မြစ်ကြီးနား ၂၀၁၈ ဒီဇင်ဘာ ၂၂
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Myanmar Kindness Groupတို့ ပူးပေါင်း၍ ရွှေ့ပြောင်းစခန်းများရှိ လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ကာလတို သက်မွေးပညာ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၃နာရီတွင် မြစ်ကြီးနားမြို့၊ မိုင်းနား (KBC)ရွှေ့ပြောင်းစခန်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မိုင်းနားစခန်းမှ မိသားစုများ၊ Myanmar Kindness Group Founder ဒေါ်ခင်မာလာနှင့် တာဝန်ရှိသူများ၊ MHTi- Myanmar Hospitality& Tourism Institute မှ တာဝန်ရှိသူများ၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း (မြစ်ကြီးနား)မှ ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် အဆိုပါ သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲတွင် မိုင်းနားစခန်း အတွင်းရှိ ကျောင်းပြင်ပရောက်လူငယ်များအတွက် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးပညာရပ် ဆိုင်ရာ ကာလတို သင်တန်းများဖြစ်သည့် House Keeping & Restaurant Service အခြေခံ သင်တန်းနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းများကို MHTi- Myanmar Hospitality &Tourism Instituteနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား) တို့ပူးပေါင်း၍ နိုဝင်ဘာ(၆) ရက်နေ့က ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးခဲ့ပါကြောင်း၊ အဆိုပါသင်တန်းများသို့ မိုင်းနား(KBC) စခန်း၊ ဝိုင်းမော်မြို့၊ ပူတာအိုမြို့၊ မိုးကောင်းမြို့၊ တနိုင်းမြို့၊ နမ္မတီးမြို့၊ မြစ်ကြီးနား မြို့နှင့် စီတာပူရပ်ကွက်အနီး အနားရှိကျေးရွာများမှ သင်တန်းသားများတက်ရောက်ခဲ့ပြီး House Keeping & Restaurant Service အခြေခံသင်တန်းတွင် တက်ရောက်ပြီးစီး သူ(၅၅)ဦးနှင့် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်းတွင် တက်ရောက်ပြီးစီးသူ(၁၉)ဦးတို့အား သင်တန်း ဆင်း လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် စခန်း(၂)ခုလုံးရှိ လူငယ်များနှင့်တွေ့ဆုံ ဆွေးနွေးချက်အရ လူငယ်များတက်ရောက်လိုသည့် စက်ချုပ်သင်တန်း၊ ကွန်ပျူတာ သင်တန်း၊ ကားမောင်းသင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ ကားပြင်သင်တန်း၊ မိုဘိုင်း ဖုန်းပြုပြင်ခြင်းသင်တန်း၊ အလှပြင် သင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ မုန့်ဖုတ်သင်တန်း၊ လျှပ်စစ်သွယ်တန်းခြင်း သင်တန်းများကို ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိုင်းနား(KBC)နှင့် မိုင်းနား (RC) ရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးနောက် တက္ကသိုလ် ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသည့်လူငယ်များကို ရန်ကုန်မြို့ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ သက်မွေးသင်တန်းကျောင်းများအနက် အလုပ်အကိုင် အခွင့်အလမ်းများသည့် သင်တန်းကျောင်း(၃)ခုဖြစ်သည့် ရတနာဂဟေဆက်သင်တန်း၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေးသင်တန်း ကျောင်း(SITE) နှင့် စင်ကာပူ-မြန်မာသက်မွေး ပညာသင်တန်းကျောင်း (SMVTI)တို့သို့တက်ရောက်စေလိုပါကြောင်း၊ ထိုသို့ တက်ရောက်နိုင်ရေးအတွက် ပညာသင်ဆုများပေးအပ်ပြီး ပံ့ပိုးပေးသည့် Myanmar Kindness Groupနှင့် အလှူရှင်များကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး Myanmar Kindness မှ Founder ဒေါ်ခင်မာလာက ပူးပေါင်းပံ့ပိုးဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် မိုင်းနားစခန်းမှ ပညာရေးတာဝန်ခံက ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသတင်းရရှိသည်။
No comments:
Post a Comment