နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၂၄
၂၀၁၇ခုနှစ်၊ ကရင်ပြည်နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်းဂုဏ်ပြုပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၄)ရက် နေ့ ၊ နံနက်(၉)ခွဲနာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမကျင်းပရာ အခမ်းအနားကို ဘားအံမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း မှကျောင်းသား၊ ကျောင်းသူများက "လူတိုင်းအတွက်ပညာရေး" သီချင်းဖြင့်သီဆိုဖွင့်လှစ်သည်။ ထိုနောက် ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်နှင့် တာဝန်ရှိသူများက ၂၀၁၇ ခုနှစ်၊ ကရင်ပြည်နယ် စာတတ်မြောက်ရေးလုပ်ငန်းတွင် လုပ်အားဒါနကူညီခဲ့ကြသည့် ကြီးကြပ်သူများ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ ဒေသန္တရလုပ်အားပေးကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။ ယင်းနောက် လုပ်အားဒါနကူညီပေးခဲ့ကြသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား မောင်ဇင်သူဦး(ပထမနှစ်၊မြန်မာစာ)၊ မနန်းစုစုလှိုင်(ပထမနှစ်၊မြန်မာစာ) တို့က ရက်(၄၀)အတွင်း သင်ကြားခဲ့သည့်အတွေ့အကြုံများကို ပြောကြားကြပြီး ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် တက်ရောက်သင်ကြားသင်ယူခဲ့သည့် ဒေသခံစာသင်သားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက်ဘားအံမြို့၊ မူလွန်(၁၀)မှ ကျောင်းသား၊ ကျောင်းသူလေးများက စည်းလုံးညီညီ တေးသီချင်းဖြင့်ကပြဖျော်ဖြေပြီး ဘားအံမြို့ ဘားကပ်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တို့ရိုးရာယဉ်ကျေးမှု အမွေအနှစ် သီချင်းဖြင့်ကပြဖျော်ဖြေကာ ဘားအံမြို့အမက(၁၂)မှကျောင်းသား၊ ကျောင်းသူများက နိုင်ငံသစ်ဆီတို့လှမ်းချီ တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ယင်းနောက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုမှတ်တမ်းများအား Video Clip ဖြင့်ပြသပြီး တက်ရောက်လာသူများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည့်ခင်းဧည့်ခံသည်။ အခမ်းအနားအပြီးတွင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။ ကရင်ပြည်နယ်တွင် အောက်တိုဘာ(၁၄)ရက်မှ နိုဝင်ဘာ(၂၂)ရက်နေ့ထိအခြေခံပညာ စာတတ်မြောက်ရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ဘားအံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ(၁၂၅)ဦး တောင်ငူတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ(၃၃)ဦး ဒေသခံလုပ်အားပေး(၆၉)ဦး၊ စုစုပေါင်း (၂၂၇)ဦးတို့က စာသင်ဝိုင်း (၁၁၂)ဝိုင်းတွင် စာသင်သားပေါင်း(၁၀၄၂)ဦးတို့အား သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment