နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၎
ပညာရေးဝန်ကြီးဌာနက ကျင်းပသည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲ( အခြေခံပညာကဏ္ဍ)ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
နှီးနှောဖလှယ်ပွဲသို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူမှုရေး ၀န်ကြီးများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ တို့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ် များ၊ ပညာရေးကောလိပ် များမှကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် များမှပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ တပ်မတော်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်း များမှ ကိုယ်စား လှယ်များ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ အသင်းအဖွဲ့၊ ကျောင်းသားအသင်းအဖွဲ့နှင့် မိတ်ဖက်စာကြည့်တိုက်များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုဆိုတာဟာ၊ လူသားရင်းမြစ် (Human Resource) နဲ့ ဘယ်လောက်ထိ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်နိုင်စွမ်း ရှိသလဲအပေါ်မှာ မူတည်ပါတယ်။ လူသားရင်းမြစ်တွေ တန်ဖိုးတက် လာဖို့ “အရည်အသွေးရှိသော ပညာရေး” ကို ခိုင်မာအောင် ကျွန်မတို့ တည်ဆောက်ကြရမှာဖြစ်ပြီး ဒီလိုအရည်အသွေးရှိတဲ့ ပညာရေး ကို တည်ဆောက်နိုင်ဖို့ များစွာရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။ ၂၀၁၅ အမျိုးသားပညာရေး ဥပဒေမှာ “နိုင်ငံတော်၏ ပညာရေးအသုံး စရိတ်ကို နိုင်ငံတော်အသုံးစရိတ် အားလုံး၏ ၂၀ရာခိုင်နှုန်း အထိ ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ရမည်”လို့ အတိအလင်း ဖော်ပြထားသလို နိုင်ငံတော်အနေနဲ့ နှစ်စဉ်ပညာရေး အသုံးစရိတ်တွေ ပိုမိုတိုးမြှင့် သုံးစွဲနိုင်အောင် ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။ နိုင်ငံတော်အနေနဲ့ ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံလျက်ရှိသလို “ဖွံဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ” ကလည်း ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံ ကူညီ ဆောင်ရွက် ပေးနေပါတယ်။ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ကျောင်းသားများ၊ မိဘ များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းများတွင် စီမံခန့်ခွဲသူများ၊ ပညာရေးတွင် ပူးပေါင်းဆောင် ရွက်သူများ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက် မှုအင်အားတွေ အလွန်အရေးပါကြောင်း အထူးပြောနေဖို့ မလိုပါဘူး ထင်ပါတယ်။ လူ့ဘောင်လောကမှာ ရပ်တည်ရှင်သန်နိုင်ဖို့ “အချက်အလက်များကို မှတ်မိရုံ သာမက တွေးတတ်၊ ခေါ်တတ်၊ စိစစ်တတ်ပြီး ပြဿနာ များကို ဖြေရှင်းတတ်ဖို့” အလွန်အရေး ကြီးပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို အလွတ်ကျက်မှတ်တဲ့ အလေ့အကျင့်နဲ့ သင်ယူစေတဲ့ အခြေအနေကနေ ကျိုးကြောင်းဆက်စပ်တွေးခေါ် သင်ယူ တတ်တဲ့ ကလေးတွေဖြစ်အောင် လေ့ကျင့်ပေးဖို့ အရေးကြီးပါတယ်။ ဒီလို လေ့ကျင့် သင်ကြားရာမှာ ကျောင်းသား၊ ကျောင်းသူတွေကို သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာများ သာမက ပြင်ပ အကြောင်းအရာတွေကိုပါ ဆက်စပ်လေ့လာတတ်ဖို့အတွက် ယေဘုယျ အားဖြင့် အချက်အလက် စုဆောင်းတတ်ခြင်း၊ စိစစ်ခြင်း၊ ပြဿနာများ အဖြေရှာခြင်း၊ ဆွေးနွေးခြင်း စတဲ့အချက်တွေနဲ့ ဆောင်ရွက်နိုင်အောင် အခြေခံပညာကျောင်းတွေမှာ စပြီးတော့ အစုအဖွဲ့နဲ့ လေ့လာပူးပေါင်း ဆောင်ရွက်တတ်စေမယ့် သင်ကြား၊ သင်ယူမှု နည်းလမ်းများကို အသုံးပြုရပါတယ်။ လူငယ်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို “ပြဿနာတွေကို မကြောက်တတ်ဖို့ လေ့ကျင့်ပေးဖို့ လိုပါတယ်။ လုပ်ငန်းရှိရင် ပြဿနာရှိမယ်၊ ပြဿနာဆိုတာ ကြောက်စရာ မဟုတ်ဘူး၊ ဖြေရှင်းနိုင်တဲ့အကောင်းဆုံးနည်းလမ်းကို ရှာဖွေတတ်ဖို့ကသာ အရေးကြီးတယ် ဆိုတာကို” ငယ်စဉ်ကတည်းက သင်ထားပေးရပါမယ်။ အခုဆိုရင် ကျွန်မတို့အစိုးရက ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပြီး နိုင်ငံ့သိက္ခာကို ထိခိုက်နေတဲ့ အဂတိ လိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားဖို့ ဆောင်ရွက်နေ တယ်ဆိုတာ အများသိဖြစ်ပါလိမ့်မယ်။ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ ကလေးဘဝကစပြီး လေ့ကျင့်ပျိုးထောင်ပေးဖို့လိုပါတယ်။ နိုင်ငံနှင့်လူမျိုး ဂုဏ်သိက္ခာနှင့် တိုးတက်မှုအတွက်၊ အဂတိလိုက်စားမှု ကင်းစင်ခြင်းရဲ့တန်ဖိုးကို နားလည် စေဖို့ အခြေခံပညာကျောင်းတွေမှာ သင်ကြားဖို့ အရေးကြီးပါတယ်၊ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ဝေါဟာရတွေ၊ စကားလုံးတွေကိုသုံးပြီး အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးများနဲ့ မိမိ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်ပုံများ၊ ရိုးသားတဲ့ အမူအကျင့်များ၊ ကိုယ်ကျိုးနဲ့ အများအကျိုးရဲ့ ဆက်စပ်နေမှုနဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုများကို ဖျော်ဖြေရေးပုံစံနဲ့ ပညာပေးတဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ ဒီအစီ အစဉ်တွေဟာ ကလေးများအတွက် သာမက၊ နိုင်ငံအတွက် အလွန်ကောင်းမွန်နိုင်မှာပါ။ ကလေးတွေ အတွေးအခေါ်မြင့်မားဖို့ လေ့ကျင့်ပျိုးထောင်ရာမှာ ဆရာ၊ ဆရာမများ ကိုယ်တိုင် စာပေဖတ်ရှုလေ့လာသကဲ့သို့ တပည့်တွေ စာပေဝါသနာပါပြီး၊ ဗဟုသုတ ရှာဖွေရယူလိုတဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေဖို့ ပြုစုပျိုးထောင်ပေးကြရပါမယ်။ စာကြည့်တိုက်များကို အသုံးပြုပြီး အသိပညာ၊ အတတ်ပညာများ မိမိကိုယ်တိုင် သင်ယူ တတ်အောင် အလေ့အကျင့်ကောင်းတွေ ဖြစ်ထွန်းအောင် လေ့ကျင့်ပေးကြစေလိုပါတယ်။ စာပေဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စာပေစွမ်းရည်ပြိုင်ပွဲများ ကျင်းပခြင်း၊ စကားရည် လုပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပခြင်း၊ သတင်းစာ၊ ဂျာနယ်၊ စာစောင်များမှ ဖြတ်၊ ညှပ်၊ ကပ်ပြုလုပ်ကာ နံရံကပ်စာစောင်များ အပြိုင်အဆိုင် လုပ်ဆောင်စေခြင်းတို့ဖြင့် တပည့် ကလေးငယ်များ စာပေဝါသနာ ပါလာအောင် ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။ ဗဟုသုတအသိပညာနဲ့ပြည့်ဝတဲ့ နိုင်ငံတော်ရဲ့ သားကောင်း သမီးမွန်များ ဖြစ်လာရုံနဲ့ မလုံလောက်ပါဘူး။ လူငယ်များ စည်းကမ်း နားလည်စောင့်ထိန်း ဖို့လည်း အရေးကြီး ပါတယ်။ “စည်းကမ်းသည် လူ၏တန်ဖိုး” ဆိုတဲ့အတိုင်း နိုင်ငံသားတွေရဲ့ စည်းကမ်းရှိမှုဟာ အဲ့ဒီနိုင်ငံကို တိုးတက်စေသလို ဂုဏ်လည်းတက်စေပါတယ်။ ဒါကြောင့် “အမျိုးသား စည်းကမ်းကို စာသင်ကျောင်းက စစေချင်ပါတယ်”။ လူ့ဘောင်အသိုင်းအဝိုင်းရဲ့ တားမြစ်ချက်တွေ၊ လိုက်နာရမယ့် ဥပဒေတွေကို ဒီ “စည်းကမ်း” ကပဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ စည်းကမ်းဆိုတာ နေရာတိုင်းမှာ လိုက်နာဖို့လိုပါတယ်။ လိုက်နာ တတ်အောင်လည်း လေ့ကျင့် ပျိုးထောင်ပေးရပါမယ်။ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာ ပြည့်သူ့နီတိ ဘာသာရပ်ကို နာမည်အမျိုးမျိုးပေးပြီး သင်ကြားနေကြတာ တွေ့ရပါတယ်။ ကျွန်မတို့နိုင်ငံ မှာလည်း စာရိတ္တနဲ့ ပြည်သူ့နီတိကို ထိရောက်အောင် သင်ကြားပေးခြင်းဖြင့် အလေ့အကျင့် ကောင်းများရအောင် လေ့ကျင့်ပေးရပါမယ်။ အချိန်ကိုလေးစား လိုက်နာခြင်းဆိုတဲ့ စည်းကမ်းက အထူးတန်ဖိုးရှိပါတယ်။ ကျွန်မတို့ရဲ့ကလေးတွေကို အချိန်ကိုလေးစားတဲ့ ယဉ်ကျေးမှု တစ်ခုတော့ ထူထောင်ပေးဖို့ လိုအပ်ပါတယ်။ “အချိန်ကိုလေးစားခြင်း”သည် မိမိဌာနနဲ့ မိမိပတ်ဝန်းကျင်ကို လေးစားခြင်းဖြစ်တယ်ဆိုတာကို လူသားတိုင်း သိရှိရမှာဖြစ် ပါတယ်။ ကျောင်းသား၊ ကျောင်းသူများကိုပါသိရှိအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေဟာ အချိန်ကိုလေးစားတဲ့ အလေ့အကျင့်ဟာ တကယ်တော့ အားနည်းနေပါတယ်။ တစ်ချိန်တည်းမှာ ကျောင်းတွေကနေ လေ့ကျင့်ပေးမယ်ဆို ရိုးရိုးလေးပါ။ စည်းကမ်းထိန်းသိမ်းခြင်းဟာ အမှိုက်မပစ်ဖို့ ကိစ္စပါပဲ။ ဒါဟာ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးအတွက် အရေးကြီးပါတယ်။ လူကြီးတွေ၊ ဆရာ၊ ဆရာမတွေက အမှိုက်တွေ ပစ်နေရင် ကလေးတွေက လိုက်ပစ်မှာပဲ။ ငယ်ငယ်ကတည်းက အလေ့အကျင့်ကောင်းတွေ ကို စွဲသွားအောင်လုပ်မှ ကျွန်မတို့နိုင်ငံအတွက် ကောင်းမှာပါ။ သေးသေးလေးတွေကစပြီး အမှိုက်မပစ်ဖို့၊ အချိန်ကိုလေးစားဖို့၊ ကလေးတွေကို အချိန်လေးစားစေချင်ရင် ဆရာ၊ ဆရာမတွေကလည်း အချိန်ကို လေးစားဖို့လိုပါတယ်။ အသေးအဖွဲလေးဆိုပေမယ့် အင်မတန် အရေးကြီးပါတယ်။ ကျောင်းက ကလေးတွေကို စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးတိုး တက်နေဖို့ လေ့ကျင့်ပျိုးထောင်ပေး ရပါမယ်။ အခြေခံပညာကျောင်းတွေမှာ ငယ်စဉ်ကတည်းက အားကစားကို စိတ်ဝင်စားအောင် လေ့ကျင့်ပေးဖို့လိုပါတယ်။ အသက်အရွယ် အလိုက် အားကစားပြိုင်ပွဲတွေ ကျင်းပပေးဖို့လိုပါတယ်။ ဒီလိုကျန်းမာ ကြံ့ခိုင်တဲ့ ကလေးတွေ မွေးထုတ်ပေးနိုင်ဖို့ဆိုတာ ဆရာ၊ ဆရာမကလည်း ကျန်းမာကြံ့ခိုင်နေဖို့ လိုပါတယ်။ အချို့က “အားကစား” ဆိုရင် ယောကျာ်းလေးတွေနဲ့သာ သက်ဆိုင်တယ် ထင်နေကြတုန်း ပါပဲ။ ‘ကျား’ဖြစ်ဖြစ် ‘မ’ဖြစ်ဖြစ် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ဖို့ လိုပါတယ်။ အခုဆိုရင် ကျွန်မတို့ မိန်းကလေးတွေဟာ အားကစားမှာပိုပြီး ထွန်းပေါက်လာတာ ကိုတွေ့ရပါတယ်။ ဒါ့ကြောင့် “အားကစား ဆရာ၊ ဆရာမ” တွေကိုလည်း အခြေခံပညာကျောင်းတွေမှာ ဖြည့်တင်းပေးရပါမယ်။ အားကစားလုပ်ခြင်းဖြင့် ကိုယ်ကာယကျန်းမာမှုအတွက် ကောင်းမွန် စေသည်သာမက၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ခြင်း ကိုလည်း လေ့ကျင့် ပေးရာ ရောက်ပါတယ်။ ပညာရေးမှာ ဆရာမတွေသာမက ဆရာတွေ များလာအောင်လည်း ဆောင်ရွက်ဖို့ အတွက် မူဝါဒတွေချမှတ်ဆောင်ရွက်ဖို့လိုပါတယ်။ ဆရာမတွေဟာ ဆရာတွေ ထက်စာရင် ၉၀ ရာခိုင်နှုန်းဖြစ်နေ ပါတယ်။ ပညာရေး ဘက်မှာ အမျိုးသားတွေပါဝင်ခြင်းဟာ အရေးကြီးပါတယ်။ ပညာရေးဟာ လူတိုင်းနဲ့ဆိုင်တယ်။ ပညာပေးရတဲ့အလုပ်ဟာ အင်မတန်မှ မွန်မြတ်ပါတယ်။ အမျိုးသမီးတွေသာ လုပ်ရတာ မဟုတ်ပဲ အမျိုးသားတွေပါ လုပ်သင့်ပါတယ်ဆိုတာကို ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ ကလေးတွေ ဘက်စုံဖွံ့ဖြိုးစေဖို့အတွက် ကာယပညာသင်ကြားရေး အပြင် အနုပညာနဲ့ ပတ်သက်လို့ ပန်းချီ၊ ဂီတ စတဲ့ ရသပညာရေး ကိုလည်း လေ့ကျင့် သင်ကြား ပေးဖို့လိုပါတယ်။ “အနုပညာ”ဟာ လူတစ်ဦးရဲ့ငြိမ်းချမ်းခြင်းကို အထောက်အကူ ဖြစ်စေပါ တယ်။ ပတ်ဝန်းကျင်အလှကိုလည်း မြင်တတ်စေပါတယ်၊ ဝါသနာရှင်များ အကြား နားလည်မှု၊ ခင်မင်ရင်းနှီးမှုတွေ တိုးတက်စေမယ့် အခွင့်အရေးတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ အခုဆိုရင် ကျွန်မတို့နိုင်ငံကို စစ်မှန်တဲ့ “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု” ဖြစ်အောင် ထူထောင်နေတဲ့ အချိန်ဖြစ်လို့ ငြိမ်းချမ်းရေးဟာ အလွန်အရေးကြီး ပါတယ်။ များသောအားဖြင့် ပတ်ဝန်းကျင်ရဲ့ ငြိမ်းချမ်းရေးကို တန်ဖိုးမထားသူတွေဟာ ကိုယ့်ကိုယ် ကို ငြိမ်းချမ်းအောင် တည်ဆောက်ရာမှာ အားနည်းသူတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘဝ၊ ဆရာ၊ ဆရာမတွေ ငြိမ်းချမ်းစွာ ပညာရယူ၊ မျှဝေနိုင်မယ့် ပတ်ဝန်းကျင် တည်ဆောက်ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးကို မြတ်နိုးအောင် အားပေးနိုင်ပါတယ်။ အထူးသဖြင့် ဝေးလံခေါင်ဖျားမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမများရဲ့ ဘဝတွေကို နားလည်ဖို့လိုပါတယ်။ သူတို့ရဲ့ ခံစားချက်ကိုသိမှ ဘာတွေကိုပံ့ပိုးရမလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေ ဘဝလုံခြုံမှ သူတို့ပြုစု ပျိုးထောင်ပေးနေတဲ့ ကလေးတွေ လည်း ငြိမ်းချမ်းစွာနဲ့ ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ မြေပြန့်၊ တောင်ပေါ်မခွဲခြားပဲ ပညာသင်ယူမှု အခွင့်အလမ်းတွေ တန်းတူရအောင် ဖန်တီးပေးရပါမယ်။ ဆရာ ဆရာမတွေအနေနဲ့ ပိုပြီးတော့ ခက်ခဲတဲ့နေရာတွေမှာ သွားပြီးတော့ တာဝန်ထမ်းဆောင် မယ်ဆိုတာကို စိန်ခေါ်မှု တစ်ခုအနေနဲ့ မြင်စေချင်ပါတယ်။ နိုင်ငံအတွက် ထိထိရောက်ရောက်တာဝန်ထမ်းဆောင်လို့ ရမယ့် အခွင့်အရေးတစ်ခုဆိုပြီး မြင်စေချင်ပါတယ်။ ဒီလိုစွန့်စားတဲ့ စိတ်ဓာတ်တွေကို အထူးသဖြင့် ငယ်ရွယ်တဲ့ ဆရာ ဆရာမတွေမှာ ရှိစေချင်ပါတယ်။ ခက်ခဲတဲ့နေရာတွေမှာ ပညာသင်ကြားပေးရတာ ပိုပြီးတန်ဖိုးရှိတယ်ဆိုတဲ့ စိတ်ဓာတ်တွေမွေးမြူပါလို့ ကျွန်မ အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ ဆရာသည် ကလေးများကို ကျောင်းသင်ဘာသာရပ်များကိုသာ သင်ပေးခြင်းနဲ့မလုံ လောက်ပါဘူး။ ဘေးကင်းလုံခြုံစွာ နေထိုင်တတ်ဖို့လည်း သင်ကြားပေးရပါတယ်။ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲပြီး လမ်းမှားကို မရောက်ဖို့ အခြေခံပညာကျောင်းတွေမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ လုပ်ပေးစေချင်ပါတယ်။ ယခုနည်းပညာ အရှိန်အဟုန် တိုးတက် နေတဲ့ ခေတ်ကြီးမှာ၊ နည်းပညာသစ်တွေရဲ့ အကောင်း၊ အဆိုးအကျိုးနှစ်သွယ်လုံး ကလေးများသိအောင် လုပ်ပေးဖို့လည်း လိုပါတယ်။ ဒီလိုလုပ်ငန်း တွေမှာ ဆရာတွေနဲ့မိဘတွေ ပူးပေါင်းဆောင်ရွက်ဖို့ အထူးအရေးကြီးပါတယ်။ စာသင်ခန်း ထဲမှာပဲ သင်ပေးလို့ မလုံလောက်တော့ပါဘူး။ မိဘတွေကပါ ၀ိုင်းဝန်းပြီးကူညီမှ ၀ိုင်းဝန်း ပြီးတော့ ပူးပေါင်းဆောင်ရွက်မှ မူးယစ်ဆေးဝါးပြဿနာ၊ နောက်ပြီးတော့ လက်ကိုင်ဖုန်းတွေ က၀င်လာတဲ့ အချက်အလက်တွေအမျိုးမျိုးပေါ့၊ လူငယ်တွေနဲ့ သင့်တော်တာတွေပါမယ်၊ မသင့်တော် တာတွေလည်းပါတယ်။ ဒါတွေဟာတစ်ချိန်လုံးဝင်နေတာပဲ။ ကိုယ့်ကလေးတွေ မှန်ကန်တဲ့ လမ်းရောက်အောင်လို့ သူတို့ ဘာတွေမြင်နေရလဲ၊ တွေ့နေကြလဲ၊ ဘာတွေကို ဖတ်နေကြလဲ၊ ဘာတွေကိုကြားနေကြလဲဆိုတာကို မိဘဆရာတွေက သိမှသာလျှင် ကလေးတွေကို ကူညီပြီးတော့ ဘယ်ဟာကိုပယ်သင့်တယ်၊ ဘယ်ဟာကိုတော့ လက်ခံ သင့်တယ်ဆိုတာကို သင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ လူငယ်တွေကို အနာဂါတ်မှာ နိုင်ငံ့တာဝန်များ ကျေပွန်စွာ ထမ်းဆောင် နိုင်တဲ့ လူသားကောင်းတွေဖြစ်ဖို့၊ လေ့ကျင့်မွေးထုတ် ပေးရမယ့် သမိုင်းပေး တာဝန်ရှိပါ တယ်။ တစ်ကမ္ဘာလုံးရဲ့ လိုအပ်ချက်၊ ကျွန်မတို့မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ အသက်မွေး ဝမ်းကျောင်းပညာကို အားပေးဖို့ လည်းလိုပါတယ်။ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက် သွားတဲ့ ကလေးတွေထဲမှာ တက္ကသိုလ်ပညာ ဆက်သင်တဲ့ ကလေးတွေရှိသလို၊ အသက်မွေးဝမ်းကျောင်း ပညာဘက်ကိုလိုက်တဲ့ ကလေးတွေရှိဖို့ အလွန်အရေးကြီး ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာဆိုတာ ဒုတိယတန်းစား ပညာမဟုတ်ပါဘူး၊ သင်ယူသူ တွေအတွက်သာမက ၊ နိုင်ငံ့အတွက် ၊ ကမ္ဘာ့အတွက် တန်ဖိုးရှိလှ တာကြောင့် ယခုခေတ်ရဲ့ လိုအပ်ချက်နဲ့အညီ၊ သက်မွေးပညာရေးကို မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။
၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ လာမယ့်တစ်ဆယ့်ငါးနှစ် ကာလအတွင်း ကြိုးပမ်းဆောင်ရွက်ကြရမယ့် ကမ္ဘာ့ဖွံ့ဖြိုးမှု လမ်းညွှန်အဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များရဲ့ ပန်းတိုင်(၄) ဖြစ်တဲ့ လူသားအားလုံး အကျုံးဝင်ကာ ညီညွတ်မျှတပြီး အရည်အသွေးရှိတဲ့ ပညာသင်ယူနိုင်ရေးနှင့် ဘဝတစ်လျှောက် အစဉ်လေ့လာသင်ယူ နိုင်သော အခွင့်အလမ်းရရှိရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်စေတနာ အပြည့်အဝဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မသန်စွမ်း ကလေးများနဲ့ အထူးလိုအပ်ချက်ရှိတဲ့ ကလေးများ အပါအဝင်၊ ကလေးတိုင်းသာတူညီမျှ အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေဟာ ကျောင်းအတွင်းမှာ ရောက်လာတဲ့ကလေးမှ ငါတို့နဲ့ ဆိုင်တယ်လို့ သဘောမထားစေချင်ပါဘူး။ ကျောင်းပြင်ပ ရောက်နေတဲ့ ကလေးများ သင်ယူမှု အခွင့်အလမ်းတွေရအောင် လည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျောင်းနေ အရွယ်ကလေးများ ပညာသင်ယူဖို့ အခွင့်အရေးရအောင် ဆရာ၊ ဆရာမတွေနဲ့ မိဘတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။ ဆရာ၊ ဆရာမ စိတ်ဓာတ်နဲ့ဆိုရင် ကျောင်းတက်တဲ့အချိန်မှာ ကျောင်းမတက်ပဲ ဆော့နေတဲ့ ကလေးတွေမြင်လို့ရှိရင် သွားပြီး တော့မေးစေချင်တယ်။ ကျောင်းမတက်ဘူးလား၊ဘာဖြစ်လို့ ကျောင်းမတက်တာလဲ၊ ကျောင်းမတက်နိုင်လို့လား၊ ကျောင်းပြေးနေ တာလား၊ စိတ်ဝင်စားမှုရှိစေချင်တယ်။ လမ်းဘေးမှာ ကလေးတွေရောက်နေ တယ်ဆိုတာ မကောင်းပါဘူး။ လမ်းဘေးကကလေး တွေကျောင်း စာသင်ခန်းထဲ ရောက်ဖို့အတွက် ကျွန်မတို့အားလုံး ၀ိုင်းဝန်းကြိုးပမ်းစေလိုပါတယ်။ ယခင်တုန်းကတော့ “ကျောင်းဆိုတာ တိတ်ဆိတ်ငြိမ်သက်စွာ သင်ယူတဲ့နေရာလိုမျိုး ဖန်တီးနိုင်တာကို ဂုဏ်ယူခဲ့ကြတာကို” ကြားဖူးပါတယ်။ တကယ်တော့ ကျောင်းဆိုတာ စာသင်ခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ လက်ပိုက်ပြီး ဆရာပြောသမျှ နားထောင်တဲ့ အစဉ်အလာကိုတော့ အားမပေးသင့်ပါဘူး။ ဒီလိုပြောခြင်းအားဖြင့် နားထောင်ရမယ့် အချိန်မှာ နားမထောင်ရ ဘူးလို့ပြောလိုခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချိန်လုံး ဆရာကပဲ ပြောမယ်။ ကျောင်းသားတွေက နှုတ်ဆိတ်ပြီး နားထောင်ရမယ်၊ မေးခွန်းလည်းမထုတ်ရဘူး၊ ဆရာ ဆရာမပြောတာ အကုန်မှန် ၏ဆိုပြီး အဲသလိုသင်ယူတဲ့စနစ်မျိုးနဲ့က ကျွန်မတို့ အခုခေတ်နဲ့ မှီအောင်လိုက်နိုင်မှာမဟုတ်ပါဘူး။ ကျောင်းသား၊ ကျောင်းသူတွေ လွတ်လပ် ပေါ့ပါး စိတ်ဝင် စားစွာနဲ့ သင်ယူနိုင်ဖို့လိုပါတယ်။ စာတစ်ခုတည်းမဟုတ်ဘဲ အားကစား၊ ဂီတ၊ အနုပညာ၊ စိုက်ပျိုးရေးစတာတွေကိုပါ ပီပီပြင်ပြင် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပေးကြရမှာပါ။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ကလေးတွေကို ပြောရဲ၊ ဆိုရဲ၊ သွက်လက် ထက်မြက်နေတဲ့ ကလေးတွေဖြစ်အောင် ဆရာ၊ ဆရာမတွေက လေ့ကျင့်ပေးရပါမယ်။ “ဒီမိုကရေစီအစ စာသင်ကျောင်းက” ဆိုတဲ့အတိုင်း ကျောင်းတွင်းမှစပြီး ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရှင် သန်စေမယ့် အမူအကျင့်တွေ သင်ကြားပေးရမှာပါ။ ကလေးများ နားလည်နိုင်မယ့်၊ စိတ်ဝင်စားမယ့် နည်းတွေသုံးပြီး မိမိတို့ တစ်သက်တာအတွက်၊ နိုင်ငံ့အနာဂတ်အတွက်၊ အကျိုးဖြစ်စေမယ့် အတွေးအခေါ်များကို သင်ကြားပေးစေချင်ပါတယ်။ ကြုံတုန်းပြောရမယ်ဆို ကျွန်မ မကြာခင်လတွေတုန်းက တွေ့ခဲ့တဲ့ကလေးတွေကို ကျွန်မအားရပါတယ်။ မူလတန်း ကလေးတွေရော၊ အထက်တန်းကလေးတွေရော ပြောရဲဆိုရဲ ရဲရဲဝံ့ဝံ့ရှိကြတယ်။ မေးလို့ရှိရင် ဖြေတယ်။ သူတို့စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောတယ်။ နည်းနည်းရှက်တာတော့ ရှိပေမယ့် ရှက်တာနဲ့ ကြောက်တာမတူဘူး။ ကလေးတွေဆိုတော့ ရှက်တာကတော့ သဘာဝ ကျပါတယ်။ နောက်ပြီးသူတို့ တတ်တဲ့ပညာကိုသူတို့ ဂုဏ်ယူတယ်။ နည်းနည်းပဲ တတ်တဲ့ ပညာကိုတောင် အများကြီးဂုဏ်ယူတယ်။ ဒါကြောင့်မို့လို့ ကျောင်းဆရာ ဆရာမများရဲ့ အလုပ်ဟာ အင်မတန် မွန်မြတ်ပါတယ်ဆိုတာကို လူတိုင်းလူတိုင်းကို မိမိကိုယ်ကို တန်ဖိုးထားတတ်အောင်၊ ဂုဏ်ယူတတ်အောင်လို့ သင်ပေးတာဟာ တကယ့် ဆရာ ဆရာမ များရဲ့ အကြီးမားဆုံး စွမ်းဆောင်မှု ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ကလေးတွေကို ထက်ထက်မြက်မြက်၊ ရဲရဲတင်းတင်းနဲ့ ဘ၀ကို ရင်ဆိုင်နိုင်အောင်လို့ ကူညီပေးကြပါ။ မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးစနစ် ပြောင်းလဲရာမှာ ကလေးများအနေနဲ့ တီထွင် ဖန်တီးခြင်းနဲ့ ဆန်းစစ်ဝေဖန် ပိုင်းခြားခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများနဲ့ ကျင့်ဝတ်များရရှိကာ မိမိဘဝအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရွေးချယ်လုပ်ကိုင်နိုင်တဲ့ အရည်အချင်းများနဲ့ ပြည့်စုံအောင် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုနိုင်သည့် ပညာရေးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ “အရည်အသွေးရှိတဲ့ပညာရေး” ရရှိဖို့အတွက် ကလေးများဟာ ကျန်းမာသန်စွမ်းနေဖို့ လိုပါတယ်။ ကျန်းမာသန်စွမ်းမှ သင်ယူလိုတဲ့ အကြောင်းအရာများကို စိတ်အားထက်သန်စွာ သင်ယူနိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတွေမှာ အာဟာရပြည့်ဝအောင်၊ ကျန်းမာ သန်စွမ်းအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကိုလည်း လမ်းညွှန်သင်ကြားပေးကြရပါမယ်။ ကျွန်မ ကျောင်းသားမိဘတွေကို မေးတဲ့အခါမှာ အထူးသဖြင့် ရွာကလေးတွေ၊ မြို့ကလေး တွေမှာ မေးလို့ရှိရင် ပညာရေးကို အမြဲတမ်းကျန်းမာရေးရဲ့ရှေ့မှာထားပြီး ပြောပါတယ်။ အဲဒါကို ကျွန်မ စိတ်ဝင်စားပါတယ်။ မိဘများဟာ သားသမီးများရဲ့ အနာဂါတ်ကို ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့ ကြည့်ပြီး ပညာသိပ်တတ်စေချင်တယ်။ ဒါကြောင့် ကျွန်မအမြဲတမ်း သတိပေးရတယ်။ ပညာတတ်ပြီး မကျန်းမာရင် ဘ၀မှာ ရပ်တည်ဖို့မလွယ်ကူဘူး။ ဒါကြောင့် ကျန်းမာရေးနဲ့ ပညာရေးက တန်းတူတန်ဖိုးရှိတယ်ဆိုတာကို အတန်းထဲမှာ ဆရာ၊ ဆရာမများဟာ သင်ကြားရမယ်။ မိဘများကလည်း နားလည်ဖို့ လိုပါတယ်။ ကျန်းမာရေး ပညာပေးတယ် ဆိုတာကလည်း တစ်သက်တာ ပိုပြီးခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ပညာရေးလုပ်ငန်းရဲ့ သော့ချက်အကျဆုံးနေရာမှာ ရှိနေသူများက “ဆရာ” များဖြစ်ပါ တယ်။ ဆရာတွေဆိုတာ “ပညာပြည့်ဝနှလုံးလှ” ဖို့လိုပါတယ်။ “ပညာ” ဆိုတာ လက်ဆင့် ကမ်းတဲ့ အရာဖြစ်ပါတယ်။ လက်ဆင့်ကမ်းရာမှာ ဦးနှောက်နဲ့ရော၊ နှလုံးသားနဲ့ပါ လက်ဆင့် ကမ်းဖို့လိုပါတယ်။ ကိုယ့်ရဲ့ပညာအရည်အသွေးကို ပြည့်ဝအောင် တစ်သက်တာ သင်ယူ ကြိုးစားပြီး ကိုယ့်ရဲ့တပည့်တွေကို ကိုယ့်ထက်သာတဲ့သူတွေဖြစ်အောင် လုပ်နိုင်စွမ်းရှိစေ ချင်ပါတယ်။ ဆရာစားမချန်ပါနဲ့။ တကယ်သိက္ခာရှိတဲ့၊ ဂုဏ်ရှိတဲ့ဆရာတွေဆိုတာ မိမိတို့ ထက်ပိုတော်တဲ့ တပည့်တွေကို မွေးထုတ်နိုင်တဲ့ ဆရာဆရာမတွေပဲ ဖြစ်ပါတယ်။ ပညာရေး စီမံခန့်ခွဲသူတွေနဲ့ ဆရာ၊ ဆရာမတွေဟာ ဦးဆောင်လမ်းပြနိုင်မှု အရည်အသွေး၊ စီမံခန့်ခွဲမှု အရည်အသွေး ပြည့်ဝနေဖို့လည်း အစဉ်ကြိုးစားစေချင်ပါတယ်။ စီမံခန့်ခွဲတဲ့ နေရာမှာ မျှတမှုရှိ စေချင်ပါတယ်။ “အဂတိ” တရားကင်းရှင်းရပါမယ်။ ပညာရေးမှာ ထူးချွန်ပြီးတော်တဲ့သူတွေကို “နေရာမှန်၊ လူမှန်” နေရာပေးမှုရှိသလို၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့သူတွေဖြစ်ဖို့လည်း လိုပါတယ်။ ဒါဟာအစိုးရမှာလည်း တာဝန်ရှိပါတယ်။ အစိုးရက ပညာရေးဌာနကို စီမံခန့်ခွဲတဲ့နေရာမှာ မျှတမှုရှိဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ ပညာရေးမှာ မျှတမှုကို အတန်းထဲမှာကတည်းက ဆရာ ဆရာမတွေက သင်ပေးရမှာပါ။ ဘယ်သူ့ကိုမျက်နှာလိုက်တယ်၊ ဘယ်သူ့ကို မျက်နှာမလိုက်ဘူး၊ ဘယ်သူ့သားသမီးဖြစ်လို့ ဆိုတာမျိုးမရှိသင့်ပါဘူး။ နောက်ပြီးတော့ ဆရာ ဆရာမတွေက စာတော်တဲ့ တပည့်တွေကို မျက်နှာ လိုက်ပါတယ်။ ဒါလည်း တစ်နည်းအားဖြင့် သဘာဝကျပါတယ်။ ဒါပေမယ့် ကျမ အမြင်မှာတော့ စာမတော်တဲ့ ကလေးတွေကို ပိုပြီးတော့ ဂရုစိုက်ရမှာပါ။ ဘာဖြစ်လို့ မတော်တာလဲ၊ သူတို့မှာ ဘာပြဿနာရှိလို့လဲ၊ ကျောင်းစာကို ဘာကြောင့် ကောင်းကောင်း စိတ်မ၀င်စားတာလဲ၊ ဘာဖြစ်လို့ စာမလိုက်နိုင် တာလဲ၊ ဘယ်လိုဒီဟာတွေကို ကူညီ ပေးနိုင်မလဲဆိုတာတွေ၊ ကျောင်းသား တွေရဲ့ အားနည်းချက်တွေကို