နေပြည်တော် ၂၀၁၇ နိုဝင်ဘာ ၂၇
ကျောင်းများတွင် သန့်ရှင်းသောရေရရှိရေး၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာ (၆)ကြိမ်မြောက်နိုင်ငံတကာသင်ယူမှု နှီးနှောဖလှယ် ပွဲ 6th WASH in Schools International Learning Exchange (WinS ILE 6) အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ - ၂ (MICC-2) ၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှီးနှောဖလှယ်ပွဲသည် ကျောင်းများတွင် သန့်ရှင်းသောရေရရှိရန်၊ သန့်စင်ခန်းများ စနစ်တကျ အသုံးပြုရန်၊ ဆပ်ပြာနှင့်စနစ်တကျလက်ဆေးရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် အတွေ့အကြုံများ၊ အသိပညာများကို ဖလှယ်နိုင်ခြင်းဖြင့် တက်ရောက်ဆွေးနွေးသည့် နိုင်ငံကိုယ်စားလှယ် အားလုံးအတွက် အကျိုးကျေးဇူးရရှိမည့်ကိစ္စဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အခြေအနေများသည်မှန်မှန် တိုးတက် နေသော်လည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များသို့ရောက်ရှိရန်အတွက် လိုအပ်နေ ပါသေးကြောင်း၊ မြို့ပြဒေသတွင် (၈၉)ရာခိုင်နှုန်းသော အိမ်ထောင်စုများ၊ ကျေးလက် ဒေသတွင် (၇၇)ရာခိုင်နှုန်းသော အိမ်ထောင်စုများအပါအဝင် တစ်နိုင်ငံလုံးအနေဖြင့် (၈၀)ရာခိုင်နှုန်းသော အိမ်ထောင်စုများသာ ကောင်းမွန်သော သောက်သုံးရေများကို အသုံးပြုရသည်ဟု သိရှိရပါကြောင်း၊ သန့်ရှင်းမှုသည် အရေးကြီးပြီး မြန်မာနိုင်ငံတွင် (၄၈)ရာခိုင်နှုန်းသော အိမ်ထောင်စုများသည် သန့်စင်ခန်းနှင့် ပတ်သက်၍ ကောင်းမွန်သော အခြေအနေများ ရရှိနေသည်ကို တွေ့ရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာမူလတန်း၊အလယ်တန်း၊အထက်တန်း ကျောင်းများ စုစုပေါင်း (၄၆၄၆၈)ကျောင်းတွင် သန့်စင်ခန်း(၁၉၂၈၄၁)ကျော်ရှိပြီး စာသင်ကျောင်းများတွင် ပျမ်းမျှအားဖြင့် မိန်းကလေးများအတွက် သန့်စင်ခန်း(၁)လုံးနှင့် ယောကျာ်းလေးများအတွက် သန့်စင်ခန်း(၁)လုံး အနည်းဆုံးရှိပါကြောင်း၊ သန့်စင်ခန်းနှင့်ကျောင်းသားအချိုးအနေဖြင့်(၁:၄၈) ရှိပါကြောင်း၊ သို့သော်လည်း ကျောင်းတစ်ကျောင်းချင်းအလိုက် စဉ်းစားမည်ဆိုပါက သန့်စင်ခန်း ပေါင်း(၄၈၅၉၅)ထပ်မံလိုအပ်နေပါကြောင်း၊ သန့်ရှင်းသောရေ ရရှိရေး အတွက်လည်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေပါသေးကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ကောင်းမွန်သောရေ၊ သန့်ရှင်းမှုနှင့် တစ်ကိုယ်ရည် ကျန်းမာရေးကိစ္စရပ်များအတွက် နည်းလမ်းများရယူရန် စိတ်အားထက်သန်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “၂၀၁၆-၂၀၃၀ ကျေးလက်ဒေသ၊ စာသင်ကျောင်းများ နှင့် ကျန်းမာရေးဌာနများတွင် ရေရှိရေး၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာ အမျိုးသားမဟာဗျူဟာ” ချမှတ်ပြီး ဖြစ်ပါကြောင်း၊ ゞင်းအတွက် ရင်းနှီးမြှုပ်နှံမှု အစီအမံကိုလည်း အတည်ပြုထားပါကြောင်း၊ ယခုအခါ လက်တွေ့အကောင်အထည် ဖော်နိုင်ရန်အတွက် ကျောင်းများတွင် ရေရရှိရေး၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် ကျန်းမာရေးဆိုင်ရာ “စံ”နှင့် လမ်းညွှန်ကို ပြုစုလျက်ရှိပါကြောင်း၊ ယခုနှီးနှောဖလှယ်ပွဲ ရလဒ်များမှတစ်ဆင့် အိမ်ရှင်မြန်မာနိုင်ငံသာမက တက်ရောက်လာသည့် အာရှ-ပစိဖိတ်နိုင်ငံများပါ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ UNICEF မြန်မာဌာနေကိုယ်စားလှယ် June Kunugi က အမှာစကားပြောကြားသည်။ ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှုအနုပညာအကများဖြင့် တင်ဆက်ဖျော်ဖြေပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအပြီးတွင် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါနှီးနှောဖလှယ်ပွဲသို့ မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသမှ နိုင်ငံပေါင်း(၁၁)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး၊ နိုဝင်ဘာ (၂၇)ရက်နေ့မှ ဒီဇင်ဘာ (၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ နိုဝင်ဘာ(၃၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် သန့်ရှင်းသော ရေရရှိရေး၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာ ကျင့်သုံးဆောင်ရွက် နေမှုများကိုလည်း သွားရောက် လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment