Monday, December 24, 2018

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန်စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းတက်ရောက်

မန္တလေး ၂၀၁၈ ဒီဇင်ဘာ ၂၃





























၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာဆွေးနွေးပွဲသင်တန်း ဒုတိယနေ့ကို ၂၃၊ ၁၂၊ ၂၀၁၈ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေး အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြု ဆောင်ရွက်မည့် သူများအား ဘက်မလိုက်ဘဲ မျှတစွာတာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့် အညီ မေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းဖြင့် သက်ဆိုင်ရာသို့ လက်ဆင့်ကမ်း အပ်နှံဆောင်ရွက်ကြရန်နှင့် ကုဒ်လုပ်ငန်းဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာဆရာမအရေ အတွက်ဖြင့် တာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲဖြေဆိုမည့်ကျောင်းသား ကျောင်းသူများနှင့် စာမေးပွဲခန်းကြီးကြပ်မည့်ဆရာဆရာမများ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းအစမှအဆုံး အထိ အကောင်းဆုံးပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် ကြုံတွေ့ ရသည့်အခက်အခဲများကို မိသားစုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖြေရှင်းပေးကြရန်နှင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးရန်လိုပါကြောင်း ၊ အရည်အသွေးရှိသောနိုင်ငံသားကောင်းများမွေးထုတ်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အရည်အသွေးရှိစွာ အောင်မြင်နိုင်ရေး အရေးကြီးပါကြောင်း၊၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ၌ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံအသစ်တွင် ဘာသာရပ် အားလုံး၌ လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမိုပါဝင်လာမည် ဟုသိရှိရပါကြောင်း၊ ၊ စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများ လုံခြုံမှု ရှိစေရေး၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး တို့အတွက်ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စာစစ်လုပ်ငန်းဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက်အရွယ်ကြီးသော ဆရာဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာဆရာမများနှင့် ဘာသာရပ်နှင့်မကိုက်ညီသော အထက်တန်းပြ ဆရာ ဆရာမများအား စာစစ်တာဝန်ပေးခြင်းမပြုရန်နှင့် ဘာသာရပ်နှင့်ကိုက်ညီသော အထက်တန်းပြ လုပ်သက်(၂)နှစ်အထက်ရှိသည့် ဆရာဆရာမများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ တာဝန်ပေးရန်နှင့် ပျက်ကွက်မှုမရှိအောင် အလေးထားပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း ယခုဆွေးနွေးပွဲသင်တန်းတွင် လုပ်ငန်းအတွေ့အကြုံများဖလှယ်၍ အားနည်းချက်များပြုပြင်၍ အားကောင်းလာအောင်၊ အားသာချက်များကိုလည်း ပိုမိုအားကောင်းလာအောင် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့်ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွှန့် နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေး မှူးများ ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချ ကြသည်။ အဆိုပါ ဆွေးနွေးပွဲသင်တန်းသို့ မန္တလေး(ရမည်းသင်း၊မိတ္ထီလာမပါ)၊ စစ်ကိုင်း၊ ချင်း(ပလက်ဝမပါ)၊ ကချင်၊ ရှမ်း(မြောက်) များမှ ဆရာ ဆရာမ စုစုပေါင်း (၈၆၁) ဦး တက်ရောက်ကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့အမှတ်(၁၆) အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ စာသင်ဆောင်၊ စာသင်ခန်း၊ ဓါတ်ခွဲခန်း၊ လက်တွေ့ခန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်းများကို လိုက်လံကြည့်ရှုစစ်ဆေး၍ သင်ကြား သင်ယူမှုအခြေအနေများ၊ ပညာရေး စီမံခန့်ခွဲမှုများ ပိုမိုတိုးတက်ကောင်းမွန်ရေး ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျှက် တာဝန်ခံဒုတိယ ကျောင်းအုပ်နှင့် ဆရာ၊ဆရာမများ ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ အလွတ်ကျက်မှတ်မှု စနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသော ပညာရေးစနစ်ကို အကောင်းအထည်ဖော် ဆောင်ရွက်ရေး၊ ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရေး၊ အရည်အသွေးရှိသော ဆရာဆရာမကောင်းများဖြစ်ရန်အတွက် သင်ယူပြီးရင်း သင်ယူနေကြရန်နှင့် စာများများဖတ်၍ သင်ယူမှုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေး မှာကြားသည်။ ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သိရသည်။

No comments:

Post a Comment