Tuesday, November 21, 2017

Edit Media 8th model ASEM 2017 တွင် ပါဝင်သည့် မြန်မာကျောင်းသားများအား ကြိုဆိုပွဲကျင်းပ

ရန်ကုန် ၂၀၁၇ နိုဝင်ဘာ ၁၅

8th model ASEM 2017 တွင် ပါဝင်သည့် မြန်မာကျောင်းသားများအား ကြိုဆိုပွဲအခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ဒေါ်အေးအေးမြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များက မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းမှ ကျောင်းသား တစ်ဦးက မြန်မာအမျိုးသားအကဖြင့်ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးသဘောတရားဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်ဌေးခင်က အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပညာရေးစိတ်ပညာဌာနမှ ပါမောက္ခ ဒေါက်တာဒေါ်ခင်ပြုံးရီ က အကဲဖြတ်မှုစနစ်နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် ASEM နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် 8th model ASEM 2017 သို့ အာရှ-ဥရောပဒေသရှိ အဖွဲ့ဝင်နိုင်ငံပေါင်း (၅၃)နိုင်ငံမှ တက္ကသိုလ်ကျောင်းသား ကျောင်းသူ (၁၀၂)ဦးနှင့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းသား ကျောင်းသူ(၅၆)ဦး စုစုပေါင်း (၁၅၈)ဦး တက်ရောက်ကြမည်ဖြစ်ပြီး နိုဝင်ဘာ(၁၇)ရက်နေ့မှ (၂၀)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။






No comments:

Post a Comment