နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၈
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲရိုးရာခြင်းလုံးပြိုင်ပွဲကို ၈၊ ၁၂၊ ၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း၌ စတင်ကျင်းပသည်။ရိုးရာခြင်းလုံးအားကစားပြိုင်ပွဲအား မြန်မာ၊ လာအို၊ မလေးရှား၊ ထိုင်းနိုင်ငံအသင်းများမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကစားကြသည်။ ပထမပွဲစဉ်(The Linking Event -3)အတွဲပြိုင်ပွဲအဖြစ် မြန်မာနှင့်မလေးရှား၊ ထိုင်းနှင့်လာအိုတို့ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက မလေးရှားအသင်းကို ၄၃၇-၁၂၆ ဖြင့်လည်းကောင်း ၊လာအိုအသင်းက ထိုင်းအသင်းကို ၃၈၂-၂၉၉ တို့ဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိကြသည်။ ဒုတိယပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့်မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာထိုင်းအသင်းကမလေးရှားအသင်းကို ၃၀၀-၁၄၇ အမှတ်ဖြင့် အနိုင်ရရှိကာ (The Linking Event -3) အတွဲပြိုင်ပွဲတွင် တတိယနေရာရရှိခဲ့သည်။ ထို့နောက် မြန်မာအသင်းနှင့် လာအိုအသင်းတို့ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းကလာအိုအသင်းအား ၄၆၈-၃၉၅အမှတ်ဖြင့်အနိုင်ရရှိပြီး (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲရိုးရာခြင်းလုံးပြိုင်ပွဲတွင်ပထမဦးဆုံးရွှေတံဆိပ်ဆုကိုဆွတ်ခူးနိုင်ခဲ့သည်။ ပြိုင်ပွဲအပြီးတွင် တတိယရရှိသော ထိုင်းနိုင်ငံအသင်း၊ ဒုတိယရရှိသော လာအိုနိုင်ငံအသင်းနှင့် ပထမရရှိသော မြန်မာနိုင်ငံအသင်းအား ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်တို့ကဆုချီးမြှင့်ကြသည်။ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း(၁၁)နိုင်ငံမှ အားကစားသမား (၂၀၀၀) ကျော်ကအားကစားနည်း(၁၇)နည်းဖြင့် ပြိုင်ပွဲပေါင်း (၂၀၁) မျိုး ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment