နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၉
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဘောလုံး ပြိုင်ပွဲအုပ်စု ပထမနေ့ကို ယနေ့ညနေပိုင်းက ဝဏ္ဏသိဒ္ဓိကွင်း၌ စတင်ကျင်းပသည်။
မြန်မာတက္ကသိုလ်- တစ်ဂိုး
လာအိုတက္ကသိုလ်- တစ်ဂိုး
အိမ်ရှင်မြန်မာအသင်းအတွက် မထင်မှတ်သည့် ရလဒ်ဖြစ်ခဲ့ပြီး နိုင်ပွဲပျောက်ဆုံးခဲ့သည်။ လာအိုအသင်း၏ ခံစစ်ဦးစားပေး ကစားမှုကို မြန်မာအသင်းတိုက်စစ်မကျော်နိုင် ခဲ့၍ သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်ပြီး အဆုံးသတ်အားနည်းမှုကြောင့်လည်း အမှတ် လျော့ခဲ့ရခြင်းဖြစ်သည်။
အိမ်ရှင်မြန်မာတက္ကသိုလ် ဘောလုံး အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့် ကစားသော်လည်း စိုးရိမ်စိတ်များနေပြီး တိုက်စစ်ပုံဖော်ရာတွင် အားနည်းချက်များရှိခဲ့ သည်။ မြန်မာအသင်းသည် ဂိုးသွင်းခွင့်များ ဖန်တီးနိုင်သော်လည်း အဆုံးသတ်အားနည်းမှု ကြောင့် ပထမပိုင်းတွင် ဂိုးမရခဲ့ခြင်းဖြစ်သည်။ ၃၆ မိနစ်တွင် နိုင်ရဲအောင် အပိုင်ကန်ခွင့်ရ သော်လည်း လွဲချော်ခဲ့၍ နစ်နာခဲ့ရသည်။ လာအိုအသင်းသည် ရံဖန်ရံခါသာ ထိုးဖောက် နိုင်သော်လည်း ဂိုးပေါက်ခြိမ်းခြောက်မှုပြုလုပ် နိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ကသာ ဖိကစားနိုင်ခဲ့သော်လည်း ၅၅ မိနစ် တွင် မထင်မှတ်ဘဲ ဂိုးပေးလိုက်ရသည်။ ပြစ်ဒဏ်ဘောမှတစ်ဆင့် ဆွန်ဆာမန်က ခေါင်းတိုက်သွင်းယူခဲ့၍ လာအိုအသင်း ဂိုးစတင်ရရှိခဲ့သည်။ ဂိုးပေးလိုက်ရသော်လည်း မြန်မာအသင်း ကစားကွက်ပျက်မသွားဘဲ နှစ်မိနစ်အကြာတွင် ချေပဂိုးပြန်ရခဲ့ပြီး သန့်ဇေယျာဝင်းက သွင်းယူခဲ့သည်။ သရေ ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာအသင်း ဂိုးထပ်မံရရန် အားထည့်ကစားခဲ့ပြီး ဂိုးသွင်း ခွင့်များရခဲ့သော်လည်း အဆုံးသတ် အားနည်းမှုကြောင့် သရေရလဒ်ဖြင့် ပြီးဆုံး ခဲ့ခြင်းဖြစ်သည်။
ညနေ ၃ နာရီက ကစားသည့် ပထမပွဲ တွင် ထိုင်းအသင်းက စင်ကာပူအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည်။ အုပ်စု ဒုတိယ နေ့ကို ဒီဇင်ဘာ ၁ဝ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး ဝဏ္ဏသိဒ္ဓိကွင်း၌ ညနေ ၃ နာရီတွင် ထိုင်းနှင့် မလေးရှား၊ ညနေ ၆ နာရီခွဲတွင် မြန်မာနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
No comments:
Post a Comment