစ်မှ တွေးခေါ် မြော်မြင်မှုကို ပေးစွမ်းသော သင်ကြားမှုစနစ်ကို ကူးပြောင်းရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်ရိုးညွှန်းတမ်း များကိုလည်းမြှင့်တင်ပြီး သင်ကြားနေပါကြောင်း၊ ပညာရေးကဏ္ဍဍတွင် အရေအတွက် သာမက အရည်အသွေးမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူလတန်း ဆရာ ဆရာမ တိုင်းကို သင်တန်းများပေးပြီးမှ အလုပ်ဝင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းအုပ်၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပညာရေးမှူးများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းများ ပေးနေပါကြောင်း၊ တစ်ဦးချင်းစီက တာဝန်ယူ တာဝန်ခံဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အလုပ်အကိုင်ကောင်းကောင်း ရရန်အတွက် High Level Skill ရရှိရန်အတွက် ပညာရေးသည် အရေးကြီးပါကြောင်း၊ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးပွာရေး၊ ကျန်းမာသန်စွမ်းရေး၊ အနာဂတ်လှပရေး၊ ငြိမ်းချမ်းရေး၊ ကျား/ မတန်းတူ ညီမျှရေးတို့အတွက် ပညာရေးသည်အဓိကကျသဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က High Performing Ministry of Education ခေါင်းစဉ်ဖြင့် ဟောပြောပို့ချပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာကြီး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ကြောင်း သတင်းရရှိသည်။






No comments:

Post a Comment