ဘယ်လိုဖြည့်ဆည်း ပေးနိုင်မလဲ ဆိုတာကို လုပ်မယ်ဆိုတာ ဆရာ၊ ဆရာမများရဲ့ အင်မတန်မှ အရေးကြီးတဲ့ တာဝန် ဖြစ်ပါတယ်။ တော်တဲ့ကလေး တွေကိုလည်း ပိုတော်လာအောင် ပြုစုပျိုးထောင် ပေးနိုင်ရမယ်။ နောက်မှာ ကျန်နေတဲ့ ကလေးတွေကိုလည်း လက်တွဲပြီး ခေါ်လာနိုင်ရမယ် ဆိုတာ ဆရာ၊ ဆရာမကောင်းများရဲ့ တာဝန်လို့ မှတ်ယူစေချင်ပါတယ်။ ပညာရေးသည် ဆင်းရဲနွမ်းပါးမှုကို လျှော့ချ၍ သာတူညီမျှရှိစေခြင်း၊ မိသားစုဝင်ငွေ မြင့်မားလာစေခြင်း၊ တစ်ဦးချင်းစီနှင့် မိသားစု ကျန်းမာရေး မြှင့်တင်ပေးနိုင်ခြင်း၊ ငြိမ်းချမ်းရေး ကို ရေရှည်တည်တံ့ ခိုင်မြဲစေခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးခိုင်မာစေခြင်းစတဲ့ များစွာသော အကျိုးများနဲ့ သက်ဆိုင်ပါတယ်။ ယခုကျင်းပ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲမှ ဆွေးနွေးချက်တွေဟာ နိုင်ငံရဲ့အနာဂတ်အတွက် ထိရောက်စွာ အကျိုးဆောင်နိုင်မယ့် အခြေခံပညာကဏ္ဍ ပညာရေးစနစ် ပေါ်ပေါက်ခိုင်မာ လာစေနိုင်မယ် လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ထုံးတမ်းစဉ်လာအရ လူကြီးတွေက လူငယ်တွေကို ဆုပေးတဲ့အခါမှာ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးပါစေလို့ ယေဘုယျအားဖြင့် ပြောကြပါတယ်။ ပညာပေးတယ်ဆိုတာ ဒီဟာတွေ ကိုယ့်ကိုကိုယ် ဖြစ်အောင် လုပ်နိုင်ဖို့ပဲ၊ ဒီဆုတွေကို ကိုယ့်ကိုကိုယ် ဖြည့်နိုင်တဲ့အရည်အချင်းတွေ ပေးဖို့ပဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ကျန်းမာအောင်နေတတ်ဖို့ ပညာလိုတယ်။ ကိုယ့်ကိုကိုယ်ချမ်းသာအောင် နေတတ်ဖို့၊ ချမ်းသာအောင်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော၊ ချမ်းသာအောင် နေတတ်ဖို့ဆိုတာ ပညာလိုတယ်။ ဘေးအန္တရာယ် ကင်းဝေးအောင် နေတတ်ဖို့ ဆိုတာလည်း ပညာလိုတယ်။ ကျွန်မတို့ ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲလို့ ရိုးရိုးလေးပြောလို့ရှိရင် ကျွန်မတို့ တစ်တွေရဲ့ ကလေးများ၊ သားသမီးများကို နေ့စဉ်နှင့်အမျှပေးနေတဲ့ ဆုတွေကို ကလေးသူငယ်တွေ မိမိတို့ကိုယ်တိုင် ဘ၀ တစ်လျောက်မှာ ဖြည့်ဆည်းပေးသွားနိုင်ဖို့ ကျန်းမာအောင်၊ ချမ်းသာအောင်၊ ဘေးအန္တရာယ် ကင်းဝေးအောင် နေတတ်ဖို့ ပဲဖြစ်တယ်လို့ ပြောရင်းနိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ် ဟု ပြောကြားသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ဒုတိယ၀န်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများနှင့် လည်းကောင်း၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ တို့မှ အဖွဲ့ဝင်များနှင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် အဆင့်မြင့်ပညာဦးစီးဌာန (ဆရာအတတ်သင်) သင်ထောက်ကူပြခန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနပြခန်း၊ အခြေခံပညာဦးစီးဌာန ICT ပြခန်း၊ တိုင်းရင်းသားဘာသာ စာပေ သင်ကြား၊ သင်ယူမှုပြခန်း၊ နေပြည်တော်ပညာရေးမှူးရုံး သိပ္ပံပစ္စည်းကိရိယာ ပြခန်း၊ ဇီဝဗေဒသင်ထောက်ကူပြခန်း၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး သိပ္ပံ ပြခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဇီဝဗေဒ၊ ဓာတုဗေဒ သင်ထောက်ကူ ပြခန်းတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
No comments:
Post a Comment