Tuesday, November 14, 2017

၂၀၁၇ ခုနှစ် (၉၇)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၃

၂၀၁၇ ခုနှစ် (၉၇)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားနှင့် မြို့မကျောင်းနှစ် (၁၀ဝ) ပြည့် အကြိုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ပြည်မြန်မာ သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ယင်းနောက် ဒဂုံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှပေးပို့သော (၉၇)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားတင်ပြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် မြို့မအမျိုးသားအထက်တန်းကျောင်းသည် သမိုင်းအစဉ်အလာ ကြီးမားစွာနှင့် အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်သည့် ပညာတတ်လူငယ်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၁၉၂၀ ခုနှစ်တွင် ပထမအကြိမ် ကောလိပ်ကျောင်းသားများ သပိတ်ကာလအတွင်း ရွှေတိဂုံစေတီတော် မြို့မကျောင်းကြီး စတင်သန္ဓေတည်ခဲ့ပါကြောင်း၊ ယင်းအချိန်က ကောလိပ်ကျောင်းသား ကျောင်းသူများက အထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူငယ်လေးများကို ဇရပ်များတွင် စာသင်ခန်းများဖွင့်ပြီး ပထမတန်းမှ ဒသမတန်းအထိ သင်ပေးခဲ့ကြပါကြောင်း၊ ရန်ကုန်မြို့တင်မကပဲ တစ်နိုင်ငံလုံးတွင် ကျောင်းများဖွင့်ပြီး သင်ကြားကြရန် တစ်နိုင်ငံလုံးကို ဆော်သြခဲ့ရာမှ အမျိုးသားကျောင်းပေါင်း ၉၃ ကျောင်း ပေါ်ထွန်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ကျောင်းများစတင် တည်ထောင်စက နေရှင်နယ်ကျောင်း၊ တိုင်းရင်းသားကျောင်းဟု ခေါ်ဝေါ်ခဲ့ကြပြီး မြို့မကျောင်းကို ဗဟိုနေရှင်နယ်ကျောင်းဟု အမည်ပေးခဲ့ပါကြောင်း၊ ကျောင်းတည်ထောင်သည့် နေ့ရက်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်ဟု မှတ်တမ်းပြုထားသည်ကို တွေ့ရသည့်အတွက် မြို့မအမျိုးသားကျောင်းကြီး၏ သက်တမ်းသည် လာမည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၇)ရက်တွင် နှစ်ပေါင်း(၁၀ဝ) ပြည့်တော့မည်ဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ်ပြီးသည့်နောက်ပိုင်းတွင် မြို့မကျောင်းမှ ရွှေတိဂုံစေတီတော်သို့ နံနက်စောစောလမ်းလျှောက် ချီတက်၍ ဂုဏ်ပြုအခမ်းအနားများကျင်းပခြင်း၊ ကျောင်းအဆောက်အဦကို မီးရောင်စုံများထွန်းညှိခြင်း၊ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများ ကျင်းပခြင်းတို့ကို နှစ်စဉ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်း၏သမိုင်းကြောင်းကို ပြန်ကြည့်သည့်အခါ မြို့မဖခင်ကြီး ဆရာကြီးဦးဘလွင်၏ လက်ထက်တွင် အတိုးတက်ဆုံးဖြစ်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သည့် သခင်နုကို မွေးထုတ်ပေးနိုင်သကဲ့သို့ ဘက်ပေါင်းစုံတွင် ထက်မြက်ထူးချွန်သည့် နိုင်ငံ့သားကောင်းများစွာလည်း ပေါ်ထွန်းလာခဲ့ပါကြောင်း၊ ထို့ပြင် ဆရာကြီးဦးဘလွင်၏ လက်ထက်တွင် ယခုသုံးထပ်ကျောင်းကြီးကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ဘုံဆင့်ပြဿဒ်နှင့် မြန်မာမှု မြန်မာ့ဟန်အပြည့် လွန်စွာတင့်တယ်လှသည့် ကျောင်းအဆောက်အဦကြီး ကို ၁၉၂၉ ခုနှစ် နဝမအကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့မှ စတင်အုတ်မြစ်ချခဲ့ပြီး နှစ်နှစ်အကြာ ၁၉၃၁ ခုနှစ် အမျိုးသားအောင်ပွဲနေ့ (သောကြာ)နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယင်းကျောင်း အဆောက်အဦကြီး၏ သက်တမ်းသည်လည်း နှစ် ၁၀ဝ ပြည့်လာမည်ဖြစ်ပြီး အမျိုးသား ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦးတစ်ခု ဖြစ်လာစေရန် အလားအလာလည်း ရှိနေပါကြောင်း၊ သို့ဖြစ်၍ ယင်းကျောင်းကြီးကို မပျက်မစီး၊ မယိုမယွင်းရလေအောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ခြုံငုံသုံးသပ်ရမည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးတွင် တည်ထောင်ခဲ့ကြသည့် အမျိုးသားကျောင်းများထဲမှ မြို့မအမျိုးသားအထက်တန်းကျောင်းသည် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည့်အတွက် ကျောင်းကြီး၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း သယ်ဆောင်သွားရေးသည် ကျောင်းနှင့်ဆက်စပ် ပတ်သက်နေသူအားလုံးအပေါ်တွင် တည်မှီနေပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၆ ဘာသာဂုဏ်ထူးရှင်(၂)ဦးအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။ ယင်းနောက် မြို့မကျောင်းသားဟောင်းတစ်ဦးက နှုတ်ခွန်းဆက်အမှာ စကားပြောကြားပြီး မြို့မဖခင်ကြီး ဆရာကြီးဦးဘလွင်သမီး ဒေါ်စုစုလွင်က ဂုဏ်ထူးငါးဘာသာရရှိသည့် မောင်မြတ်ဟိန်းခန့်အား ဂုဏ်ပြုဆုချီးမြှင့်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ဥက္ကဋ္ဌဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများက ၉၇ နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့်သူများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment